တမန်တော်၁၂ပါးကိုယ်ရေးအကျဉ်း
၁။ပေတရု(Peter)
ဂရိနာမည်ဖြစ်တယ်၊ကျောက်ခဲ or ထုဆစ်ပြီးသောကျောက်လို့အဓိပ္ပာယ်ရတယ်၊နဂိုနာမည်ကရှုရိဘာသာလို ရှိမုန်(simon)ဖြစ်တယ်။သူ့ကိုကေဖ(cephas) လို့လည်းခေါ်ပြန်တယ်၊ရှိုရိဘာသာလိုနဲ့ ကျောက်ခဲလို့အဓိပ္ပာယ်ရ တယ်။နောက်နာမည်တခုက ဗာယောန(Barjonas) ဖြစ်တယ်၊အဓိပ္ပာယ်ကယောနရဲ့သားပေါ့။
ရှင်ပေတရုကဂါလိလဲအိုင်နားကတံငါသည်၊ယေရှုတပည့်ဖြစ်ပြီးခြေချော်ဘူးပေမဲ့ယေရှုခရစ်ပြန်လည်ခေါ်ဆောင်ပြီးအသင်းတော်ကသိုးတွေစောင့်ရှောက်ဖို့မှာကြားခံရသူ၊သမ္မာတရားအတွက်ကြောင့်ရောမစစ်သားရဲ့ဖမ်းစီးခြင်းခံရပြီး၊ညင်းပန်းနှိပ်စက်အကျဉ်းကျခံရသူ၊နောက်ဆုံးသမ္မတရားကိုမပယ်ဘဲမားမားရပ်ခဲ့သောကြောင့်လက်ဝါးကပ်တိုင်မှာသေဒဏ်ပေးခံရခဲ့တယ်၊မသေခင်မှာယေရှုလိုလက်ဝါးကပ်တိုင်မှာရိုက်ထားဖို့မတန်ကြောင်း၊ပြောင်းပြန်ရိုက်ပေးပါလို့တောင်းဆိုခဲ့သူရှင်ပေတရုပါ။
၂။ဇေဗေဒဲ၏သား ယာကုပ်(James)
သမ္မာသစ်ကျမ်းထဲမှာယာကုပ်၃ဦးရှိပါတယ်၊သူတို့တွေကတော့…ဇေဗေဒဲ၏သားယာကုပ်၊အာလဖဲ၏သားယာကုပ်နှင့်သခင်ယေရှု၏ညီယာကုပ်(ယောသပ်၏သားယာကုပ်)တို့ဖြစ်ပါတယ်။ရှေ့နှစ်ယောက်ကတော့တမန်တော်၁၂ပါးထဲပါပါတယ်။ခုပြောမှာကဇေဗေဒဲ၏သားယာကုပ်ပါ။ရှင်ယာကုပ်ကို
ဟေဘရူးလိုအဓိပ္ပာယ်ကဖမ်းဆီးဆုပ်ကိုင်ခြင်းလို့ရတယ်။ရှင်ယောဟန်ရဲ့အကိုဖြစ်တယ်၊ညီကိုနှစ်ယောက်ကိုဘောနေရဂက်(Boanerges)လို့ခေါ်တယ်၊နဂိုအဓိပ္ပာယ်ကမိုးကြိုးသားဖြစ်တယ်။သူကယာကုပ်လေးနဲ့နာမည်တူပေမဲ့လူတော့မတူဘူး။ညီကိုနှစ်ယောက်လဲဂါလိလဲအိုင်နားမှာခေါ်ခြင်းခံရတာ၊ယေရှုခရစ်ရှင်ပြန်ထမြောက်ပြီးနောက်အသင်းတော်ညင်းပန်းနှိပ်စက်ခြင်းခံရတယ်၊ယာကုပ်အဖမ်းခံရတယ်၊ယုဒလူမျိုးတွေရဲ့ပြောဆိုချက်အရ…ယာကုပ်ခေါင်းဖြတ်ခြင်းခံရတဲ့နေ့မှာပျော်ရွှင်နေပြီးတရားဟောနေသေးပါသတဲ့၊သူ့ကိုခေါင်းဖြတ်မဲ့ဓားကိုင်တဲ့လူကြီးလဲအဲဒီနေရာမှာဘဲပြောင်းလဲပြီး၊သူ့နဲ့အတူအသေခံသွားပါသတဲ့။မသေခင်တော့ခရစ်တော်ကိုလက်ခံရရှိသွားပါတယ်။ရှင်ယာကုပ်ဟာတမန်တော်၁၂ပါးမှာပထမဆုံးသမ္မာတရားကြောင့်အသေခံခဲ့ရသူဖြစ်ပါတယ်။
၃။ရှင်ယောဟန်(John)
သမ္မာသစ်ကျမ်းထဲမှာ ယောဟန် ဆိုတဲ့သူ၄ဦးတွေ့ရပါတယ်။သူတို့တွေကတော့…ဗတ္တိဇံဆရာယောဟန်၊ရှိမုန်ပေတရုရဲ့ဖခင်ယောဟန်၊ယဇ်ပရောဟိတ်မင်းမျိုးယောဟန်နှင့်ခုဒီတမန်တော်၁၂ပါးထဲကဖြစ်တဲ့ရှင်ယောဟန် တို့ဘဲဖြစ်ပါတယ်။
ရှင်ယောဟန်ရဲ့နာမည်အဓိပ္ပယ်ကယေဟောဝါဘုရားရဲ့ချစ်ခြင်းလို့ရပါတယ်။ဒါကြောင့်သူ့ကိုချစ်ခြင်းတမန်တော်လို့လဲသမုတ်ကြတယ်။ရှင်ယောဟန်ဟာယာကုပ်ရဲ့ညီဖြစ်တယ်၊စရိုက်ကြမ်းတယ်၊ဒေါသကြီးတယ်၊ဒါကြောင့်ညီကိုနှစ်ယောက်မိုးကြိုးသားလို့လဲခေါ်ခံရတယ်၊ဒါပေမဲ့ခရစ်တော်နောက်လိုက်ဖြစ်ပြီးနောက်ပိုင်းချစ်ခြင်းမေတ္တာကိုယ်စားလှယ်ဖြစ်လာတယ်၊မေတ္တာကိုအလေးပေးဟောတယ်၊ကျမ်းထဲရေးတယ်။ရှင်ယောဟန်ကတမန်တော်၁၂ပါးထဲမှာတဦးတည်းသောအသတ်မခံရဘဲအိုပြီးသေသွားသူပေါ့။ယုဒလူမျိုးတွေပြောချက်အရရှင်ယောဟန်ဟာတရားပလ္လင်မှာတရားဟောရင်းဆုံးသွားပါသတဲ့။
၄။အိန္ဒြေ(Andrew)
သူရဲကောင်းလို့အဓိပ္ပာယ်ရတယ်၊သူကရှင်ပေတရုရဲ့ညီဖြစ်တယ်(ယော1:40一41)။ယေရှုခရစ်ကောင်းကင်တက်သွားပြီးနောက်၊အသင်းတော်ညင်းပန်းနှိပ်စက်ခြင်းခံရတာကြောင့်က္ကုသရေလနိုင်ငံကထွက်ခွာလာတယ်၊အရပ်လေးမျက်နာမှာပျံ့ကျဲနေတဲ့ယုဒလူမျိုးဆီဧဝံဂေလိလုပ်တယ်၊နောက်တောရောမရဲ့တိုင်းတနေရာမှာ(မာကေဒေါနိအနောက်ဖက်)ဖမ်းခံခဲ့ရတယ်၊ကားစင်တင်မဲ့အချိန်မှာတောင်တရားဟောနေလို့ရဲမက်တွေပိုစိတ်ဆိုးပြီးသူ့ကို”X”ပုံစံနဲ့ကားတိုင်အစောင်းရိုက်ခဲ့တယ်။အဲဒီကစပြီး X ပုံစောင်းနေတဲ့ကားတိုင်ကို အိန္ဒြေကားတိုင်လို့ ခေါ်လာကြပါတယ်။
၅။ဖိလိပ္ပု (Philip)
မြင်းကြိုတ်သူလို့အဓိပ္ပာယ်ရပါတယ်။
သူကလည်းက္ကုသရေလနိုင်ငံကနေထွက်ပြေးတိမ်းရှောင်ပြီးနောက်၊ရောက်လေရာတရားဟောတယ်၊အာရှမိုင်းနား(ယခုတူရဂီ) ဟေရပေါလိမြို ့မှာဆိုက်ပြီး၊အိမ်ထောင်တည်သားသမီးမွေးဖွားခဲ့တယ်လို့ပြောကြပါတယ်။မိသားစုနဲ့အေးဆေးဖြစ်သွားပေမဲ့ဧဝံဂေလိကိုတော့မရပ်ဆိုင်းခဲ့ဘူး၊ဒါကြောင့်အဲနားကဘာသာရေးအရာရှိတွေကသူ့ကိုဖမ်းစီးပြီးထောင်ချနှိပ်စက်ခဲ့တယ်၊ဒါပေမဲ့ဖိလိပ္ပုဟာမကြောက်ဘဲဆက်ဟောနေတာကြောင့်နောက်ဆုံးသူ့ကိုသေဒဏ်ပေးခဲ့တယ်။တချို့သူ့ကိုတအားမုန်းတဲ့ရဲမက်တွေဟာကားတိုင်မှာသူ့ကိုပေတရုလိုခြေနဲ့ခေါင်းလှည့်ပြီးရိုက်ခဲ့တယ်လို့အသင်းတော်သမိုင်းအားဖြင့်သိရပါတယ်။
၆။ဗာသောလမဲ (Bartholomew)
ရှုရိဘာသာလိုဖြစ်ပြီးအဓိပ္ပာယ်က သောလမဲ၏သားဖြစ်တယ်။သောလမဲဆိုတာကတော့ဂရိနတ်ဘုရားရဲ့အမည်နာမဖြစ်တယ်။ဗာသောလမဲကိုနာသနေလလို့လဲခေါ်သေးတယ်၊သမ္မာကျမ်းမှာသူ့အကြောင်းသိပ်မများဘူး၊နောက်ဆုံးပြောရရင်သူပြောခဲ့တဲ့စကားတောင်တအားနည်းတယ်၊ဒါပေမဲ့ယေရှုခရစ်ရှင်ပြန်ထမြောက်ပြီးဂါလိလဲအိုင်နားမှာတပည့်တော်များကိုကိုယ်ထင်ပြတဲ့ချိန်ဗာသောလမဲလည်းရှိနေတယ်၊သခင့်ရဲ့ထမြောက်ခြင်းကြောင့်ယုံကြည်ခြင်းတိုးပွားပြီး၊သစ္စာရှိရှိဧဝံဂေလိဟောကြားခဲ့တယ်၊နောက်ဆုံးအာမေးနီးယန်းရောက်သွားပြီးဧဝံဂေလိကြောင့်အဲဒီနားကဘာသာခြားတွေမှဖမ်းစီးခြင်းခံရတယ်၊သူ့ကိုရိုက်နှက်ပြီး၊အရှင်လတ်လတ်အရေခွံနွာခံခဲ့ရတယ်၊နောက်ဆုံးကားတိုင်ပေါ်တင်ခံခဲ့ရပြီး၊ကားတိုင်ပေါ်မှာအသက်မထွက်ခင်ဓားနဲ့ထိုးခံပြီးဆုံးသွားတယ်လို့သမိုင်းသုတေသီများကဆိုကြတယ်။
၇။သောမ (Thomas)
ရှုရိဘာသာနာမည်ဖြစ်တယ်၊အဓိပ္ပာယ်ကအမွာလို့ရတယ်။သူ့ကို သံတယများသော သောမလို့လည်းသမုတ်တယ်၊တချိန်ကသခင့်ထမြောက်ခြင်းကိုကိုယ်တွေ့ကိုယ်ထိမှယုံမယ်ဆိုတဲ့အရာကြောင့်ပေါ့၊ထမြောက်တဲ့သခင်ယေရှုနဲ့တွေ့မှတကယ်ယုံကြည်သွားသူပေါ့။တမန်တော်များညင်းပန်းနှိပ်စက်ခံရချိန်သူကပါသိပြည်ကိုသွားပြီးနောက်ဆုံးအိန္ဒိယအထိရောက်သွားတယ်လို့ကျမ်းသုတေသီများဆိုထားတယ်၊ဒါကြောင့်အိန္ဒိယမှာသောမအမည်နဲ့ဘုရားကျောင်းအများရှိခဲ့တယ်၊အဲဒီမှာလည်းသောမနဲ့ပတ်သတ်တာတွေပုံပြင်တွေအများကြီးရှာတွေ့နိုင်တယ်။အိန္ဒိယမှာဧဝံဂေလိတရားကြောင့်Brahmanismရဲ့ဘာသာရေးခေါင်းဆောင်များကနေသတ်ခြင်းခံခဲ့ရတယ်။
၈။ယုဒ ခေါ်သဒ္ဒဲ (Thaddaeus)
အဓိပ္ပာယ်ကရင်ခွင်ထဲကသားဖြစ်တယ်။ယာကုပ်ရဲ့ညီ(တချို့နေရာမှာယာကုပ်သားလို့ဘာသာပြန်ပါတယ်)ယုဒဖြစ်တယ်၊သူ့ကိုယုဒရှကာယုတ်နဲ့မမှားအောင်သဒ္ဒဲလို့နာမည်ရှိကြောင်းခွဲခြားရပါမယ်။ဘာကြောင့်လဲဆိုတော့တမန်တော်၁၂ပါးထဲမှာရှိမုန်၂ယောက်၊ယာကုပ်၂ယောက်၊ယုဒ၂ယောက်ဟာနာမည်တူနေလို့ပါ။
သဒ္ဒဲအကြောင်းသမ္မာကျမ်းမှာမရှိသလောက်ဘဲ၊အသင်းတော်သမိုင်းကိုလေ့လာရင်သူဟာမကြာခဏသင်္ဘောနဲ့ခရီးဝေးထွက်ပြီးဧဝံဂေလိလုပ်ကြောင်းနဲ့တူရဂီမှာဧဝံဂေလိလုပ်ရင်းဘုရင်ရဲ့ရောဂါကိုကုသပေးခဲ့လို့တနိုင်ငံလုံးပြောင်းလဲလာကြောင်း၊နောက်ဆုံးPersianနိုင်ငံရောက်သွားပြီးဧဝံဂေလိအတွက်ကားတိုင်မှာအသေသတ်ခြင်းခံခဲ့ရတယ်လို့တွေ့ရှိပါတယ်။
၉။ကာနနိတ်လူ ရှိမုန် (Simon The Cnaanite)
အဓိပ္ပာယ်ကခါနန်အဖွဲ့စည်းလို့သက်ရောက်သလို၊စိတ်အားထက်သန်ခြင်းလို့လဲသက်ရောက်တယ်။သူ့ကိုရှိမုန်ဇေလုပ်လို့လည်းခေါ်တယ်။တပည့်တော်မဖြစ်ခင်က ဇေလုပ်အဖွဲ့ထဲကလူမို့၊ရှိမုန်ဇေလုပ်လို့ခေါ်တယ်၊ဇေလုပ်အဖွဲ့ဆိုတာတချိန်ကရောမနယ်ချဲ့ကနေလွတ်မြောက်ဖို့လုပ်နေကြတဲ့တိုင်းချစ်ပြည်ချစ်အဖွဲ့၊ရောမအစိုးရအတွက်အခွန်ခံလုပ်ပေးနေတဲ့မဿဲနဲ့တော့မဟာရန်သူဘဲ၊ဒါပေမဲ့ခရစ်တော်ကြောင့်ညီကိုတွေဖြစ်လာရခဲ့တယ်။ရှိမုန်ဟာဂျေရုစလင်မှာအသင်းတော်ဖိနှိပ်မှုခံရချိန်သူလဲထွက်ပြေးတိမ်းရှောင်သွားတယ်၊တပါးအမျိုးသားထဲမှယုဒလူမျိုးရှိရာရှာပြီးဧဝံဂေလိလုပ်တယ်။နောက်တော့ယုဒလူမျိုးရှိတဲ့အီဂျစ်ရောက်တယ်၊အာဖရိကလည်းရောက်တယ်၊ပြီးနောက်Persianနိုင်ငံရောက်တယ်၊အဲမှာဘဲဖမ်းခံရပြီးသေဒဏ်ချခံရတယ်၊တချို့ကရှိမုန်ဟာလွှနဲ့ကိုယ်နှစ်ပိုင်းဖြတ်ခြင်းခံရပြီးသေသွားတယ်လို့ပြောကြသလို၊ကားတိုင်မှာရိုက်ထားခြင်းခံရပြီးသေသွားတယ်လို့လည်းပြောကြပါတယ်။
၁၀။အာလဖဲ၏သား ယာကုပ်(James)
တမန်တော်၁၂ယောက်ထဲမှာယာကုပ်နှစ်ယောက်ရှိတဲ့ထဲ ဒီယာကုပ်ဟာ ယာကုပ်လေး လို့မှတ်သားရပါမယ်။ဘာကြောင့်လဲဆိုတော့သူ့အသက်ဟာဟိုရှင်ယောဟန်ရဲ့အကိုယာကုပ်ထက်ငယ်မယ်လို့ယူစရလို့ဘဲ။ကျမ်းစာမှာသူ့နောက်ကြောင်းဘာမှမရေးမှတ်ထားဘူး၊ရှာလို့လည်းမတွေ ့ဘူး။ဒါကြောင့်သူ့ကိုနောက်ကွယ်ကနေပေးဆပ်သူလို့သမုတ်ကြတယ်။သူလည်းတခြားတမန်တော်လိုထွက်ပြေးတိမ်းရှောင်ပြီးတပါးအမျိုးသားအရပ်မှာရှိတဲ့ယုဒလူမျိုးဆီဧဝံဂေလိလုပ်ခဲ့တယ်၊အီဂျစ်မှာအဖမ်းခံရပြီး၊ကိုယ်ခန္ဓာအစိတ်စိတ်အမွာမွာပိုင်းဖြတ်ခြင်းခံရပြီးသေသွားတယ်လို့အသင်းတော်သမိုင်းမှာမှတ်သားထားပါတယ်။
၁၁။မဿဲ (Matthew)
အဓိပ္ပာယ်ကယေဟောဝါဘုရားရဲ့ဆုကျေးဇူးလို့သက်ရောက်တယ်၊မဿဲကိုဟေဗြဲလို လေဝိ(Levi)လို့လဲခေါ်တယ်၊ပေါင်းစီးခြင်းလို့အဓိပ္ပယ်ရတယ်။တမန်တော်မဖြစ်ခင်ရောမအင်ပါယာအတွက်အခွန်ခံလုပ်ပေးနေတဲ့လူဖြစ်တယ်။သူလည်းအခြားတမန်တော်လိုဘဲအသင်းတော်ညင်းပန်းဖိနှိပ်ခံရချိန်တိမ်းရှောင်ရင်းအခြားနေရာတွေကယုဒလူမျိုးတွေကိုဧဝံဂေလိလုပ်တယ်။အာဖရိကက အီသီယိုးပီးနိုင်ငံမှာအသင်းတော်တည်ထောင်ခဲ့တယ်၊နောက်တော့Persianနိုင်ငံရောက်ပြီးဧဝံဂေလိကြောင့်အဖမ်းခံရပြီးဓားနဲ့ခုတ်သတ်ခံခဲ့ရတယ်။
၁၂။ မဿိ(Matthias)
ယေဟောဝါဘုရား၏လက်ဆောင်လို့အဓိပ္ပာယ်သက်ရောက်ပါတယ်။နဂိုကတမန်တော်၁၂ပါးထဲမပါဘူး၊ယုဒရှကာယုတ်ဖောက်ပြန်ခဲ့လို့သူ့ကိုပြန်အစားထိုးခဲ့တာပါ။မ
ဿိဟာအလွန်တော်တယ်လို့ပြောကြတယ်၊ဒါပေမဲ့တခြားတမန်တော်တွေလိုအသင်းတော်ဖိနှိပ်ခံရချိန်မတိမ်းရှောင်ခဲ့ဘူး၊ဂျေရုစလင်မှာဘဲနေခဲ့ပြီးဧဝံဂေလိဆက်လုပ်တယ်၊သူတိမ်းရှောင်မယ်လုပ်ချိန်မှအဖမ်းခံခဲ့ရတယ်၊ဒါကြောင့်ဂျေရုစလင်ကယုဒလူမျိုးတွေရဲ့ခဲလုံးပေါက်ခြင်းခံခဲ့ရပြီး၊နောက်ဆုံးခေါင်းဖြတ်သတ်ခြင်းခံခဲ့ရတယ်လို့အသင်းတော်သမိုင်းကနေသိရပါတယ်။
စာကြွင်း……
ယုဒရှကာယုတ်(Judas Iscariot)
နာမည်ကယုဒဘဲ၊ဒါပေမဲ့ယုဒနာမည်တွေများလို့ရှကာယုတ်ထည့်ပေးထားတာ၊ရှကာယုတ်ဆိုတာနေရာဒေသတခုကိုပြောတာ။သမ္မာကျမ်းစာမှာလူနာမည်တူနေရင်ခွဲခြားဖို့ရှေ့မှာအဖေနာမည်ခံထားတတ်သလိုဘယ်နေရာဒေသကလူပါလို့မှတ်သားကြပါတယ်။ဒီယုဒရှကာယုတ်ကကတော့နဂိုကတမန်တော်ဖြစ်ပေမဲ့၊ငွေ၃၀နဲ့သခင်ယေရှုကိုရောင်းစားပြီးဖောက်ပြန်ခဲ့လို့သူ့နေရာမှာရှင်မဿိကိုအစားထိုးခဲ့တယ်။နောက်ဆုံးမှာကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တယ်လို့ကျမ်းစာမှာမှတ်သားထားပါတယ်။
…………………………………………..
တစုံတခုမှားယွင်းမှုရှိသော်ကျနော်ye ming၏အားနည်းချက်ပင်ဖြစ်သည်။ထောက်ပြနိုင်သည်၊လွတ်လပ်စွာshareနိုင်ပါသည်။