• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယေရှုဘုရားကိုယုံကြည်ခြင်းရဲ့ကောင်းကျိုး(၇)မျိုး

ဆရာရဲမင်း

1 月 29, 2025

ယေရှုဘုရားကိုယုံကြည်ခြင်းရဲ့ကောင်းကျိုး(၇)မျိုး

၁။အပြစ်(ဝဠ်ကြွေး)မှန်သမျှဖြေလွတ်ခံရမယ်
လူ့အထဲမှာဗီဇအပြစ်(အပြစ်လုပ်တတ်ခြင်းသဘော)ရှိတာမို့လူတိုင်းအပြစ်လုပ်တတ်ကြတယ်၊အပြစ်လုပ်ထားရင်စီရင်ခြင်းခံရမယ်၊ဘာလို့လဲဆိုတော့ကျမ်းစာကအပြစ်ရဲ့အခဟာသေခြင်းဖြစ်တယ်လို့ဆိုတယ်(ရောမ၆:၂၃)။ဒါပေမဲ့ယေရှုခရစ်တော်ကလူသားတွေရဲ့အပြစ်အတွက်ကားတိုင်မှာအသေခံပေးခဲ့ပြီ။ဒါကြောင့်သူ့ကိုယုံကြည်တဲ့သူတိုင်းဘယ်လောက်ကြီးလေးတဲ့အပြစ်လုပ်ခဲ့လုပ်ခဲ့၊‌‌ နောင်တရပြီးယေရှုခရစ်ကိုသာယုံကြည်လက်ခံမယ်ဆိုရင်အပြစ်လွတ်ခြင်းခံရမယ်(၁ယော၁:၉)။အာမင်။

၂။ထာဝရအသက်ကိုရမယ်
လူ့ဘဝဆိုတာတိုတောင်းလွန်းလှပါတယ်။ကျမ်းစာကလူ့အသက်ဟာ(၇၀)ဖြစ်ပြီးကျန်းမာနေရင်တောင်(၈၀)ဝန်းကျင်အထိဘဲလို့ဆိုထားပါတယ်(ဆာလံ၉၀:၁၀)။မသေအောင်လူတွေဘယ်လောက်ကြိုးစားခဲ့ကြပေမဲ့တစ်နေ့တော့သေကြရမှာပါ။သေခြင်းကိုကြောက်ပြီးမသေဘဲထာဝရအသက်ရှင်နေနိုင်ရင်ကောင်းမှာဘဲလို့လိုလားတောင့်တဖူးကြမှာပါ။
သတင်ကောင်းကတော့ယေရှုခရစ်တော်ကိုမိမိကယ်တင်ရှင်အဖြစ်ယုံကြည်လိုက်ရုံနဲ့သင်သေစရာမလိုဘဲထာဝရအသက်ရှင်ရမှာပါ၊မယုံကြည်သူအတွက်‌ သေတယ်ဆိုတာထာဝရသေခြင်းဖြစ်ပြီး၊ယုံကြည်သူအတွက်သေတယ်ဆိုတာခေတ္တအိပ်ပျော်ခြင်းသာဖြစ်ပါတယ်။နိုးလာရင်ထာဝရကောင်းကင်မှာစံမြန်းရပါလိမ့်မည်(ယော၃:၁၆)။အာမင်။

၃။ဘုရားသားသမီးဖြစ်ခွင့်ရမယ်
သမ္မာကျမ်းစာ(ယော၁:၁၂)မှာ ယေရှုဘုရားကိုယုံကြည်လက်ခံတဲ့သူတိုင်းကိုဘုရားသခင်ရဲ့သားသမီးဖြစ်ခွင့်ပေးထားပါတယ်။ဒါကြောင့်ယေရှုကိုယုံကြည်လိုက်တာနဲ့မွေးဖခင်ထက်တန်ခိုးကြီးတဲ့အဖဘုရားသခင်ကိုအဖေအဖြစ်ပြန်လည်သင့်မြတ်ခွင့်ရမှာဖြစ်ပါတယ်။အဖေတော်လိုက်တာမဟုတ်ဘဲနဂိုကတည်းကသင့်ရဲ့ဖန်ဆင်းရှင်ဖခင်ဖြစ်ပါတယ်။အပြစ်ကြောင့်ဝေးကွာနေတဲ့အရာကိုယုံကြည်ခြင်းကြောင့်ဘုရားသားသမီးပြန်ဖြစ်ခွင့်ရတာပါ။အာမင်။

၄။ဆုတောင်းပြည့်နိုင်တဲ့အခွင့်ရမယ်
အသက်ရှင်နေတဲ့အချိန်မှာအိုခြင်း၊နာခြင်း၊ပင်ပန်းခြင်း၊စိတ်မသာဖြစ်ခြင်းနဲ့အခက်ခဲပေါင်းစုံကြုံရပါတယ်။ဒီအရာတွေကြုံလာတိုင်းမှာယေရှုဘုရားကိုယုံကြည်သူတွေအဖို့ဘုရားသခင်ဆီဆုတောင်းခံလို့ရသွားတာပါ။မယုံကြည်သူက‌တော့မယုံကြည်တာမို့ဆုတောင်းမပြည့်ပါဘူး။ယုံကြည်သူကဆုတောင်းပြီးအကူအညီတောင်းတဲ့အခါဘုရားသခင်ကသူ့အလိုတော်အတိုင်းအကောင်းဆုံးပို့ဆောင်ပေးမှာဖြစ်ပါတယ်(မဿဲ၇:၇-၈)။အာမင်။

၅။ဘုရားရဲ့ကာကွယ်မစခြင်းခံရမယ်
ယုံကြည်သူကောမယုံကြည်သူတွေပါလောကမှာအသက်ရှင်တဲ့အခါလောကဓံတရားကိုမုချရင်ဆိုင်ရကြမှာဖြစ်ပါတယ်။မတူတာကယေရှုဘုရားကိုယုံကြည်သူတွေအတွက်ဘုရားသခင်ကကောင်းကင်တမန်တွေကိုစေလွတ်ပြီးအမြဲတစေကာကွယ်မစလမ်းပြပေးနေမှာဖြစ်တယ်(ဆာလံ၉၁:၁၁)။အာမင်။

၆။ဘုရားရဲ့ထောက်ပံ့‌ပေးခြင်းရမယ်
သမ္မာကျမ်းစာ(ရောမ၈:၃၂)မှာ ကယ်တင်ခြင်းနှင့်တကွ ခပ်သိမ်းသောကောင်းကြီးကိုယုံကြည်သူတွေကိုပေးမယ်လို့ဖော်ပြပါတယ်။
နောက်ပြီး(မဿဲ၆:၂၆-၃၄)မှာလဲစားဝတ်နေရေးအတွက်မစိုးရိမ်နဲ့ဘုရားသခင်ပြင်ဆင်ပေးမယ်လို့ကတိတော်ပေးထားပါတယ်။
ဘာမှမလုပ်ဘဲထိုင်ပျင်းနေဖို့မဟုတ်ပါ၊လုပ်နေတဲ့အပေါ်မစိုးရိမ်ဘဲဘုရားထောက်ပံ့မယ်ဆိုတဲ့ကတ်တော်ကိုယုံကြည်ခိုင်းတာပါ။

၇။ဘုရားသခင်ဆီချီဆောင်ခြင်းခံရမယ်။
သေပြီးတဲ့ယုံကြည်သူတွေအတွက်ခေတ္တအိပ်ပျော်နေတာမို့ထမြောက်ခြင်းခံရပြီးချီဆောင်ခြင်းခံရမယ်၊အသက်ရှင်နေသေးတဲ့ယုံကြည်သူတွေအဖို့မျက်စိတစ်မိတ်အတွင်းမှာသခင်ဘုရားဆီချီဆောင်ခြင်းခံရမယ်။
(၁ သက်၄:၁၆-၁၇) သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။