• 周六. 4 月 18th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဗျာဒိတ်ကျမ်းကဂေါဂမာဂေါဂစစ်ပွဲ(၂)

ဆရာရဲမင်း

6 月 27, 2025

ဗျာဒိတ်ကျမ်းကဂေါဂမာဂေါဂစစ်ပွဲ(၂)

ဂေါဂမာဂေါဂဆိုတာဘာလဲရှေ့အပိုင်း(၁)မှာဖော်ပြပြီးပါပြီ။မဖတ်ရ‌ သေးရင်ဒီမှာဖတ်ပါ
https://www.facebook.com/100001226263944/posts/24310365668587637/
အခုဖော်ပြမှာကဒုတိယအကြိမ်ဖြစ်မဲ့ဂေါဂမာဂေါဂစစ်ပွဲ(ဗျာ၂၀:၇-၈)အကြောင်းနဲ့ရှေ့က(ယေဇကျေလ၃၈-၃၉)နဲ့စစ်ပွဲမတူညီတဲ့အရာကိုပါ။နာမည်ကအတူတူဘဲဆိုပေမဲ့မတူညီတဲ့စစ်ပွဲနှစ်ပွဲဖြစ်ပါတယ်။

၁။ယေဇကျေလ၃၈-၃၉ထဲကစစ်တိုက်မဲ့တပ်ဖွဲ့တွေဟာမြောက်အရပ်ကလာကြတာပါ(၃၈:၆၊၁၅)။ဗျာ၂၀ထဲကစစ်ပွဲကတော့မြောက်ဖက်ကဘဲမဟုတ်တော့ပါဘူး၊အရှေ့အနောက်တောင်မြောက်အရပ်လေးမျက်နာကလာတဲ့တပ်ဖွဲ့ကြီးဖြစ်ပါတယ်(ဗျာ၂၀:၈-၉)။

၂။ယေဇကျေလ၃၈-၃၉ထဲကစစ်ပွဲဦးဆောင်သူဟာဂေါဂဖြစ်ပြီးစစ်တိုက်ရခြင်းအဓိကရည်ရွယ်ချက်ကဥစ္စာပစ္စည်းလုယူဖို့ပါ(ယေ၃၈:၁၂)။ဗျာ၂၀ထဲကစစ်ပွဲဦးဆောင်သူကတော့စာတန်ကိုယ်တိုင်ဖြစ်ပြီးသန့်ရှင်းသူတွေကိုအဓိကတိုက်ခိုက်ဖို့ရည်ရွယ်တာပါ(ဗျာ၂၀:၇-၈)။

၃။ယေဇကျေလ၃၈-၃၉ထဲကစစ်ပွဲဟာနိုင်ငံတချို့သာပါဝင်မှာဖြစ်ပြီး(၃၈:၁-၅)၊ဗျာ၂၀ထဲကစစ်ပွဲကတော့နိုင်ငံပေါင်းစုံကလူတွေပါဝင်လာကြမှာဖြစ်ပါတယ်(ဗျာ၂၀:၈-၉)။

၄။ယေဇကျေလ၃၈-၃၉ထဲကစစ်ပွဲဟာနှစ်တစ်ထောင်မတိုင်ခင်ဖြစ်ဖို့များပြီး၊ဗျာ၂၀ထဲကစစ်ပွဲကတော့နှစ်တစ်ထောင်ပြီးမှစာတန်လွတ်လာပြီးစာတန်ကနေဦးဆောင်ပြီးစစ်ပွဲဖြစ်လာမှာပါ(ဗျာ၂၀:၇)။

၅။ယေဇကျေလ၃၈-၃၉ထဲကစစ်ပွဲမှာအစ္စရေးရဲ့ရန်သူတွေကျဆုံးတဲ့အရေအတွက်များလွန်းလို့(၇)လတိုင်တိုင်လူသေတွေကိုမြုပ်နှံရှင်းလင်းရကြောင်းဖော်ပြပါတယ်။ဗျာ၂၀မှာတော့လူသေတွေကိုတကူးတကလိုက်မြုပ်ဖို့မလိုတော့ဘဲ၊ဆက်တိုက်ဆိုသလိုပလ္လင်ဖြူစီရင်ခြင်းရောက်လာမှာပါ(ဗျာ၂၀:၁၁-၁၅)။

၆။ယေဇကျေလ၃၈-၃၉ထဲကစစ်ပွဲမှာအစ္စရေးလူမျိုး‌တွေပြန်နောင်တရကြမှာဖြစ်ပြီးနှစ်တစ်ထောင်မှာသစ္စာရှိကြမှာဖြစ်ပါတယ်(၃၉:၂၁-၂၉)။ဗျာ၂၀ထဲကစစ်ပွဲကတော့စစ်ပွဲပြီးတာနဲ့ဘယ်သူမှနောင်တရနိုင်တဲ့အခွင့်ရေးမရှိကြတော့ပါဘူး(ဗျာ၂၀:၇-၁၀)။

သတိထားရမှာကနောက်ဆုံးသောကာလနဲ့ပက်သက်ပြီးအသေးစိတ်အချက်အလက်တွေပြောတဲ့အခါမှာကျမ်းစာအနက်ပြန်မှုဆိုင်ရာမတူညီမှုရှိတာမို့ကွဲလွဲမှုရှိနေနိုင်ပါတယ်။ဒီပိုင်းနဲ့ပက်သက်ပြီးအယူသီးစရာမလိုဘဲဝိညာဉ်တော်ဖော်ပြသလောက်ဘဲခံယူပါ။ဘာလို့လဲဆို‌တော့ဘယ်လိုခံယူခံယူဒါတွေဟာကယ်တင်ခြင်းနဲ့ခရစ်ယာန်အသက်တာကိုမထိခိုက်ပါဘူး၊ဘာမှမသိရင်တောင်ယေရှုကိုယုံကြည်ရင်သင်ကယ်တင်ခြင်းမုချရပါပြီ။အာမင်။
မူရင်း-ဆရာရဲမင်း
https://www.facebook.com/100001226263944/posts/24344812881809582/