ကရာနီတောင်ကုန်းပေါ်မှကားတိုင်သုံးခု
(လုကာ၂၃း၃၂-၄၂)
ကရာနီတောင်ကုန်းပေါ်၊ဘေးတစ်ဖတ်စီဓားပြနှစ်ယောက်နဲ့အတူသခင်ယေရှုကိုကားစင်တင်ခဲ့တာ၊ကားတိုင်သုံးခုဆိုပြီးသမိုင်းတွင်ခဲ့ပါတယ်။ယနေ့တိုင်ကားတိုင်သုံးခုပုံတွေလူတိုင်းအမြင်ထဲပျံ့နံ့နေဆဲပေါ့။ဒါပေမဲ့ကားတိုင်သုံးခုရဲ့အဓိပ္ပာယ်ကိုကောသိကြပါသလား?
၁။ကဲ့ရဲ့ပြစ်တင်ခြင်းကားတိုင်
ကယ်တင်ခြင်းမရလိုက်တဲ့ကားတိုင်ပေါ်ကလူ။ကိုယ့်အပြစ်ကိုမမြင်ဘူး၊”မင်းကဘုရားမဟုတ်လား?ဆင်းလာပြီးကိုယ့်ကိုကိုယ်ကယ်လေ၊ငါတို့ကိုလည်းကယ်လေ”…စသဖြင့်။ထာဝရကယ်တင်ခြင်းထက်ခန္ဓာခေတ္တလွတ်မြောက်ခြင်းကိုလိုလားသူ။မျက်မှောက်ခေတ်အရပြောရရင်ကိုယ့်အပြစ်ကိုမမြင်ဘဲ၊သူများအမှားလက်ညိုးထိုးပြီး”မင်းကခရစ်ယာန်မဟုတ်ဘူးလား?မင်းကအမှုတော်ဆောင်…အသင်းလူကြီးမဟုတ်ဘူးလား”….စသဖြင့်ကဲ့ရဲ့သူ။ဘာသာခြား တွေဆိုရင်“မင်းတို့ယေရှုကဘုရားဆိုရင်သူ့ကိုယ်သူအရင်ကယ်ခိုင်းလေ”စသဖြင့်ကဲ့ရဲ့သူ။ယုံကြည်သူဆိုရင်အခက်ခဲနည်းနည်းပါးပါးကြုံလာရင်ဘုရားကိုပြစ်တင်သူ၊ဒါဟာကဲ့ရဲ့ပြစ်တင်ခြင်းကားတိုင်ပေါ်ကလူ၊ကယ်တင်ခြင်းမရလိုက်တဲ့သူပေါ့။
၂။ဝန်ချတောင်းခံခြင်းကားတိုင်
မိုက်မဲဆိုးသွမ်းခဲ့တဲ့ဓားပြကြီးဆိုပေမဲ့၊ကယ်တင်ခြင်းရခဲ့တဲ့ကားတိုင်ပေါ်ကလူ။ကိုယ့်အပြစ်ကိုဝန်ခံပြီး”သခင့်နိုင်ငံတော်တည်ပြီးကြွလာရင်ကျွန်ုပ်ကို အောက်မေ့တော်မူပါ”ဟုတောင်းခံသောသူ။သခင့်ရဲ့ခွင့်လွတ်ခြင်းနဲ့အပြစ်ဆေးကြောခြင်းခံရပြီးချက်ခြင်းပရာတိတုဘုံသို့ခေါ်ဆောင်ခြင်းခံရသူ။ယနေ့လူသားတိုင်းလဲကိုယ့်အပြစ်ကိုသိပြီးဝန်ချတောင်းပန်ယုံကြည်လက်ခံခဲ့ရင်၊ကယ်တင်ခြင်းရခဲ့မှာဖြစ်ပြီး၊ဝန်ချတောင်းခံခြင်းကားတိုင်ပေါ်ကလူလိုခွင့်လွတ်လက်ခံခြင်းရမှာပါ။
၃။ကြွေးကြော်ခြင်းကားတိုင်
အပြစ်မရှိဘဲလူသားတွေရဲ့အပြစ်ကြောင့်ကားစင်တင်ခံရသူ၊အပြစ်မရှိပေမဲ့အပြစ်ရှိသူနဲ့တစ်တန်းထဲထားခံရသူ။ဒါပေမဲ့ကားတိုင်ပေါ်မှာအမှုပြီးကြောင်းကြွေးကြော်ခဲ့သူ…
သင့်ကိုအနိုင်းမဲ့ခွင့်လွတ်နိုင်သူ(လုကာ၂၃း၃၄)၊
ခုချက်ခြင်းကယ်တင်နိုင်သူ(လုကာ၂၃း၄၃)၊
သေမင်းကိုအောင်နိုင်ခဲ့သူ(ယောဟန်၁၉း၃၀)။
ကြွေးကြော်ခြင်းကားတိုင်ပေါ်ကသခင်ယေရှုခရစ်ဆိုတဲ့သူပေါ့။
ချစ်သောမိတ်ဆွေ
ကရာနီတောင်ကုန်းပေါ်ကကားတိုင်သုံးခုဟာသေခြင်းသုံးမျိုးကိုပုံဆောင်ပါတယ်။
ပထမကားတိုင်ပေါ်ကသေခြင်းဟာအပြစ်ထဲမှာဘဲထာဝရသေရခြင်းဖြစ်ပြီး၊ဒုတိယကားတိုင်ပေါ်ကသေခြင်းဟာအပြစ်၌ခေတ္တသေခြင်းဘဲဖြစ်ပါတယ်၊တတိယကားတိုင်ပေါ်ကသေခြင်းကတော့အပြစ်သားအတွက်အသေခံခြင်းပါ။
ဒါကြောင့်တတိယကားတိုင်ဟာကယ်တင်ခြင်းကိုပုံဆောင်ပြီး၊ဘေးတဖတ်ဆီကကားတိုင်ကတော့ယနေ့လူသားများကိုယ့်အပြစ်ကိုသိပြီးဝန်ချတောင်းပန်ကယ်တင်ခြင်းခံယူသူနဲ့ကိုယ့်အပြစ်ကိုမတွေ့ဘဲကဲ့ရဲ့ပြစ်တင်ကယ်တင်ခြင်းငြင်းပယ်သောသူများပင်ဖြစ်ပါတယ်။
ချစ်သောမိတ်ဆွေ၊သင်ကော?ယနေ့(ဘေးနှစ်ဖတ်)ဘယ်ကားတိုင်ပေါ်ကလူဖြစ်နေသနည်း?ကိုယ့်နေရာကိုစစ်ဆေးဆင်ခြင်ကြပါစို့။