အဖေအိုတဦးမှချစ်သားသို့ပေးစာ
ငါ့သား…
အဖေအိုလာတဲ့အခါ…
ခန္ဓာအားနွဲ့ပြီးစိတ်မရှည်ဖြစ်လာရင်၊ငါညစ်ပတ်နေပြီးအဝတ်စားမဝတ်နိုင်ခဲ့ရင်…
စိတ်ရှည်နားလည်ပေးပါ၊သီးခံပြီးပြုစုပေးပါ။မင်းငယ်ငယ်တုန်းက အဖေမင်းကိုဘယ်လောက်ဂရုစိုက်ပေးခဲ့တာကိုသတိရပေးပါ။
ငါ့သား…
အဖေအိုလာတဲ့အခါ…
စကားတခွန်းကိုထပ်ခါထပ်ခါဘဲပြောနေမိခဲ့ရင်၊အဖေ့စကားကိုမပျက်စေဘဲဆုံးအောင်နားထောင်ပေးပါ။မင်းငယ်ငယ်တုန်းကမေးခွန်းပေါင်းမြောက်များစွာကိုအဖေတခုချင်းဘယ်လိုဖြေပေးခဲ့ကြောင်းကိုသတိရပေးပါ။
ငါ့သား…
အဖေအိုလာတဲ့အခါ…
ရေမချိုးချင်ဘဲတင်းမာနေရင်အဖေ့ကိုမငေါက်ပါနဲ့၊အရှက်မခွဲပါနဲ့။မင်းငယ်ငယ်တုန်းကအဖေမင်းကိုရေချိုးပေးဖို့အမျိုးမျိုးအဖုံဖုံချော့မော့ပေးခဲ့တာကိုသတိရပေးပါ။
ငါ့သား…
အဖေအိုလာတဲ့အခါ…
ခေတ်သစ်နည်းပညာကိုဘာမှမသိနားမလည်ဖြစ်ခဲ့ရင်၊အဖေ့ကိုအချိန်နည်းနည်းပေးပါ၊အထင်သေးပြီးမသရော်ပါနဲ့။မင်းငယ်ငယ်တုန်းကအဖေမင်းကိုကိစ္စအဝဝစိတ်ရှည်ပြီးသင်ပေးခဲ့တာသတိရပေးပါ။
ငါ့သား…
အဖေအိုလာတဲ့အခါ…
မှတ်ညာဏ်မရှိတော့ဘဲခဏခဏမေ့နေရင်…ပြန်စဉ်းစားဖို့အချိန်ပေးပါ။နောက်ဆုံးလုံးဝသတိမရခဲ့ရင်တောင်အဖေနဲ့အတူနေပေးပြီးပြောတာလေးကိုဆုံးအောင်နားထောင်ပေးနေရင်ကျေနပ်ပါပြီ။
ငါ့သား…
အဖေအိုလာတဲ့အခါ…
လမ်းမလျှောက်နိုင်ဘဲဖြစ်ခဲ့ရင်၊အဖေ့ကိုတွဲထူပေးပါ၊ကျောပိုးဖို့လိုလာရင်ပိုးပေးပါ။မင်းငယ်ငယ်တုန်းကအဖေမင်းလက်ကိုတွဲထူပြီး၊ကျောပိုးရမဲ့ချိန်လည်းပိုးပြီး ဘဝရဲ့ပထမခြေလှမ်းစလှမ်းခဲ့တာကိုသတိရပေးပါ။
ငါ့သား…
အဖေအိုလာတဲ့အခါ…
အိပ်ယာထဲမထနိုင်လို့အပေါ့အလေးအိပ်ယာပေါ် မှာဘဲစွန့်ခဲ့မိရင်၊အဖေ့ကိုစိတ်မကုန်သွားပါနဲ့၊မင်းငယ်ငယ်တုန်းကအလေးအပေါ့နေရာတကာစွန့်ထားတာကိုငါပြုံးပြုံးလေးနဲ့သန့်စင်ပေးခဲ့တာသတိရပေးပါ။
ငါ့သား…
အဖေအိုလာတဲ့ခါ…
အဖေ့ကိုကူညီပါ၊ဖေးမပါ၊လူ့ဘဝနောက်ဆုံးနေဝင်ချိန်လေးကိုပြုံးပြုံးလေးနဲ့ကျော်ဖြတ်ပါရစေ၊နောက်နောင်မင်းအိုလာတဲ့အခါမင်းရဲ့သားလည်းဒီတိုင်းမင်းကိုပြန်လည်လုပ်ဆောင်ပေးပါလိမ့်မယ်။
ငါ့သား…
အဖေသေပြီးနောက်…
ငါ့င်္သချိုင်းမှာအစားအသောက်လာမချပေးပါနဲ့၊ငါ့အတွက်ဘာဆိုဘာမှမလုပ်ပေးပါနဲ့တော့၊ဒါပေမဲ့ငါ့ကောင်းခြင်းမကောင်းခြင်းကိုနောက်လာနောင်သားတွေအတွက်သေချာပြောပြပေးပါ၊ကောင်းတာကိုဆက်ထိန်းသိမ်းပြီးမကောင်းတာကိုသတိထားရှောင်စရာဖြစ်စေပါ။
မင်းကိုသိပ်ချစ်တဲ့…
အဖေ
…………………………………………..