• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခရစ်တော်ရဲ့သံတမန်

ဆရာရဲမင်း

10 月 25, 2024

ခရစ်တော်ရဲ့သံတမန်

အခြေပြုကျမ်း-၂ကော၅:၂၀ထိုကြောင့် ငါတို့သည် ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည် ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အား ဖြင့် နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန်သွေးဆောင် ကြ၏။

၁။ခရစ်တော်သံတမန်ဆိုတာဘာလဲ?
သံတမန်ဆိုတာတာဝန်တခုခုလွဲအပ်ခံရပြီးဒီတာဝန်ကိုတဦးတယောက်တနိုင်ငံသို့အဖွဲ့အစည်းတခုခုကိုကိုယ်စားပြုလုပ်ဆောင်ဖို့စေလွတ်ခံရသူမျိုးဖြစ်ပါတယ်။ဥပမာအမေရီကန်ကနေမြန်မာပြည်သို့စေလွတ်လာတဲ့သံတမန်တဦးဟာအမေရီကန်နိုင်ငံကိုယ်စားပြုပြီးသူလုပ်ဆောင်ရမယ့်အရာသည်အမေရီကန်အစိုးရမှပေးလိုက်တဲ့တာဝန်ကိုလာလုပ်ဆောင်ခြင်းပင်ဖြစ်သည်။ဆိုတော့”ခရစ်တော်၏သံတမန်”ဆိုတာခရစ်တော်ယေရှုကနေပေးအပ်လိုက်တဲ့တာဝန်ကိုလုပ်ဆောင်နေသောခရစ်တော်ကိုယ်စားပြုများဘဲဖြစ်ပါတယ်။ကိုယ့်သဘောနဲ့ကိုယ်လုပ်ချင်တာလုပ်ပြီးသွားချင်ရာသွားရတဲ့အလုပ်မျိုးမဟုတ်ပါ။သခင်စေရာကိုသစ္စာရှိရှိနဲ့သွားပြီးသခင်ပြောခိုင်းလုပ်ခိုင်းတာကိုမပေါင်းမနုတ်ဘဲတိကျစွာချပြဖို့လိုပါတယ်။ဒါမှခရစ်တော်၏သံတမန်စစ်ဖြစ်ပါမည်။

၂။ဘယ်သူတွေကခရစ်တော်သံတမန်လဲ?
ကျမ်းချက်ရဲ့ပထမတခွန်းထဲမှာဘဲ”ငါတို့သည်ခရစ်တော်သံတမန်ဖြစ်ကြ၏”ဆိုထားပါတယ်။ဘယ်သူတွေကခရစ်တော်သံတမန်ဖြစ်နေတာလဲ?ဘာကြောင့်ခရစ်တော်သံတမန်ဖြစ်လာရသလဲ?ကျမ်းချက်ရဲ့ပထမတခွန်း”ထိုကြောင့်”ကိုကြည့်ခြင်းအားဖြင့်ရှေ့မှာဘာကြောင့်ခရစ်တော်သံတမန်ဖြစ်ရလဲဆိုတာဖော်ပြထားလို့ဖြစ်ပါတယ်။အငယ်၁၇မှာလူမည်သည်ကားခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်ခံရတဲ့သူဖြစ်တယ်ဆိုပါတယ်၊တနည်းအားဖြင့်အပြစ်သားမှန်သမျှနောင်တရပြောင်းလဲပြီးခရစ်တော်ကိုယုံကြည်လက်ခံလာသူတိုင်းဟာအသစ်ပြုပြင်ခြင်းကိုခံစားရမှာပါ။အသစ်ပြုပြင်ခြင်းခံရသူတိုင်းဟာဘုရားသားသမီးဖြစ်ခွင့်ရသလို”ခရစ်တော်ရဲ့သံတမန်”တွေဖြစ်လာကြတာပါ။ဒါကြောင့်ယနေ့ယုံကြည်သူတိုင်းဟာခရစ်တော်ရဲ့သံတမန်တွေဘဲဖြစ်ပါတယ်။

၃။ခရစ်တော်သံတမန်ရဲ့တာဝန်
သံတမန်လို့ဆိုလိုက်တာနဲ့ဘာအတွက်ကြောင့်စေလွတ်ခံရသလဲဆိုတာအရေးကြီးပါတယ်၊အထူးသဖြင့်ယနေ့ခရစ်တော်ရဲ့သံတမန်တွေမှာဘာတာဝန်တွေရှိနေလဲ?သံတမန်တိုင်းမှာများသောအားဖြင့်ငြိမ်းချမ်းရေးအတွက်စေလွတ်ခံရတတ်ပါတယ်။ယနေ့ခရစ်တော်စေလွတ်တဲ့အကြောင်းရင်းထဲမှာလဲငြိမ်းချမ်းရေးကိုအဓိကလုပ်ဆောင်ဖို့မှာကြားခဲ့တာပါ။ကျမ်းချက်ကိုသေချာလေ့လာကြည့်တဲ့အခါခရစ်တော်ရဲ့သံတမန်တွေလုပ်ဆောင်ရမယ့်အချက်၂ချက်ကိုတွေ့ရပါလိမ့်မယ်။”ရန်ကိုငြိမ်း၍” “ဘုရားသခင်နဲ့မိဿဟာယဖွဲ့ဖို့”ဖြစ်ပါတယ်။
(က)ရန်ကိုငြိမ်းစေခြင်း
လူလူချင်းသင့်မြတ်ဖို့နဲ့ငြိမ်းချမ်းစွာလုပ်ကိုင်နေထိုင်ဖို့အတွက်ဖြစ်ပါတယ်။မြင်နေရတဲ့လူတွေဟာဘုရားသခင်ဖန်ဆင်းထားတဲ့လူချင်းချင်းမို့ရန်ငြိုးမထားဘဲချစ်တတ်ဖို့နဲ့ရန်ငြိုးတွေကိုမေတ္တာအားဖြင့်ငြိမ်းချမ်းစေဖို့ခရစ်တော်ကယုံကြည်သူတွေကိုစေလွတ်ထားတာဖြစ်ပါတယ်။
(ခ)ဘုရားသခင်နဲ့သင့်မြတ်ခြင်း
လူတိုင်းကိုဘုရားသခင်နဲ့မိတ်ဆက်ပေးခြင်း၊သခင်ယေရှုရဲ့ကယ်တင်ခြင်းကိုဟောကြားခြင်းအားဖြင့်ဘုရားသခင်ကိုမသိသေးသူအတွက်ဘုရားသခင်နဲ့ပြန်လည်မိဿဟာယဖွဲ့နိုင်ဖို့ခရစ်တော်ဟာယုံကြည်သူတိုင်းကိုသူ့ရဲ့သံတမန်အဖြစ်စေလွတ်ထားတာပါ။

ချစ်သောမိတ်ဆွေ
ယနေ့သင်ဟာယုံကြည်သူတယောက်ဆိုရင်ခရစ်တော်ရဲ့သံတမန်ဖြစ်တယ်ဆိုတာသိပါသလား?ဘုရင်တကာဘုရင်အရှင်တကာအရှင်ဖြစ်တဲ့ယေရှုခရစ်တော်ကသင့်ကိုစေလွတ်ထားတာသိပြီလား?ယနေ့သင့်တာဝန်ဟာငြိမ်းချမ်းရေးကိုဖော်ဆောင်ပြီးရန်ကိုငြိမ်းစေသောသူ၊ဘုရားသခင်ရဲ့ဧဝံဂေလိတရားကိုဝေငှသောသူဖြစ်တယ်ဆိုတာမမေ့ပါနှင့်။လောကအရာများကြောင့်မိမိရဲ့တာဝန်ကိုမေ့နေပြီလား?ဆရာကြီးယုဒသန်လိုသစ္စာရှိသောခရစ်တော်၏သံတမန်စစ်များဖြစ်ကြပါစေ။အာမင်။