• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သမ္မာကျမ်းစာမှစံပြမိခင်(၅)ဦး

ဆရာရဲမင်း

10 月 17, 2024

သမ္မာကျမ်းစာမှစံပြမိခင်(၅)ဦး

နိဒါန်း
“ပုခက်လွဲတဲ့လက်က ကမ္ဘာကြီးကိုလှုပ်ခက်နိုင်တယ်”ဆိုတဲ့စကားပုံရှိပါတယ်။အထူးသဖြင့်မိခင်တွေကိုရည်ညွန်းပြီးပေါ်လာတဲ့စကားပုံပါ။တကယ်လဲကမ္ဘာကြီးကိုလှုပ်ခက်စေနိုင်တဲ့နာမည်ကြီးတွေအားလုံးဟာတချိန်ကအမေလွဲတဲ့ပုခက်ထဲမှာပါဘဲ။သမ္မာကျမ်းစာတော်မြတ်ထဲမှာလဲဒီလိုမိခင်တချို့တွေ့ရပါတယ်၊ဒီထဲကမိခင်၅ဦးကိုတင်ပြပေးချင်ပါတယ်။

၁။ယောခေဗက်(တောလည်ရာ၂၆:၅၉)
ယုံကြည်ခြင်းမိခင်ဖြစ်ပါတယ်။အာရုန်၊ မောရှေ၊ မိရိအံ တို့ရဲ့မိခင်ပါ။ယုံကြည်ခြင်းအားဖြင့်သားသမီးတွေရဲ့ဘဝတသက်ကိုလှုပ်ခက်စေနိုင်ခဲ့သူပါ။ဣသရေလသမိုင်းမှာတကယ့်နာမည်ကြီးပြီးဘုရားအသုံးတော်ခံခဲ့တဲ့ယဇ်ပရောဟိတ်ကြီး၊ပရောဖက်၊ပညတ်တော်ထဲအရေးပါသူသားသမီး၃ယောက်ကိုမွေးထုတ်ခဲ့သူပါ။

၂။ဟန်န(၁ရာ ၁:၂၀)
ဆုတောင်းသောမိခင်ဖြစ်ပါတယ်။ရှမွေလရဲ့မိခင်ပါ။ကလေးမရနိုင်လို့ထာဝရဘုရားသခင်ဆီမှာကြာမြင့်စွာဆုတောင်းပြီး၊စိတ်နှလုံးကိုသွန်းလောင်းတဲ့သူပါ၊ဘုရားသခင်နားညောင်းပြီးရလာတဲ့ကလေးကို”ရှမွေလ”(ဘုရားသခင်ဆီမှတောင်းလာသော)ဆိုပြီးမှည့်ပေးခဲ့ပါတယ်။တခါထဲမှာဘဲဒီသားကိုဘုရားအမှုထမ်းဆောင်ဖို့ဗိမာန်တော်ထဲအပ်နှံခဲ့ပါတယ်။ဒီမိခင်ရဲ့ဆုတောင်းခြင်းအားဖြင့်ရှမွေလကြီးလာတဲ့အခါတကယ့်ဘုရားအသုံးပြုသောသူ၊အရိုက်အရာသုံးမျိုး”ယဇ်ပရောဟိတ်၊ပရောဖက်၊တရားသူကြီး”ရှိပြီး၊ယုံကြည်သူတိုင်းကိုယနေ့ထိလှုပ်ခက်စေနိုင်သူဖြစ်ခဲ့ပါတယ်။

၃။နောမိ(ရုသဝတ္ထု ၁:၂၂)
မေတ္တာစံပြမိခင်ဖြစ်သလိုသူတပါးအတွက်အမြဲစဉ်းစားစာနာပေးတတ်တဲ့မိခင်ဖြစ်ပါတယ်၊ကိုယ့်သားသမီးပေါ်မှာတင်မေတ္တာရှိနေတာထက်ချွေးမတွေအပေါ်မေတ္တာအပြည့်ရှိခဲ့တဲ့မိခင်ပါ။ဒါကြောင့်လဲသမီးရင်းမဟုတ်တဲ့ချွေးမဖြစ်သူရုသဟာယောင်္ကျားဆုံးသွားပေမယ့်၊ယောက္ခမဖြစ်တဲ့နောမိနောက်ကိုသေတဲ့ထိလိုက်ရဲခဲ့တာပါ။

၄။မာရိ(တမန်တော်၁၂:၁၂၊၂၅)
ပေးကမ်းလှုဒါန်းတဲ့မိခင်ဖြစ်ပါတယ်။သမ္မာကျမ်းစာမှာဘုရားကိုချစ်ကြတဲ့နာမည်တူမာရိပေါင်း၇ယောက်လောက်ရှိတာတွေ့ရပါတယ်၊ခုပြောချင်တဲ့မာရိကတော့မာကုရဲ့မိခင်ပါ။ကနဦးယုံကြည်သူတွေဟာသူ့အိမ်မှာစုဝေးပြီးဆုတောင်းဝတ်ပြုမှုလုပ်ကြတာပါ။နောက်ပြီးရှင်မာကုခရစ်ဝင်ကိုရေးတဲ့သူဟာနဂိုကသူ့သားဖြစ်ပါတယ်၊ပေါလုနဲ့ဗာနဗဧဝံဂေလိမှာပါဝင်ဖို့သားကိုမိခင်ကမတားမြစ်ဘဲတွန်းအားဖြစ်စေခဲ့တာပါ။ဒါကြောင့်ဒီမိခင်ဟာမိမိအိမ်၊မိမိသားကိုဘုရားအတွက်ပေးလှူခဲ့တဲ့မိခင်ဖြစ်ပါတယ်။

၅။ဥနိတ်(၂တိ ၁:၄)
ဘုရားတရားကိုင်းရှိုင်းမှုမှာစံပြမိခင်ဖြစ်သလိုအိမ်တွင်းသားသမီးပေါ်သွန်သင်မှုအတော်ကောင်းခဲ့တဲ့မိခင်ဆိုလဲမမှားပါဘူး။သူမဟာတိမောတေရဲ့မိခင်ပါ။တိမောတေဟာရှင်ပေါလုကိုယ်တိုင်သေချာပျိုးထောင်ပြီးသူ့ရဲ့အလုပ်ကိုဆက်ခံခဲ့သူပါ၊အထူးသဖြင့်တိမောတေကိုရေးပေးတဲ့ဩဝါဒစာစောင်ထဲမှာရှင်ပေါလုက တိမောတေဒီလိုတော်ပြီးဘုရားအမှုတော်မှာသစ္စာရှိနေရခြင်းဟာမိခင်နဲ့အဘွားရဲ့ငယ်စဉ်ကတည်းကသွန်သင်မှုဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်မိခင်တွေရဲ့သွန်သင်မှုကသားသမီးပေါ်အလွန်အရေးပါနေတာတွေ့ရပါတယ်။