ဘုရားနားညောင်းသောဆုတောင်းခြင်း
(အခြေပြုကျမ်း-၃ရာ၁၈:၁၊၁၈:၄၂-၄၆)
နိဒါန်း
ဒီနေ့ဖတ်သွားတဲ့ကျမ်းချက်မှာပရောဖတ်ဧလိယရဲ့ဆုတောင်းခြင်းကိုတွေ့ရပါတယ်၊ဒီကိစ္စမတိုင်ခင်ရှေ့အခန်းကြီး၁၇မှာဧလိယကမိုးမရွာဖို့ဘုရားဆီဆုတောင်းလို့မိုးက၃နှစ်ခွဲမရွှာဘဲဖြစ်နေခဲ့ပါတယ်။၃နှစ်ခွဲကြာပြီးနောက်ပြန်ဆုတောင်းလို့မိုးစရွှာခဲ့ပါတယ်။ဒါဟာအင်မတန်ကြီးမားတဲ့ဆုတောင်းခြင်းပါ။ဒါဆိုရင်ဧလိယကဘယ်လိုဆုတောင်းခဲ့လို့ဘုရားသခင်နားညောင်းခဲ့တာလဲ?ယနေ့ဧလိယရဲ့ဆုတောင်းချက်ကနေအတူတကွဆင်ခြင်ခွန်အားယူကြပါစို့။
၁။ကတိတော်ကိုဆွဲကိုင်ဆုတောင်းခြင်း
၃ရာ၁၈:၁မှာ”ကာလအင်တန်ကြာ၍ သုံးနှစ်စေ့သောအခါ၊ ဧလိယသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်က၊ သင်သည် အာဟပ်မင်းအားသွား၍ ကိုယ်ကိုပြလော့။ ငါသည်လည်း မြေပေါ်မှာမိုးရွာစေမည်”လို့ဘုရားသခင်ကဧလိယကိုပြောလာတာပါ။ဒါဟာဘုရားသခင်ရဲ့ဂတိတော်ဖြစ်တယ်၊ဒါကြောင့်ရှေ့လျှောက်ဖြစ်လာမဲ့ဧလိယရဲ့ဆုတောင်းချက်ဟာကိုယ့်သဘောမဟုတ်ဘဲဘုရားသဘောနဲ့ကတိတော်ကိုဆုပ်ကိုင်တဲ့ဆုတောင်းခြင်းမျိုးဖြစ်ပါတယ်။ယနေ့ကျွန်တော်တို့ရဲ့ဆုတောင်းခြင်းတိုင်းမှာလဲဧလိယလိုဘုရားသခင်ပေးထားတဲ့ကတိတော်ကိုဆုပ်ကိုင်တတ်ရပါမယ်။
ဆိုတော့ဘုရားသခင်ကကျွန်တော်တို့ကိုဘာကတိတော်တွေပေးထားပြီလဲ?ယနေ့သမ္မာကျမ်းစာထဲမှာဘုရားသခင်လူသားတိုင်းကိုပေးထားတဲ့ကတိတော်တွေအများကြီးရှိနေပါတယ်၊ဒီကတိတော်ကိုသေချာဖတ်ရှုဆုပ်ကိုင်ပြီးဆုတောင်းရင်ဘုရားသခင်နားညောင်းမှာဧကန်ပါဘဲ။ဘာကြောင့်လဲဆိုတော့ဘုရားသခင်ဟာသူပြောထားပြီးသားစကားကိုလုံးဝဖောက်ပြန်မည်မဟုတ်ပါ။
သမ္မာကျမ်းစာမှာဘုရားသခင်ရဲ့ကတိတော်ကိုအမိအရဆုပ်ကိုင်ပြီးဆုတောင်းသူတွေထဲဧလိယပြီးရင်ယာကုပ်လဲအပါအဝင်ပါ။ကမ္ဘာဦးကျမ်း ၃၂:၉-၁၂ထဲမှာယာကုပ်ကဘုရားသခင်ပြောခဲ့တဲ့စကားတော်၊ကတိတော်ကိုအပီစွဲကိုင်ပြီးဆုတောင်းခဲ့တာတွေ့ရမှာဖြစ်ပါတယ်။နောက်ပိုင်းဘုရားသခင်လဲသူ့ဆုတောင်းသံကိုနားညောင်းပြီးပြည့်စေခဲ့ပါတယ်။
ချစ်သောညီကိုမောင်နှမတို့၊ဒါဟာဘုရားသခင်ရဲ့ကတိတော်ကိုဆုပ်ကိုင်ပြီးဆုတောင်းခြင်းဖြစ်ပါတယ်၊တန်းခိုးနိမိတ်ဖြစ်လာစေမဲ့ဆုတောင်းခြင်းမျိုးပါ၊ဟာလေလုယာ။ဒါကြောင့်ကိုယ့်ဆုတောင်းချက်ကိုဘုရားသခင်နားညောင်းစေလိုလျှင်အဦးဆုံးလုပ်ရမှာကဘုရားသခင်ရဲ့ကတိတော်ကိုဆုပ်ကိုင်တတ်ပြီးဆုတောင်းဖို့လိုအပ်ပါပေတယ်။
၂။အပြစ်ဝန်ချပြီးဆုတောင်းခြင်း
၃ရာ၁၈:၃၆-၄၀အရပရောဖက်ဧလိယဟာဒီဆုတောင်ခြင်းမလုပ်ခင်ဗာလဘုရားရဲ့အစေအပါ၄၅၀ကျော်တွေနဲ့တောင်ပေါ်မှာဘုရားစစ်စိန်ခေါ်ပွဲလုပ်ခဲ့ပါတယ်၊အဲဒီမှာဗာလအစေအပါတွေအကုန်ရှုံးပြီးဘုရားသခင်ကဧလိယရဲ့ယဇ်ပေါ်ကောင်းကင်ကမိးကျစေတာကိုဣသရေလလူတွေမြင်တဲ့အခါ၊တမျိုးသားလုံးနောင်တရပြောင်းလဲပြီးဘုရားကိုကိုးကွယ်လာခဲ့ကြတာပါ။တနည်းအားဖြင့်ပြောရရင်ဧလိယရဲ့ဆုတောင်းခြင်းဟာအပြစ်ဝန်ချပြီးတောင်းတဲ့ဆုတောင်းချက်ဖြစ်ပါတယ်။ဒါကိုဘုရားသခင်နှစ်သက်လို့ဆုတောင်းချက်ကိုနားညောင်းတော်မှုခဲ့တယ်။ယနေ့ယုံကြည်သူတွေရဲ့ဆုတောင်းခြင်းမှာလဲအဆင့်၃မျိုးခွဲပါတယ်၊ပထမအဆင့်ကချီးမွမ်းကျေးဇူးတင်ခြင်း၊ဒုတိယအနေနဲ့အပြစ်ဝန်ချခြင်းနဲ့၊တတိယအဆင့်မှကိုယ်လိုတဲ့အရာကိုတောင်းခံခြင်းဖြစ်ပါတယ်။ဒီနေရာမှာသတိပြုရမှာကလိုချင်တဲ့အရာကိုမတောင်းခင်မိမိအပြစ်ရှိသမျှကိုဘုရားရှေ့ဝန်ချရပါတယ်၊ဆာလံဆရာကဆာလံကျမ်း ၆၆:၁၈မှာ”ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။”လို့ဆိုထားသလို၊ဟေရှာယအနာဂတ္တိကျမ်း ၅၉:၂မှာ”သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ကြားတော်မမူစေခြင်းငှာ၊သင်တို့အပြစ်သည်မျက်နှာတော်ကို လွှဲစေပြီ။”လို့ရှင်းရှင်းလေးဖော်ပြထားပါတယ်၊တနည်းအားဖြင့်ကျွန်တော်တို့ရဲ့အားနည်းမှုတွေဟာကျွန်တော်တို့ရဲ့ဆုတောင်းသံကိုဘုရားဆီရောက်ဖို့အတားဆီးတခုဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်ရဲ့နားညောင်းမှုကိုလိုချင်ရင်ဆုမတောင်းခင်အပြစ်ဝန်ချပါ။ဒါအရေးကြီးလှပါပေတယ်။
၃။နှိမ့်ချခြင်းဖြင့်ဆုတောင်းခြင်း
ယနေ့ဖတ်သွားတဲ့ကျမ်းချက်အရ၊ပရောဖတ်ဧလိယရဲ့ဆုတောင်းခြင်းမှာဘာတွေဆုတောင်းသွားသလဲဆိုတာမဖော်ပြပါဘူး။ဒါပေမဲ့သူဘယ်လိုပုံစံအနေအထားနဲ့ဆုတောင်းသွားခဲ့သလဲဆိုတာကိုတော့ဖော်ပြထားပါတယ်။၃ရာ၁၈:၄၂ထဲမှာ”ဧလိယသည် ကရမေလတောင်ပေါ်သို့ တက်၍၊မြေ၌ပြပ်ဝပ်လျက်မျက်နှာကိုဒူးကြားမှာထားလျက်၊ဆုတောင်းတယ်”လို့ရေးမှတ်ထားပါတယ်။ညီကိုမောင်နှမတို့မြင်ယောင်ကြည့်ပါ၊မြေပေါ်ပြပ်ဝပ်ပြီးမျက်နာကိုဒူးကြားမှာထားတဲ့အနေအထားကိုပေါ့။ဒါမှပိုခံစားနားလည်နိုင်မှာပါ။ဒါဟာဧလိယရဲ့နှိမ့်ချသောအပြုအမူတခုဘဲဖြစ်ပါတယ်။တကယ်တမ်းဧလိယဟာဘယ်သူ့ရှေ့မှာမှဒီလိုအနေအထားလုပ်လေ့မရှိပါဘူး၊ဘုရင်ဖြစ်တဲ့အာဟပ်မင်းရှေ့မှာတောင်အပြစ်ကိုရဲရဲတောက်ဖော်ပြပေးခဲ့တာပါ။ဒါပေမဲ့ဘုရားရှေ့မှောက်ရောက်လာတဲ့အခါသူဟာကလေးတယောက်ပမာနှိမ့်ချပြီးဆုတောင်းခဲ့တာပါ။ဒါကြောင့်လဲဆာလံဆရာကဆာလံကျမ်း ၁၀:၁၇မှာစိတ်နှိမ့်ချလျက်ရှိသောသူတို့ရဲ့ဆုတောင်းခြင်းကိုဘုရားသခင်ကြားတော်မူတယ်လို့ဆိုထားတာပါ။နောက်ပြီး(လုကာ၁၈:၁၀-၁၃)မှာလဲယေရှုခရစ်တော်ကမတူညီတဲ့လူနှစ်ဦးဆုတောင်းတဲ့ဥပမာပေးခဲ့တာပါ။ပထမလူကဖာရိရှဲပါ၊ဒုတိယလူကအခွန်ခံဖြစ်ပါတယ်။ဖာရိရှဲကသူဘယ်လောက်ကောင်းကြောင်းဘုရားရှေ့မှာထပြီးပြောပါတယ်၊အခွန်ခံကတော့ဗိမာန်တော်ထဲတောင်မဝင်ရဲဘဲ၊တခါးဝမှာခေါင်းမဖော်ရဲဘဲ၊ရင်ထုပြီးနှိမ့်ချစွာဆုတောင်းခဲ့ပါတယ်။ဒီလူနှစ်ယောက်ထဲမှာသခင်ယေရှုကအခွန်ခံဟာအဲဒီဖာရိရှဲထက်ဖြောင့်မတ်ပြီလို့မှတ်ချက်ပေးခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ရှင်လုကာခရစ်ဝင် ၁၈:၁၄မှာ “ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသောသူမည်သည်ကား၊ချီးမြှောက်ခြင်းသို့ရောက်လတံ့လို”ယေရှုပြောထားပြီးဖြစ်ပါတယ်။
ချစ်သောညီကိုမောင်နှမတို့ယနေ့ကျွန်တော်တို့တတွေလဲဧလိယလို၊ကျမ်းစာရဲ့သွန်သင်ချက်ထဲကလို၊ဆုတောင်းတိုင်းမှာစိတ်နှိမ့်ချပြီးတောင်းသင့်ပါပေတယ်။ဒါဟာဘုရားသခင်နှစ်သက်ပြီနားညောင်းမဲ့ဆုတောင်းခြင်းဖြစ်လို့ပါဘဲ။
၄။လက်တွေ့စစ်ဆေးဆုတောင်းခြင်း
၃ရာ၁၈:၄၂-၄၄အရပရောဖတ်ဧလိယဆုတောင်းတဲ့အခါမှာလုပ်လေ့တခုရှိပါတယ်၊အဲဒါကတော့ဆုတောင်းပြီးတိုင်းသူ့ကျွန်ငယ်သားကိုအခြေအနေသွားကြည့်ခိုင်းတာပါ၊ငယ်သားကဘာမှမတွေ့ဘူးဘာမှမထူးခြားဘူးပြောလာတဲ့အခါဧလိယကထပ်မံပင်လယ်ဆီသွားပြီးဆက်ကြည့်ခိုင်းပါတယ်၊ဒီလိုရှေ့နောက်၇ကြိမ်တိတိကြည့်ရှုစစ်ဆေးစေခဲ့တယ်လို့ကျမ်းစာကဆိုထားပါတယ်။နောက်ဆုံးတကြိမ်မှာတိမ်လက်ဖဝါးလောက်တခုတွေ့တဲ့အထိပေါ့၊အဲဒီချိန်မှဧလိယကအာဟပ်မင်းကိုမိုးမမိအောင်ရထားစီးပြီးအမြန်ပြန်ဖို့ပြောခိုင်းလိုက်ပါတယ်။တကယ်လဲမိုးကြီးမိုကောင်းရွှာသွန်းခဲ့ပါတယ်။
ချစ်သောညီကိုမောင်နှမတို့ယနေ့ကျွန်တော်ကျွန်မတို့ရဲ့ဆုတောင်းခြင်းတွေမှာလဲဆုတောင်းပြီးလက်တွေ့အသက်တာမှာဘုရားသခင်ဘယ်လိုနားညောင်းသလဲဆိုတာစစ်ဆေးကြည့်ရှုတတ်ရပါမယ်။ယနေ့များသောအားဖြင့်ကျွန်တော်တို့တွေဟာဆုတောင်းပြီးဒီတိုင်းပစ်ထားတတ်ကြပါတယ်။သူတပါးကိုဆုတောင်းပေးရင်လဲဆုတော့တောင်းပေးပြီးအဆင်ပြေသွားလားမပြေသေးဘူးလားဆိုတာဆက်မမေးတတ်ကြပါဘူး၊တချို့ဆိုရင်လူနာအတွက်ဆုတောင်းပေးနေတာလူနာကသေသွားတာကိုတောင်မသိဘဲသက်သာဖို့ဆက်ဆုတောင်းနေတုန်းဖြစ်တတ်ပါတယ်။ဆိုတော့ဆုတောင်းတာအင်မတန်ကောင်းပါပေတယ်၊။ဒါပေမဲ့ဆုတောင်းပြီးလက်တွေ့အသက်တာမှာသွားမစစ်ဆေးဘူးဆိုရင်၊ဆုတောင်းခြင်းကသေနေပြီဆိုတာသတိပြုပါ။ဒါကြောင့်ယနေ့ကျွန်တော်တို့ရဲ့ဆုတောင်းသံကိုဘုရားသခင်ကနားညောင်းဖို့ဆုတောင်းပြီးတိုင်းအသက်တာမှာစီစစ်ကြည်ရှု့စောင့်မျော် ဖို့လိုအပ်ပါတယ်။ဘုရားနားညောင်းပေးပြီဆိုရင်ချီးမွမ်းလိုက်ပါ။ခုထိနားမညောင်းသေးရင်ဆက်လက်ဆုတောင်းပါ။
သမ္မာကျမ်းစာထဲမှာကိုယ့်ဆုတောင်းချက်ကိုလက်တွေ့စစ်ဆေးခံယူတာဧလိယပြီးရင်နောက်တယောက်ရှိပါသေးတယ်၊အဲဒီလူကတော့အာဗြံဟံရဲ့ကျွန်ကြီးပါ၊(ကမ္ဘာ12-14)အရအာဗြံဟံကသူ့ကိုသားဣဇက်အတွက်မိန်းမသွားယူပေးဖို့ရွာကိုစေလွတ်ခဲ့တယ်၊ဒီကျွန်ကြီးဟာဘယ်လိုလုပ်ရမှန်းမသိလို့သက်သေရဖို့ဆုတောင်းပါတယ်၊ဆုတောင်းပြီးတာနဲ့လက်တွေ့မှာဘုရားနားညောင်းမညောင်းစစ်စေးပြီးအောင်မြင်မှုကိုရရှိခဲ့ပါတယ်။ဒါကြောင့်သူကိုယ်တိုင်ဘုရားသခင်ကိုကျေးဇူးတင်ခဲ့တာပါ။
ချစ်သောညီကိုမောင်နှမတို့
ယနေ့ကျွန်တော်တို့ရဲ့ဆုတောင်းချက်တိုင်းမှာလက်တွေ့စစ်စေးခံယူမှုတွေရှိနေပြီလား၊စစ်စေးခြင်းဟာမယုံကြည်ခြင်းမဟုတ်ပါ၊ယုံကြည်သောသူများလုပ်သင့်တဲ့အချက်ဖြစ်ပါတယ်။
နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ဒီနေ့မှာပရောဖတ်ဧလိယရဲ့ဆုတောင်းခြင်းအားဖြင့်ဘုရားသခင်နားညောင်းတဲ့ဆုတောင်းခြင်းကိုသင်ယူခဲ့တာဖြစ်ပါတယ်၊အထူးသဖြင့်ဘုရားသခင်နားညောင်းသောဆုတောင်းခြင်းဆိုတာဘုရားရဲ့ကတိတော်ကိုဆုပ်တတ်ခြင်း၊နောင်တနဲ့အပြစ်ဝန်ချပြီး၊နှိမ့်ချသောစိတ်နဲ့ဆုတောင်းခြင်းဘဲဖြစ်ပါတယ်။ဆုတောင်းပြီးတိုင်းမှာလဲဒီဆုတောင်းချက်အပေါ်လက်တွေ့ဘုရားဘယ်လိုအလုပ်လုပ်ကြောင်းစစ်ဆေးရမှာပါ။ဒါကြောင့်ယနေ့နူတ်ကပတ်တော်ကိုနားထောင်ဖတ်ရှုနေတဲ့ညီကိုမောင်နှမများဒီတရားဒေသနာအားဖြင့်အသက်တာမှာတည်ဆောက်စရာဖြစ်စေပါ၊ယုံကြည်ခြင်းအားဖြင့်ယေရှုနာမနဲ့ဒီအခိက်၄ချက်တိုင်းဆုတောင်းခဲ့ရင်၊ကျွန်တော်တို့ရဲ့ဆုတောင်းချက်တိုင်းဟာဘုရားနားညောင်းပါလိမ့်မည်(အလိုတော်ရှိသမျှ)။အားလုံးပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။