• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သမ္မာကျမ်းစာထဲကအရက်ဆိုင်ရာမူရင်းစကားလုံးများ

ဆရာရဲမင်း

3 月 10, 2025

သမ္မာကျမ်းစာထဲကအရက်ဆိုင်ရာမူရင်းစကားလုံးများ

အရက်ကိုမြန်မာလိုဝိုင်-ဘီယာ-အရက်ဖြူ-နဲ့အခြားအမည်…ဆိုပြီးမတူညီတဲ့အ‌ခေါ်ဝေါ်ရှိသလို၊ကျမ်းစာမူရင်း(ဟေဘရူး၊ဂရိ)စကားလုံးမှာလည်းမတူညီတဲ့အသုံးအနူန်းလေးတွေရှိတာတွေ့ရပါတယ်။ဒါတွေလေ့လာထားရင်ကျမ်းစာကိုပိုပြီးနားလည်လွယ်လာမှာဖြစ်ပါတယ်။လေ့လာလို့လွယ်အောင်မူရင်းကုဒ်ပါထည့်ထားပေးပါတယ်။

၁။Chemer(חֶמֶר)ဟေဘရူးမူရင်းကုဒ် H2560-61
အချဉ်မဖောက်ပြီးသေးသောစပျစ်ရည်ကိုဆိုလိုပါတယ်။အရက်ဆိုတာထက် “အမြုပ်ထွက်နေသော-ဆူပွတ်နေသော”အရာကိုဆိုလိုပါတယ်။H2561မှာ”လှပ‌သော”လို့လည်းသက်ရောက်ပါတယ်။တရားဟောရာ၃၂:၁၄နဲ့ဟေရှာ၂၇:၂၊ထွက်၂:၃၊မြည်တမ်း၁:၂၀-၂၀:၂-၂:၁၁၊ဟဗကုတ်၃:၁၅မှာတွေ့ရပါမယ်။

၂။Chamar(חֲמַר)ဟေဘရူးမူရင်းကုဒ် H2562
အပေါ်ကဟာနဲ့နီးစပ်တဲ့အဓိပ္ပာယ်ပါဘဲ။မတူတာကအရက်ပါတဲ့စပျစ်ရည်မှာလဲသုံးတာပါ။ဧဇရ၆:၉,၇:၂၂၊ဒံယေလ၅:၁,၅:၂,၅:၄,၅:၂၃မှာတွေ့ရပါမယ်။

၃။Mezeg(מֶזֶג)ဟေဘရူးမူရင်းကုဒ် H4197
ရေနဲ့စပျစ်ဝိုင်ရောထားတဲ့အရာကို‌ဆိုလိုပါတယ်။ဒေသနာကျမ်း၇:၂မှာတွေ့ရမှာဖြစ်ပါတယ်။

၄။Mimsak(מִמְסָךְ)ဟေဘရူးမူရင်းကုဒ် H4469
အခြားအရာနဲ့ရောနောထားတဲ့စပျစ်ရည်ကိုဆိုလိုပါတယ်။အရက်အနည်းငယ်ပါဝင်နိုင်ပါတယ်။သုတ္တံ၂၃:၃၀နဲ့ဟေရှာ၆၅:၁၁မှာတွေ့ရပါမယ်။

၅။Mesek(מֶסֶךְ)ဟေဘရူးမူရင်းကုဒ် H4538
ရောနောထားတဲ့အရည်လို့သက်ရောက်ပါတယ်။စပျစ်ရည်နဲ့တခြားအရာကိုရောထားတဲ့သဘောပါ။ဆာလံ75:8-9မှာတွေ့ရပါမယ်။

၆။Nesek(נֶסֶךְ)ဟေဘရူးမူရင်းကုဒ် H5262
အရက်လို့တိုက်ရိုက်မသက်ရောက်ပေမဲ့၊အရက်ကိုလည်းသုံးပါတယ်။ယဇ်ပူဇော်ရသောစပျစ်ရည်ကိုဆိုလိုသလို၊ရုပ်တု‌ ကိုထုလုပ်ခြင်းကိုလည်းရည်ညွန်းပါတယ်။ဓမ္မဟောင်းမှာ(64)နေရာလောက်တွေ့ရပါတယ်။ဥပမာ ဧဇရ၄၅:၁၇၊ယေရမိ၅၁:၁၇။

၇။Shener(שֶׁמֶר)ဟေဘရူးမူရင်းကုဒ် H8105
အနည်ထိုင်တဲ့အရာကို‌ဆိုလိုပါတယ်။တချို့ကျမ်းချက် တွေမှာအနည်ထိုင်ကျန်ခဲ့တဲ့စပျစ်ဝိုင်ကိုဆိုလိုပါတယ်။ဟေရှာ၂၅:၆၊ယေရမိ၄၈:၁၁၊ဇေဖနိ၁:၁၂။

၈။Yayin(יין)ဟေဘရူးမူရင်းကုဒ် H3196
အရက်မပါတဲ့စပျစ်ရည်ကိုဆိုလို့ရသလို(ဟေရှာ၁၆:၁၀၊ယေရမိ၄၈:၃၃)၊အရက်ပါတဲ့စပျစ်ရည်ကိုလည်းရည်ညွန်းထားပါတယ်(ဥပမာသုတ္တံ၂၃:၂၉-၃၅၊နေဟမိ၅:၁၈)။ဓမ္မဟောင်းကျမ်းမှာဒီစကားလုံးကို(၁၄၁)ကြိမ်လောက်‌တွေ့ရပါတယ်။

၉။Tirosh(תירוש)ဟေဘရူးမူရင်းကုဒ် H8492
အရက်လုံးဝမပါတဲ့အချိုရည်သီးသန့်ပါ။အချဥ်မဖောက်ရသေး‌တဲ့စပျစ်ရည်ကိုဆိုလိုပါတယ်။သမ္မာဟောင်းကျမ်းမှာ အမြဲပြောတဲ့”စ​ပါး၊စ​ပျစ်​ရည်၊ဆီ”ထဲကစပျစ်ရည်ကိုပြောတာပါ။အထူးသဖြင့်ဣသရေလလူမျိုးတွေရဲ့ဆယ်ဖို့တစ်ဖို့မှာဒီစပျစ်ရည်ကိုထည့်ဝင်ဆက်သရပါတယ်။(ဥပမာ-ကမ္ဘာ၂၇:၂၈၊တရားဟောရာ၁၂:၁၇)။
ဒီစကားလုံးကိုကျမ်းဟောင်းမှာ(၃၈)ကြိမ်လောက်တွေ့ရှိရပါတယ်။

၁၀။Shekar(שכר)ဟေဘရူးမူရင်းကုဒ် H7941
အရက်ပါဝင်မှုများတဲ့သေရေသေရက်ကိုဆိုလိုပါတယ်။ကျမ်းဟောင်းမှာ(၂၃)ကြိမ်လောက်ဖော်ပြထားပါတယ်။(ဥပမာ-၁ရာ၁:၁၅၊တောလည်ရာ၆:၃)။စပျစ်ရည်ကိုအချဉ်ဖောက်ပြီးဖြစ်လာတဲ့အရက်ကိုဆိုလိုပါတယ်။Yayinနဲ့တူညီတာကနှစ်ခုလုံးအရက်ပါဝင်ကြတယ်၊မတူတာကYayinကအရက်မပါတာကိုလည်းရည်ညွန်းသလိုအရက်ပါဝင်ရင်လဲပျော့တယ်။Shekarကအရက်ပါဝင်မှုများမယ်၊မူးလွယ်တယ်။

၁၁။Oinos(οίνος) ဂရိမူရင်းကုဒ် G3631
အရက်လုံးဝမပါတဲ့စပျစ်ရည်ကိုရည်ညွန်းသလို၊အရက်ပါတဲ့စပျစ်ရည်ကိုလည်းရည်ညွန်းပါတယ်(ဧဖက်၅:၁၈၊၁တိ၃:၈)။သခင်ယေရှုခရစ်ရဲ့ကာနမင်္ဂလာဆောင်မှာပြုတဲ့ရေကိုစပျစ်ရည်ပြောင်းခြင်းမှာကျမ်းစာရေးသူကဒီဂရိစကားလုံးသုံးထားတာဖြစ်ပါတယ်(ယောဟန်၂:၃-၁၀)။ဒါကြောင့်အဲဒီမင်္ဂလာဆောင်မှာသုံးခဲ့တဲ့စပျစ်ရည်ဟာအရက်ပါတဲ့ဝိုင်လား?အရက်မပါတဲ့ဖျော်ရည်လားဆိုတာခုထိငြင်းခုံမှုရှိနေစဲပါ။

၁၂။Gleukos(γλευκος) ဂရိမူရင်းကုဒ် G1098
အရက်ပါဝင်တဲ့စပျစ်ရည်ဝိုင်အချိုကိုဆိုလိုပါတယ်။(တမန်၂:၁၃၊၃၂:၁၉)

၁၃။Sikera(σίκερα) ဂရိမူရင်းကုဒ် G4608
သေရေသေရက်ကိုဆိုလိုပါတယ်။ဟေဘရူးဘာသာစကားထဲကShekar(שכר)ရဲ့အသံထွက်ကိုဂရိလိုတိုက်ရိုက်ယူသုံးထားတာပါ။(လုကာ၁:၁၅)

၁၄။Oxos(όξος)ဂရိမူရင်းကုဒ် G3690
ပုံးရည်(သို့မဟုတ်)ဝိုင်ချဉ် ကိုဆိုလိုပါတယ်။စပျစ်ရည်နဲ့အချဥ်ဖောက်ပြီးရလာတဲ့အရည်ပါ၊အရက်အနည်းငယ်ပါဝင်ပါတယ်။ယေရှုကားတိုင်ပေါ်တင်ခံရချိန်ကစစ်သားတိုက်တဲ့အရာပါ(မဿဲ၂၇:၄၈)။

၁၅။Methe(μέθη)ဂရိမူရင်းကုဒ် G3178
ဒီစကားလုံးကမူးယစ်စေနိုင်တဲ့သေရေသေရက်ကိုဆိုလိုပါတယ်။စပျစ်ရည်ဆိုတာထက်မူးယစ်ခြင်းကို‌ဆိုလိုပါတယ်(ဂလာတိ၅:၂၁)။

အရက်ကို‌ဆိုလိုတဲ့မူရင်းစကားလုံးကို လေ့လာထားမိသလောက်ချပြတာပါ။ဆရာကြီးတော့မဟုတ်ပါဘူး၊ကျနော်လည်းမှားနိုင်ပါတယ်၊မှားတာရှိရင်ထောက်ပြပါ။
မူရင်း-ဆရာရဲမင်း