• 周四. 4 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

တောင်ပေါ်ဒေသနာမင်္ဂလာ၈ပါး(၅)သနားစုံမတ်တတ်သောသူ

ဆရာရဲမင်း

10 月 24, 2024

သနားစုံမတ်တတ်သောသူ
အခြေပြုကျမ်း-ရှင်မဿဲ ၅:၇

နိဒါန်း
ချစ်သောညီကိုမောင်နှမများအားလုံးခရစ်တော်၌မင်္ဂလာပါ။ကျွန်တော်တို့ပြီးခဲ့တဲ့အတောတွင်းမင်္ဂလာ၈ပါးထဲကရှေ့လေးပါးကိုဝေငှခဲ့ပြီးပါပြီ။တကယ်တမ်းဒီတောင်ပေါ်ဒေသနာထဲကမင်္ဂလာရှစ်ပါးဟာနှစ်ပိုင်းခွဲထားတာသေချာလေ့လာရင်သိရပါလိမ့်မယ်၊ရှေ့လေးပါးကဘုရားနဲ့သက်ဆိုင်နေပြီး၊နောက်လေးပါးကလူလူချင်းနဲ့ပတ်သတ်နေပါတယ်။ဒါဟာပညတ်တရားအချုပ်အချာဖြစ်တဲ့ဘုရားကိုချစ်ခြင်းနဲ့လူကိုချစ်ခြင်းသဘောသက်ရောက်နေပါတယ်။ဒါကြောင့်ဒီနေ့မနက်ကစပြီးလူလူခြင်းနဲ့ပတ်သတ်တဲ့နောက်ပိုင်းမင်္ဂလာလေးပါးကိုစဝေငှသွားမှာဖြစ်ပါတယ်။ဆိုတော့ဒီနေ့မနက်မှာမင်္ဂလာရှစ်ပါးထဲမှနံပတ်ငါးတပါးဖြစ်တဲ့သနားစုံမက်တတ်သောသူအကြောင်းကိုဝေငှမှာဖြစ်ပါတယ်။

၁။သနားစုံမတ်ခြင်းဆိုတာဘာလဲ?
ယနေ့ဖတ်သွားတဲ့ရှင်မသဲ၅:၇မှာ”သနားစုံမက်တတ်သောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကား၊ထိုသူတို့သည်သနားစုံမက်ခြင်းကိုခံရကြလတံ့။”လို့ဖော်ပြထားပါတယ်။ဆိုတော့သနားစုံမတ်တတ်သောသူဆိုတာစကားလုံးကရှင်းလွန်းပါတယ်၊တနည်းအားဖြင့်ပြောရရင်သနားစုံမတ်ခြင်းဆိုတာသူတပါးရဲ့အခက်ခဲကိုသိရှိနားလည်ပြီးကြင်နာတတ်သောသူ၊ဂရုဏာသက်သောသူဘဲဖြစ်ပါတယ်။ဒါကရိုးရိုးသနားခြင်းနဲ့တော့မတူပါဘူး၊ရိုးရိုးသနားခြင်းကတဖတ်သားအခက်ခဲကိုအထူးမသိပေမဲ့ကူညီတဲ့သဘောပါ၊ဒါပေမဲ့ဒီနေရာမှာဖော်ပြထားတဲ့သနားစုံမတ်ခြင်းဆိုတာသူတပါးအခက်ခဲကိုသေချာနားလည်ပြီးဂရုဏာဖြစ်ခြင်းဖြစ်ပါတယ်။သမ္မာကျမ်းစာရှင်မာကု၁:၄၀-၄၅မှာနူနာစွဲသောသူကိုယေရှုကသနားသောစိတ်ဝင်တယ်လို့ဖော်ပြထားပါတယ်။တကယ်တမ်းတော့ဒီနူနာစွဲနေတဲ့သူဟာယေရှုအကြောင်းအနည်းနဲ့အများကြားဖူးမှာပါ၊ယေရှုကသူ့ကိုကုသနိုင်ကြောင်းသူယုံကြည်ပါလိမ့်မယ်၊ဒါပေမဲ့ယေရှုကတကယ်ဘဲသူ့ကိုကူညီပါ့မလား၊သနားပါ့မလားဆိုတာတော့သူသိပ်မသေချာဘူးဖြစ်နေခဲ့တာပါ၊ဒါကြောင့်မာကု၁:၄၀မှာနူနာစွဲသောသူကကယေရှုရှေ့ဒူးထောက်ပြီးအလိုရှိရင်သန့်ရှင်းပေးပါလို့တောင်းခဲ့တာပါ။ဒီနေရာမှာသမ္မာကျမ်းစာကယေရှုခရစ်တော်ဟာသနားစိတ်ရှိသဖြင့်ဆိုပြီးသူ့ကိုသန့်ရှင်းအောင်ကုသပေးခဲ့ပါတယ်။ဒီကျမ်းချက်ကိုသေချာလေ့လာဖတ်ရှုလိုက်တဲ့အခါယေရှုခရစ်တော်ဟာလူတွေအပေါ်ဘယ်လိုသနားကြင်နာတတ်သလဲသိပါလိမ့်မယ်။

ချစ်သောညီကိုမောင်နှမတို့၊သနားစုံမတ်တတ်ခြင်းဆိုတာကသူတပါးအခက်ခဲကိုသိရှိနားလည်ပြီးသနားစိတ်ရှိခြင်းဘဲဖြစ်ပါတယ်။သနားစိတ်ဘဲရှိနေတာမဟုတ်၊လက်တွေ့ကူညီဖေးမခြင်းဖြစ်ပါတယ်။ဒါကြောင့်သူတပါးကိုကူညီနိုင်ပေမဲ့ကူညီချင်တဲ့စိတ်မရှိရင်သနားစုံမတ်ခြင်းမဟုတ်သေးပါ၊နောက်ပြီးသူတပါးကိုတော့တအားကူညီချင်တယ်၊ဒါပေမဲ့စိတ်ထဲဘဲထားထားပြီးလက်တွေ့မကူညီခဲ့ဘူးဆိုရင်လဲသနားစုံမတ်ခြင်းမဟုတ်သေးပါဘူး။စစ်မှန်သောသနားစုံမတ်ခြင်းဆိုတာသနားစိတ်ဝင်ပြီး၊လက်တွေ့မှာတကယ်အကူညီပေးခြင်းဘဲဖြစ်ပါတယ်။ဆိုတော့ဘယ်သူတွေဟာသနားစုံမတ်တတ်သောသူတွေလဲ?အသက်တာမှာသူတပါးရဲ့အခက်ခဲကိုဥပေက္ခာပြုထားသူမဟုတ်ဘဲလက်တွေ့ကူညီတတ်သောသူ၊သနားစိတ်ရှိသောသူ၊ကြင်နာတတ်သောသူဟာဒီနေ့ကျမ်းစာမှာပြောတဲ့မင်္ဂလာရှိတဲ့သူဘဲဖြစ်ပါတယ်။ဒီလိုလူဟာသနားစုံမတ်ခြင်းကိုပြန်ခံစားရမယ်လို့ကျမ်းစာကဖော်ပြပါတယ်။

၂။သနားစုံမတ်ခြင်းကိုခံစားရမယ်ဆိုတာဘာလဲ?
သနားစုံမတ်တတ်သောသူဆိုတာဘာလဲကျနော်တို့နားလည်ခဲ့ပြီ၊အခုကျွန်တော်တို့ဆက်လက်ပြီးသနားစုံမတ်တတ်သောသူဟာသနားစုံမက်ခြင်းကိုခံရမယ်ဆိုတာကိုအတူတကွလေ့လာကြရအောင်။များစွာသောအားဖြင့်ယုံကြည်သူအတော်များများဟာဒီကျမ်းချက်ကိုခံယူမှုလွဲတတ်ကြပါတယ်၊ငါကသူများကိုသနားရင်ဘုရားသခင်ကငါ့ကိုသနားမယ်၊ငါကသူများကိုမသနားရင်ဘုရားလဲငါ့ကိုမသနားဘူးဆိုပြီးမှာယွင်းစွာအနက်ပြန်နေတတ်ကြပါတယ်။ညီကိုမောင်နှမတို့ဒီလိုခံယူခြင်းဟာကျမ်းစာတအုပ်လုံးသွန်သင်ထားတဲ့ကျေးဇူးတရားနဲ့ဆန့်ကျင်နေပါတယ်၊တကယ်တမ်းပြောရရင်ကျွန်တော်တို့ကကောင်းနိုင်လို့ဘုရားကကျွန်တော်တို့ပေါ်ကောင်းနေတာလုံးဝမဟုတ်ပါဘူး၊ကျွန်တော်တို့တတွေမကောင်းခင်ကတည်းကဘုရားသခင်ကျွန်တော်တို့မပေါ်တောင်းဆိုချက်မရှိကောင်းခဲ့တာပါ။ဒါကြောင့်ယနေ့ကျွန်တော်တို့လဲသနားထိုက်တဲ့လူကိုမှသနားတာမဟုတ်ဘဲကိုယ်နဲ့စပ်ဆိုင်တဲ့လူအားလုံးအပေါ်ဂရုဏာထားရမှာဖြစ်ပါတယ်။ဥပမာသမ္မာကျမ်းစာထဲကကောင်းသောရှမာရိလိုပေါ့၊သူ့ကိုအရမ်းမုန်းတဲ့ယုဒလူမျိုးတယောက်လမ်းဘေးမှာဓားပြတိုက်ခံရလို့လဲကျနေတဲ့အခါ၊သူ့ကိုမုန်းတဲ့သူပါလားဆိုပြီးသူမကျော်သွားပါဘူး၊သနားစိတ်ဝင်ပြီးလက်တွေ့ကူညီကုသခဲ့ပါတယ်။ဒါကြောင့်သနားစုံမတ်ခြင်းဆိုတာအထူးသဖြင့်သနားလို့ကြင်နာတာဖြစ်ပါတယ်၊တောင်းဆိုချက်လုံးဝမရှိပါဘူး၊ဒါကြောင့်ယနေ့ကျွန်တော်တို့ဟာကိုယ်ဘယ်လောက်လူတွေကိုသနားစုံမတ်နိုင်ခဲ့ပြီဆိုပြီးအကျင့်အားဖြင့်ဘုရားသခင်ရဲ့သနားခြင်းကိုသွားလှဲလယ်ခြင်းမျိုးမဟုတ်ပါ။တနည်းအားဖြင့်ပြောရရင်ဘုရားရဲ့အသနားကိုခံရဖို့လူတွေကိုသနားနေခြင်းမဖြစ်စေပါနဲ့။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သူတပါးကိုသွားမသနားရသေးခင်ဘုရားကအရင်ကျွန်တော်တို့ကိုသနားစုံမတ်ခဲ့ပါပြီ၊ဒါဆိုရင်သနားစုံမတ်ခြင်းခံရမယ်ဆိုတာဘာလဲ?ဆိုလိုတာကခံရထားပြီးတဲ့အရာကိုသက်သေထင်ရှားခြင်းသာဖြစ်ပါတယ်၊ရှင်းရှင်းပြောရရင်ဘုရားရဲ့သနားစုံမတ်ခြင်းခံရဖို့လူတွေကိုသနားစုံမတ်နေတာမဟုတ်ဘဲ၊ဘုရားသခင်ရဲ့သနားစုံမတ်ခြင်းကိုအရင်ခံရလို့သူတပါးကိုသနားစုံမတ်နေခြင်းဘဲဖြစ်ပါတယ်။ဒီလိုနိယာမတရားတွေသမ္မာကျမ်းစာမှာအလွန်အရေးကြီးပါတယ်ဥပမာ၊ရေနှစ်ခြင်းခံလိုက်လို့ကယ်တက်ခြင်းရတာမဟုတ်ဘဲ၊ကယ်တင်ခြင်းရခဲ့လို့ရေနှစ်ခြင်းခံရတာဖြစ်ပါတယ်၊နောက်တခုပြောရရင်အကျင့်ကြောင့်ကယ်တင်ခြင်းရတာမဟုတ်ဘဲကယ်တင်ခြင်းခံရလို့လက်တွေ့ကျင့်ဆောင်လိုက်လျှောက်နေရတာပါ။နောက်တခုပြောရရင်အချင်းချင်းချစ်နေကြလို့ဘုရားသခင်ကကျွန်တော်တို့ကိုချစ်နေတာမဟုတ်ဘူး၊ဘုရားသခင်ကကျွန်တော်တို့ကိုချစ်ခဲ့လို့အချင်းချင်းချစ်နေတာပါ။သနားစုံမတ်ခြင်းဆိုတာလဲဒီအတိုင်းပါဘဲညီကိုမောင်နှမတို့။ဒါဟာဘာနဲ့တူသလဲဆိုရင်၊လျပ်စစ်ပလပ်ပေါက်နဲ့တူပါတယ်၊ပလပ်ပေါက်ဆိုတာမူရင်းလျပ်စစ်တော့မထုတ်နိုင်ပါဘူး၊ဒါပေမဲ့သူတပါးကိုပလပ်ထိုးပြီးသုံးခိုင်းခြင်းဟာသူကိုယ်တိုင်လျပ်စစ်ဓာတ်အားရဖို့မဟုတ်ဘဲသူ့မှာလျပ်စစ်ဓာတ်ရှိကြောင်းသက်သေထူခြင်းသာဖြစ်ပါတယ်။ဆိုတော့သနားစုံမတ်ခြင်းကိုခံရလိမ့်မည်ဆိုတာကိုယ်ကသနားစုံမတ်ခြင်းမခံရသေးတာမဟုတ်ဘဲခံထားပြီးတဲ့သနားစုံမတ်ခြင်းကိုပိုအားကြီးစေခြင်းသာဖြစ်ပါတယ်။

နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ယနေ့မနက်ရဲ့နုတ်ကပတ်တော်အားဖြင့်၊အသက်တာမှာသနားစုံမတ်သောသူဖြစ်စေပါ၊ဒီသနားစုံမတ်သောသူဖြစ်ဖို့အခြားအရာဘာမှမလိုပါဘူး၊ဘယ်လောက်ကျင့်နိုင်မှဖြစ်မယ်ဆိုတာမျိုးလဲမဟုတ်ရပါ။ယနေ့လိုအပ်နေတာကသင့်ရဲ့သဘောတူညီမှုသာဖြစ်ပါတယ်၊သင့်ဖတ်ကသနားစုံမတ်သောသူဖြစ်ဖို့”yes”တခွန်းနဲ့လက်တွေ့လုပ်ဆောင်မယ်ဆိုရင်သင်ဟာမင်္ဂလာရှိသောသူဖြစ်သွားပါလိမ့်မယ်။ကျန်တာဘုရားသခင်သင့်အတွက်ပြင်ဆင်ပြီးသားဖြစ်ပါတယ်။ဘုရားသခင်အားကိုးပြီးအသက်တာမှာတကယ်လက်တွေ့သူတပါးရဲ့အခက်အခဲပြသနာအမျိုးမျိုးကိုသနားစုံမတ်တတ်ဖို့တော့လိုပါတယ်။ဒါမှသူတပါးကိုပြောင်းလဲနိုင်သူနဲ့မိမိကိုယ်ကိုယ်လဲပြန်လည်ပြုပြင်ပြီးသနားစုံမတ်တဲ့နေရာမှာသာ၍အားကြီးသောသူဖြစ်ပါလိမ့်မယ်လို့တိုက်တွနူ်ရင်းဒီနေ့မနက်နုတ်ကပတ်တော်ကိုဤမျှလောက်နဲ့ဘဲနိဂုံးချုပ်လိုက်ရပါတယ်။ဖတ်ရှုသူအယောက်ဆီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။