စိတ်နှလုံးဖြူစင်သောသူ
အခြေပြုကျမ်း-ရှင်မဿဲခရစ်ဝင် ၅:၈ စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။
နိဒါန်း
ညီကိုမောင်နှမတို့၊ခုတလောမှာကျွန်တော်တို့တွေရှင်မသဲခရစ်ဝင်ထဲကတောင်ပေါ်ဒေသနာမင်္ဂလာရှစ်ပါးအကြောင်းဝေငှနေတာဘဲဖြစ်ပါတယ်။ဒီနေ့မနက်ဆိုရင်ကျွန်တော်တို့ဝေငှလာတာမင်္ဂလာနံပတ်၆တပါးကိုရောက်ရှိလာပြီဘဲဖြစ်ပါတယ်။ဒီနေ့မနက်ဖတ်သွားတဲ့အခြေပြုကျမ်းအရမင်္ဂလာရှိသောသူနံပတ်ခြောက်တမျိုးဟာ”စိတ်နှလုံးဖြူစင်သောသူ”ဘဲဖြစ်ပါတယ်။ဒီလိုစိတ်နှလူံးဖြူစင်တဲ့လူဟာဘုရားသခင်ကိုမြင်ရကြလိမ့်မယ်ဆိုပြီးကျမ်းစာကဖော်ပြပါတယ်။
၁။စိတ်နှလုံးဖြူစင်သူဆိုတာဘာလဲ?
ဒါဆိုရင်အဦးဆုံးနေနဲ့စိတ်နှလုံးဖြူစင်သောသူဆိုတာဘာလဲကြည့်ကြရအောင်၊စိတ်နှလုံးဖြူစင်တယ်ဆိုတာအတွင်းစိတ်သန့်ရှင်းခြင်းနဲ့ဘာလုပ်လုပ်ရည်ရွယ်ချက်ဖြူစင်ခြင်းဘဲဖြစ်ပါတယ်။စိတ်ထဲမကောင်းကြံမှုလုံးဝမရှိခြင်းကိုဆိုလိုတာပါ။အထူးသဖြင့်အတွင်းပိုင်းကိုဆိုလိုခြင်းဖြစ်ပါတယ်၊ဝမ်းနည်းစရာကောင်းတာကယနေ့များစွာသောယုံကြည်သူတွေဟာအပြင်ပန်းသဏာန်ကိုဘဲဦးစားပေးနေခြင်းပါ၊အတွင်းစိတ်ကိုပြုပြင်ဖို့တမင်မေ့ထားပြီးအပြင်ပန်းဟန်ဆောင်မှုကိုသာအလေးပေးဖြစ်နေတဲ့ခေတ်ကာလပါ။တကယ်တမ်းအပြင်ပန်းဖြူစင်သန့်ရှင်းဖို့ကလွယ်ပါတယ်၊ရေသေချာချိုးပြီးအဝတ်အစားလေးတွေကောင်းကောင်းဝတ်၊အလှအပသေချာချယ်သထားရင်Okသွားပါပြီ၊ဒါပေမဲ့ယနေ့လူတွေကသင့်အပြင်ပန်းသဏာန်ကိုကြည့်ကြတယ်ဆိုပေမဲ့ဘုရားသခင်ကတော့လူကိုကြည့်တဲ့အခါအတွင်းစိတ်ကိုကြည့်ကြောင်းဓမ္မရာဇဝင်ပဋ္ဌမစောင်၁၆:၇မှာဖော်ပြထားပါတယ်၊”ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကို ကြည့်ရှုတတ်သည်”လို့ပြောထားပါတယ်။ဒါကြောင့်ဘုရားရှေ့မှာဘယ်သူမှဟန်ဆောင်လို့မရပါဘူး၊ဘုရားရှေ့မှာကျွန်တော်တို့အတွင်းစိတ်ကဖြူစင်နေဖို့အရေးကြီးလှပါတယ်။စိတ်နှလုံးဖြူစင်တယ်လို့ဆိုတဲ့အခါအတွင်းကနေဖြူစင်ထွက်လာတဲ့အရာပါ၊အပြင်ပန်းကဟန်ဆောင်ပြင်ဆင်ခြင်းတွေကအတွင်းကိုမသန့်ရှင်းစေနိုင်ပါဘူး။ချစ်သောမိတ်ဆွေယနေ့ဒီစာကိုဖတ်ရှုနေတဲ့သင်ဟာစိတ်ဖြူစင်တဲ့သူလား?အမှန်ဝန်ခံရရင်ကျွန်တော်တို့ဟာစိတ်နှလုံးဖြူစင်သူတွေတော့မဟုတ်နိုင်ပါဘူး၊အပြင်သဏာန်ဖြူစင်ကောင်းဖြူစင်ပါလိမ့်မယ်၊ဒါပေမဲ့အတွင်းစိတ်ကိုတော့မိမိကိုယ်တိုင်အသိဆုံးပါ။
ဒါဆိုရင်ဘယ်လိုလုပ်ပြီးစိတ်နှလုံးဖြူစင်သောသူဖြစ်လာနိုင်မလဲ?အပြင်ပန်းညစ်ပေသွားရင်ဖြူစင်အောင်ရေနဲ့၊ဆပ်ပြာနဲ့ဆေးကြောရသလို၊အတွင်းစိတ်ညစ်ညမ်းပေတူးနေရင်ဘာနဲ့ဖြူစင်အောင်လုပ်ရမလဲ?ဒီအဖြေကိုသမ္မာကျမ်းစာထဲရှာကြည့်တဲ့အခါနည်းလမ်းနှမျိုးကိုတွေ့ရှိရပါတယ်။
၁။နုတ်ကပတ်တော်အားဖြင့်စိတ်နှလုံးဖြူစင်စေခြင်း
ပထမဦးဆုံးလူသားတွေရဲ့စိတ်နှလုံးကိုသန့်စင်ပေးပြီးဖြူစင်စေတာကတော့ဘုရားသခင်ရဲ့နုတ်တော်ထွက်စကားဖြစ်တဲ့သမ္မာကျမ်းစာဘဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘုရားသခင်ရဲ့နုတ်ကပတ်တော်ဟာတန်ခိုးရှိလို့ဖြစ်တယ်၊ဒီတန်ခိုးအာဏာရှိတဲ့နုတ်ကပတ်တော်ကိုနေ့စဉ်ဖတ်ရှုနှလုံးသွင်းနေမယ်ဆိုရင်ကျွန်တော်တို့အတွင်းထဲကညစ်ညမ်းမှုတွေပျောက်ကင်းသွားပါလိမ့်မယ်၊ဒါကြောင့်လဲရှင်ယောဟန် 17:17 မှာကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ လို့ဖော်ပြထားတာဖြစ်ပါတယ်။ဥပမာအဝတ်လျှော်စက်လိုပါ၊အဝတ်လျှော်စက်ထဲကိုရေကြည်တွေဖွင့်ထည့်လိုက်တဲ့အခါမှာအညစ်အကြေးတွေဟာရေကြည်ဝင်လာလို့ထွက်ခွားသွားရပါတယ်၊အချိန်အနည်းငယ်ကြာတဲ့အခါမှာအဝတ်လျှော်စက်တခုလုံးသန့်စင်သွားပါလိမ့်မည်။ထို့အတူပါဘဲကျွန်တော်တို့အသက်တာမှာလဲသန့်ရှင်းတဲ့ဘုရားရဲ့နုတ်ကပတ်တော်ဝင်လာရင်မကောင်းတဲ့အပြစ်တွေအကုန်မျော်ပါသွားပါလိမ့်မည်။ဒီနေရာမှာသာဓကလေးတခုပေးပြီးရှင်းပြချင်ပါတယ်။တခါတုန်းကလယ်ယာမြေတစ်ခုမှာ မြေးလေးနှင့်အတူ နေထိုင်နေတဲ့ အဘိုးအိုတစ်ဦးရှိပါသတဲ့၊အဘိုးအိုဟာ နံနက်တိုင်း စောစောထပြီး သူရဲ့ ဟောင်းနွမ်းစုတ်ပြဲနေတဲ့ သမ္မာကျမ်းစာအုပ်ကို အမြဲတမ်းဖတ်လေ့ရှိပါတယ်။ ဒါကိုမြေးလေးကလဲအဘိုးလိုလိုက်လံတုပဖို့ လုပ်ပါတော့တယ်။တစ်နေ့မနက်မှာတော့ မြေးကအဘိုးကို ပြောလာပါတယ်။ “အဘိုးရေ…ကျွန်တော်လည်း အဘိုးလိုပဲ သမ္မာကျမ်းစာကို ဖတ်ဖို့ ကြိုးစားကြည့်ပါတယ်။ ဒါပေမယ့် ကျွန်တော် နားမလည်ဘူးဗျာ။ ကျွန်တော် နားလည်ထားတာကတော့ စာအုပ်ကို ပိတ်လိုက်ပြီးတဲ့နောက် ချက်ချင်းမေ့သွားတယ် ဆိုတာပါပဲ။ ဒါကြောင့်ကျွန်တော်သိချင်တာတခုကအဘိုးမနက်တိုင်းသမ္မာကျမ်းစာကိုဖတ်နေတာဘာအကျိုးကျေးဇူးတွေရလို့လဲဗျ”ဆိုပြီးမေးလိုက်ပါတယ်။ဒါကိုအဘိုးကပြုံးရင်းမီးဖိုထဲ ကမီးသွေးတွေ ထည့်နေရင်းမှ မီးသွေးချင်းတောင်းတခုပေးလိုက်ပြီး “ငါမြေး၊ဒီ မီးသွေးခြင်းတောင်းကို ယူပြီးရေတစ်ခြင်း ခပ်ထည့်လာခဲ့ပါအုံး။”လို့ပြောလိုက်ပါတယ်။မြေးလေးက ပြောတဲ့အတိုင်း လုပ်ပါတယ်။ ဒါပေမယ့် ရေခပ်လိုက်တိုင်းခပ်လိုက်တိုင်းအိမ်မရောက်ခင်မှာဘဲရေတွေအားလုံး စိမ့်ထွက်ကျကုန်ပါတယ်။ အခေါက်ရေကြာလာတော့မြေးဖြစ်သူကမောပြီး၊ဒီဝါးနဲ့ယှက်ထားတဲ့ခြင်းတောင်းတစ်လုံးနဲ့ရေခပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ အဘိုးကို လာပြောပါတော့တယ်။မဖြစ်နိုင်တာဘာလို့ခိုင်းရသလဲဆိုပြီးမြေးကစိတ်တောင်တိုချင်စပြုလာပါပြီ။ဒီချိန်မှအဘိုးက“ငါ့မြေး၊မင်းရေခပ်တာအကြိမ်ရေမနည်းတော့ဘူး၊ရေမရခဲ့ပေမဲ့မင်းကိုင်ထားတဲ့ခြင်းတောင်းကို ကြည့်လိုက်စမ်းပါဘာထူးခြားသွားလဲ?မြေးက ခြင်းတောင်းကို ကြည့်လိုက်တော့ယခင်လိုမီးသွေးမုန့်တွေနဲ့မမဲနေတော့ဘဲရေခပ်ကြိမ်များလို့သန့်ရှင်းနေတာသူသတိပြုမိလိုက်ပါတယ်။အဘိုးကဆက်ပြီးပြောပါတယ်၊“မြေးရေ…သမ္မာကျမ်းစာကို ဖတ်တဲ့အခါ အဲဒီလို ပါဘဲ၊သမ္မာကျမ်းစာထဲပါတဲ့ စာသားအားလုံးကိုတော့ ငါ့မြေး နားလည်ချင်မှ နားလည်မှာပါ။ အားလုံး မှတ်မိချင်မှလည်း မှတ်မိမှာပါ။ ဒါပေမယ့် ငါ့မြေး ဖတ်လိုက်တဲ့အခါ သမ္မာကျမ်းစာက ငါ့မြေးရဲ့ အတွင်းစိတ်ကို စတင်ပြောင်းလဲ ပေးပြီးဖြူစင်သန့်ရှင်းစေပါလိမ့်မယ်။”လို့ရှင်းပြလိုက်မှမြေးဖြစ်သူကသဘောပေါက်သွားခဲ့ရပါတော့တယ်။ချစ်သောညီကိုမောင်နှမတို့ဒီပုံပြင်လေးဟာနုတ်ကပတ်တော်ဖတ်ရှုခြင်းအားဖြင့်ဘဝအသက်တာသန့်ရှင်းဖြူစင်လာစေနိုင်ကြောင်းဖော်ပြနေခြင်းဖြစ်ပါတယ်၊နုတ်ကပတ်တော်ဟာအလင်းသဖွယ်ကိုယ့်အထဲကအညစ်အကြေးကိုမီးမောင်းထိုးပြရုံမကအဲဒီအညစ်အကြေးတွေအားလုံးကိုသန့်စင်ပေးနိုင်ပါတယ်။ဒါကြောင့်စိတ်နှလုံးဖြူးစင်လာစေဖို့အသက်တာမှာသမ္မာကျမ်းစာကိုအချိန်ယူပြီးပုံမှန်ဖတ်ရှုသင့်ပါပေတယ်။ဒါစိတ်နှလုံးဖြူစင်စေဖို့ပထမနည်းလမ်းပါ၊ဒုတိယနည်းလမ်းကတော့ဆုတောင်းခြင်းဖြစ်ပါတယ်၊
၂။ဆုတောင်းခြင်းအားဖြင့်စိတ်နှလုံးဖြူစင်စေခြင်း
ဆာလံကျမ်း ၅၁:၁၀မှာဒါဝိဒ်အပြစ်လုပ်မိပြီးဘယ်လိုဆုတောင်းသလဲဆိုရင်၊ အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကို ဖန်ဆင်းတော်မူပါ။ လို့ဆုတောင်းထားတာတွေ့ရပါတယ်။နောက်ပြီးတမန်တော်ဝထ္ထု ၁၅:၉မှာ ယုံကြည်ခြင်းအားဖြင့်လည်း သူတို့၏ စိတ်နှလုံးကိုစင်ကြယ်စေ၍ ငါတို့ကို ခြားနားစေတော်မမူ။လို့ဖော်ပြထားပြန်ပါတယ်။ဒါတွေဟာဆုတောင်းခြင်းအားဖြင့်ဘုရားသခင်ဟာကျွန်တော်တို့နှလုံးသားကိုစင်ကြယ်စေနိုင်ကြောင်းဖော်ပြနေတာဖြစ်ပါတယ်၊နောက်ကျမ်းချက်တနေရာက
တိမောသေဩဝါဒစာ ဒုတိယစောင် ၂:၂၁-၂၂ထဲမှာပေါလုကတိမောတေကိုစင်ကြယ်သောသူဖြစ်စေပါလို့သွန်သင်နေတာဖြစ်တယ်၊ဘယ်လိုလုပ်ပြီးစင်ကြယ်ရမလဲဆိုရင်အငယ်၂၂မှာပေါလုကအထူးသဖြင့်စင်ကြယ်သောစိတ်ရှိပြီးသခင်ဘုရားကိုပဌနာပြုသော သူတို့နှင့် အတူနေပါလို့သွန်သင်ထားတာတွေ့ရပါတယ်။ဘာလို့လဲဆိုတော့လူဆိုတာတစ်ယောက်ထဲဆုတောင်းတာကြာလာရင်အီသွားတတ်ပါတယ်၊စိတ်ဓာတ်ကျပြီးဆုမတောင်းချင်ဖြစ်လာတတ်ပါတယ်၊ဒါကြောင့်မိမိကိုယ်ကိုယ်စိတ်နှလုံးဖြူစင်ဖို့ရန်အခြားသူနဲ့အတူဆုတောင်းပဌာနာလုပ်ပါလို့ပြောနေခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်စိတ်ဖြူစင်စေဖို့ဆုတောင်းပါဆိုတဲ့သဘောပါ။ဒီနေ့ကျွန်တော်တို့အသက်တာမှာကျမ်းစာဖတ်ခြင်းနဲ့ဆုတောင်းခြင်းအမြဲလုပ်ပါသလား?ဒီအရာတွေကိုအထင်မသေးမိပါစေနဲ့၊ဒီအရာတွေဟာခရစ်ယာန်တစ်ယောက်အတွက်အင်မတန်အရေးကြီးတဲ့ဝိညာဉ်ရေးရာအစာတွေဘဲဖြစ်ပါတယ်၊ဒီအရာတွေကစိတ်နှလုံးကိုဖြူစင်စေပြီးဘုရားသခင်ရှေ့မှာမင်္ဂလာရှိသောသူဖြစ်စေမှာပါ၊ဘုရားသခင်ရဲ့ဘုန်းတော်ကိုလဲအမြဲတွေ့မြင်နေရသောဖြစ်ပါလိမ့်မယ်။
နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ဒီနေ့မနက်ရဲ့တရားဒေသနာအားဖြင့်၊အသက်ရှင်သောနုတ်ကပတ်တော်အားဖြင့်၊မိမိကိုယ်ကိုယ်စိတ်နှလုံးဖြူစင်သောသူဖြစ်ပြီလားဆိုတာကိုအတူတကွစမ်းစစ်ကြပါစို့၊အကယ်၍မဟုတ်သေးဘူးဆိုရင်ဒီနေ့မနက်ဝေငှသွားသလိုအသက်တာမှာနုတ်ကပတ်တော်ဖတ်ရှုနှလုံးသွင်းခြင်းနဲ့၊ဆုတောင်းခြင်းအားဖြင့်ကျွန်တော်တို့ရဲ့စိတ်နှလုံးကိုဆေးကြောပါ၊ဖြူစင်စေပါ၊သန့်ရှင်းစေပါ။ဒါမှဘုရားသခင်ကိုမြင်တွေ့ရသောမင်္ဂလာရှိသူများဖြစ်ပါလိမ့်မည်။နုတ်ကပတ်တော်ကိုဤမျှလောက်နဲ့ဘဲနိဂုံးချုပ်ပါရစေ။ဖတ်ရှုသူအယောက်စီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။