လူ့ဘဝရဲ့အမွန်မြတ်ဆုံးအရာ
(ဖိ3:7-10)
နိဒါန်း
ခရစ်တော်၌အားလုံးမင်္ဂလာပါ။ကျွန်ပ်တို့အသက်တာမှာဘယ်အရာဟာအမွန်မြတ်ဆုံးဖြစ်မလဲဆိုတာစဉ်းစားဖူးပါသလား?လောကလူသားတွေထင်ထားတဲ့အရာတွေကတော့ဥစ္စာဓနကြွယ်ဝခြင်း၊ကျန်းမာချမ်းသာခြင်း၊အလုပ်အကိုင်၊အချစ်နဲ့အိမ်ထောင်ရေး၊မိသားစုနဲ့သားသမီးတွေလို့ခံယူထားတတ်ကြပါတယ်၊ဒီအရာတွေဟာအရေးကြီးတယ်လိုအပ်တယ်ဆိုပေမဲ့လူတိုင်းအတွက်အမွန်မြတ်ဆုံးတော့မဟုတ်သေးပါဘူး၊ဘာကြောင့်လဲ?အတူတကွဆင်ခြင်ကြရအောင်…
၁။ဥစ္စာဓနကြွယ်ဝခြင်း
ယနေ့များစွာသောလူသားတွေအသက်ရှင်နေရတဲ့ဦးတည်ချက်ဟာငွေကြေးဥစ္စာအတွက်ဖြစ်နေပါပြီ၊မှန်ပါတယ်ငွေကြေးဥစ္စာဟာအရေးကြီးပါတယ်၊ငွေမရှိရင်ကိုယ်ပြောလိုက်တဲ့စကားဟာဘယ်လောက်မှန်နေပါစေသူများနားမှာအီးတချက်ပေါက်လိုက်သလိုပါ။ဒါပေမဲ့ငွေချမ်းသာနေရင်တော့ကိုယ်ပေါက်လိုက်တဲ့အီးတချက်တောင်အဓိပ္ပာယ်ရှိတဲ့စကားမှန်တွေဖြစ်လာတတ်ပါတယ်။အမှန်တရားနဲ့တရားမျှတခြင်းဆိုတာတွေတောင်ငွေနဲ့တွေ့ရင်ခေါင်းငြိမ့်နေတတ်တဲ့အချိန်ရှိတတ်ပါတယ်။ဆိုတော့ဒီနေ့ခေတ်မှာငွေရှိရင်ဘာမဆိုဖြစ်နိုင်သလိုပေါ့၊ဒါကြောင့်လဲလူတွေဟာငွေရှိရင်ဘဝမှာအမွန်မြတ်ဆုံးလို့ခံယူလာကြတာပါ။ဒါပေမဲ့ချစ်သောမိတ်ဆွေ၊ငွေဟာအရေးကြီးပေမဲ့ကျွန်ပ်တို့ဘဝအတွက်အမွန်မြတ်ဆုံးတော့မဟုတ်ပေ၊ငွေနဲ့အားဆေးတွေအများကြီးဝယ်လို့ရပေမဲ့ကျန်းမာရေးကိုတော့ဝယ်လို့မရပါ၊ငွေနဲ့အဆင့်မြင်အိမ်ရာတွေဝယ်လို့ရပေမဲ့သာယာတဲ့မိသားစုကိုတော့ဝယ်လို့မရပါ၊ငွေနဲ့အကောင်းစားကုတင်တွေဝယ်လို့ရပေမဲ့ကောင်းမွန်တဲ့အိပ်စက်နိုင်ခြင်းကိုတော့ဝယ်လို့မရပါ၊ငွေနဲ့နာမည်ကြီးစာအုပ်တွေအများကြီးဝယ်လို့ရပေမဲ့ပညာကိုတော့ဝယ်လို့မရပါ၊ငွေနဲ့အမျိုးမျိုးသောအရာကိုလုပ်ကိုင်နိုင်ပေမဲ့သေရင်ပါမသွားနိုင်ပါလေ။ဒါကြောင့်လဲယေရှုကမဿဲ၁၆:၂၆မှာရှင်မဿဲခရစ်ဝင်၁၆:၂၆မှာလူဟာဒီစကြဝဠာတခုလုံးကိုပိုင်ဆိုင်ခဲ့ပြီးသေသွားရင်ဘာထူးမလဲလို့ပြောခဲ့တာပေါ့။ဒါကြောင့်ချစ်သောမိတ်ဆွေလောကမှာအသက်ရှင်ချန်ငွေရှိတာကောင်းပါတယ်၊ဒါပေမဲ့အမွန်မြတ်ဆုံးအရာကိုတော့သင်မရသေးပါဘူး။
၂။ကျန်းမာချမ်းသာခြင်း
ငွေသာအများကြီးရှိပြီးကျန်းမာရေးမကောင်းဘူးဆိုရင်ဘာမှမထူးဘူးလို့လူတွေဆိုကြပါတယ်၊မှန်လဲမှန်နေပါတယ်၊ကျွန်ပ်တို့ဟာအားရှိနေသေးတဲ့လူငယ်အချိန်မှာကျန်းမာရေးဂရုမစိုက်ဘဲငွေရှာစုပြီးအိုလာမှရောဂါတွေကိုဒီစုထားတဲ့ငွေနဲ့ပြန်ကုနေတတ်ကြပါတယ်။ဆိုတော့ကျမ်းမာရေးကအမွန်မြတ်ဆုံးဖြစ်နေသလိုပါဘဲ၊ဒီလိုဘဲထာဝရကျန်းမာနေရင်ဘယ်လောက်ကောင်းမလဲလို့လူတိုင်းစဉ်းစားလိုလားဖူးကြမှာပါ။ဒါပေမဲ့ကျန်းမာခြင်းဆိုတာအကန့်အသတ်ရှိပါတယ်မိတ်ဆွေ၊ဘယ်လောက်ဘဲကျန်းမာနေတဲ့သူဖြစ်ပါစေအချိန်တန်လာရင်နုနယ်ခြင်းတွေကွယ်ပျောက်သွားမယ်၊မျက်စိမုန်လာမယ်၊သွားကျိုးလာမယ်၊ခြေလက်တုန်ခါလာမယ်၊ဆံပင်ဖြူလာမယ်၊မျက်နာကြုံ့လာမယ်၊မှတ်ညာဏ်မေးမှိန်လာမယ်၊နောက်ဆုံးသေရမှာပါ။မှန်ပါတယ်အသက်ရှင်နေသေးသရွှေ့ကျန်းမာချမ်းသာခြင်းကအင်မတန်မှလိုလားပါတယ်၊အရေးကြီးပါတယ်၊ဒါပေမဲ့အမွန်မြတ်ဆုံးသောအရာတော့မဟုတ်သေးပါဘူးမိတ်ဆွေ။
၃။အလုပ်အကိုင်
ဥစ္စာဓနကြွယ်ဝခြင်းနဲ့ကျန်းမာချမ်းသာခြင်းကအမွန်မြတ်ဆုံးအရာမဟုတ်ဘူးဆိုရင်၊လူ့ဘဝမှာကျွန်ပ်တို့ရဲ့အလုပ်အကိုင်ကအမွန်မြတ်ဆုံးဖြစ်နိုင်မလား?အောင်မြင်သောစီးပွားရေးပိုင်ရှင်တွေကိုကြည့်ရင်သူတို့လိုဖြစ်ချင်ကြမှာပါ၊ဒါပေမဲ့အောင်မြင်သောသူတွေမှာလဲသူ့အကြောင်းနဲ့သူပြဿနာတော့ရှိကြစမြဲပါ၊အကယ်၍အလုပ်အကိုင်ဟာအမွန်မြတ်ဆုံးအရာလို့ပြောရင်အကုန်မမှန်နိုင်ပါဘူး၊အလုပ်အကိုင်ဟာလိုအပ်ပါတယ်၊ဒါပေမဲ့အပြည့်အဝကျေနပ်မှုကိုတော့မပေးနိုင်ပါ။အလုပ်ပိုများလေစိတ်ဖိစီးမှုဖြစ်လာလေလေပါ၊အလုပ်အကိုင်ပိုကြီးလေဖိအားပိုကြီးလေပါဘဲ။ဒါကြောင့်အလုပ်အကိုင်ဟာလဲကျွန်ုပ်တို့အတွက်အမွန်မြတ်ဆုံးမဖြစ်နိုင်ပါလေ။
၄။သမီးရည်းစားအချစ်နဲ့အိမ်ထောင်ရေး
လူငယ်တွေအတွက်၁၅၀ဝအချစ်ကအမွန်မြတ်ဆုံးလို့ခံယူထားတတ်ကြပါတယ်၊အိမ်ထောင်ကျတော့မဲ့သူတွေအတွက်တော့အချစ်ဆုံးသူနဲ့အိမ်ထောင်ပြုဖို့အရေးကသာအမွန်မြတ်ဆုံးလို့ထင်ထားကြပြန်ပါတယ်။ဒါပေမဲ့ဒီအချစ်တွေမှာတောင်းဆိုမှုရှိနေပါတယ်၊အချိန်မရွှေးဖောက်ပြန်နိုက်တဲ့သဘောရှိနေပါတယ်၊အချစ်ကချိုမြိန်ပေမဲ့တချိန်ထဲမှာခါးသီးသွားတတ်ပါတယ်၊လောကမှာပျော်ရှင်သာယာတဲ့အိမ်ထောင်အများကြီးရှိတယ်ဆိုပေမဲ့မသာယာမပျော်ရွှင်တဲ့အိမ်ထောင်လဲအများကြီးဒွန်တွဲနေတာတွေ့ရမှာဖြစ်တယ်။ဒီနေရာမှာအဓိကဆိုလိုချင်တဲ့မက်စေ့ချ်ကအချစ်နဲ့အိမ်ထောင်ရေးတွေကအရေးပါနေပေမဲ့လဲကျွန်ုပ်တို့အတွက်အမွန်မြတ်ဆုံးမဟုတ်သေးဘူးဆိုတာပါဘဲ။
၅။မိဘနဲ့သားသမီး
မိဘအတွက်သားသမီးရှိနေရင်အမွန်မြတ်ဆုံးဘဲလို့တချို့မိဘတွေခံယူတတ်သလို၊ဒီလောက်ဆိုးတဲ့သားသမီးမရှိရင်ကောင်းမှာဘဲ၊မွေးမိတာမှားပါတယ်လို့ခံယူကြတဲ့မိဘတချို့လဲရှိကြမှာပါ။တချို့သားသမီးတွေကမိဘကသာလောကမှာအရေးကြီးဆုံးလို့ခံယူကြသလိုတချို့စွန့်ပစ်ခံသားသမီးတွေကလဲမိဘတွေကိုအမြဲနာကျည်းနေတတ်ကြပါတယ်။ကုန်ကုန်ပြောရရင်မိဘနဲ့သားသမီးဆိုတာတနေ့သေခွဲခွဲရမဲ့သူတွေချည်းပါဘဲ။ဒီအရာတွေကိုဆင်ခြင်ကြည့်ရင်မိဘဟာသားသမီးအတွက်အမွန်မြတ်ဆုံးလို့အားလုံးအတွက်မပြောနိုင်သလိုသားသမီးဆိုတာမိဘတွေအတွက်အမွန်မြတ်ဆုံးလို့မပြောနိုင်သေးပါဘူး။
ဒီဟာလဲအမွန်မြတ်ဆုံးမဟုတ်၊ဟိုဟာလဲအမွန်မြတ်ဆုံးမဟုတ်ဘူးဆိုတော့ဘယ်အရာကမှကျွန်ုပ်တို့အတွက်အမွန်မြတ်ဆုံးဖြစ်မလဲ?ဘယ်အရာကလူသားအားလုံးအတွက်အမွန်မြတ်ဆုံးလဲ?သမ္မာကျမ်းစာဖိလိပ္ပိဩဝါဒစာ ၃:၇မှာအဖြေပေးထားပါတယ်ချစ်သောမိတ်ဆွေ။” သို့သော်လည်းငါ၏ အကျိုးစီးပွားကို ပြုစုသော အရာရှိသမျှတို့ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော် ကြောင့် ငါထင်မှတ်၏။ထိုမျှမကငါ၏ သခင်ယေရှုခရစ်ကိုသိသောပညာသည်အဘယ်မျှလောက်မြတ်သည်ကိုထောက်၍၊ခပ်သိမ်းသောအရာတို့ကိုရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။”။ဒီကျမ်းချက်အရဆိုရင်ကျွန်ပ်တို့လူသားအားလုံးအတွက်အမွန်မြတ်ဆုံးအရာဟာယေရှုခရစ်တော်ဘဲဖြစ်နေပါတယ်။
၆။အမွန်မြတ်ဆုံးအရာယေရှုခရစ်တော်
သမ္မာကျမ်းစာအရပေါလုအသက်တာကိုလေ့လာကြည့်တဲ့အခါသူ့ဘဝတလျှောက်လုံးမှာအမွန်မြတ်ဆုံးလို့ထင်ထားတဲ့အရာကိုကြိုးစားရယူနေတာတွေ့ရမှာပါ။သူပညာတတ်ဖြစ်သလို၊ကျမ်းတတ်ဖာရိရှဲလဲဖြစ်ပါတယ်၊ငွေကြေးချမ်းသာမှုရှိသလိုအာဏာလဲရှိတဲ့သူဖြစ်တယ်။ဒါပေမဲ့နောက်ဆုံးသခင်ယေရှုကိုအမှတ်မထင်ကြုံတွေ့ပြီးရရှိသွားပြီးနောက်မှာတော့သူရထားတဲ့အရာတွေဟာအမွန်မြတ်ဆုံးမဟုတ်သေးကြောင်းယေရှုသာလျှင်အမွန်မြတ်ဆုံးဖြစ်ကြောင်းနားလည်ခံယူသွားတာပါ။ဒီမှာမေးရမှာကတကယ်ဘဲယေရှုခရစ်တော်ဟာလူသားအားလုံးအတွက်အမွန်မြတ်ဆုံးဘဲလား?ဘာအကြောင်းကြောင့်ပါလဲ?သမ္မာကျမ်းစာမှာအဖြေရှာတဲ့အခါအချက်သုံးချက်တွေ့ရပါတယ်။
A.လူသားတိုင်းကိုအနိုင်းမဲ့ချစ်ခြင်း
အချစ်ဆိုတာလုတိုင်းမှာရှိနိုင်ပေမဲ့အဂ္ဂာပေဆိုတဲ့အနိုင်းမဲ့အချစ်မျိုးတော့လူသားတိုင်းမှာမရှိပါဘူး၊မိဘအချစ်ဟာသူ့သားသမီးပေါ်မှာဘဲတည်တာပါ၊အခြားလူပေါ်အဲဒီလိုမျိုးမချစ်နိုင်ပါဘူး၊ထို့အတူသမီးရည်းစားအချစ်၊ညီကိုမောင်နှမအချစ်၊သူငယ်ချင်းအချစ်စသဖြင့်အားလုံးသောအချစ်ဟာလဲပတ်သတ်မှုပေါ်တည်ဆောက်ထားတာပါ၊ပတ်သတ်မှုမရှိဘဲအဲလိုချစ်နိုင်မည်မဟုတ်ချေ၊ဒါဟာလောကလူသားတွေရဲ့အချစ်ဟာအကန့်သတ်ရှိကြောင်းဖော်ပြနေတာပါ။ဒါပေမဲ့သမ္မာကျမ်းစာရောမဩဝါဒစာ ၅:၈မှာဒီလိုဆဖာ်ပြထားတာအံ့ဩစွာတွေ့ရပါတယ်”ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။”သခင်ယေရှုခရစ်တော်ဟာအပြစ်ရှိတဲ့သူ၊သူ့ကိုမသိဘဲရန်ပြုသူအားလုံးအပါအဝင်လူသားအားလုံးကိုအနိုင်းမဲ့ချစ်ကြောင်းပါ၊လူသားတွေကိုချစ်လို့လူသားတွေရဲ့အပြစ်အတွက်ငရဲမသွားရအောင်သူကိုယ်တိုင်အသက်ပေးပြီးချစ်ကြောင်းသက်သေပြခဲ့တာပါ။ဒါကြောင့်ပေါလုကသမ္မာကျမ်းစာမှာယေရှုခရစ်တော်ဟာသူ့ကိုဘယ်လောက်ချစ်ကြောင်းသူ့အတွက်အသက်ပေးသွားကြောင်းသိခဲ့ရလို့ယေရှုသာအမွန်မြတ်ဆုံးဖြစ်ကြောင်းပြောခဲ့တာပါ။
B.ရှင်ပြန်ထမြောက်ပြီးအတူပါရှိနေ
ယေရှုခရစ်တော်ဟာလူသားတွေအတွက်အသေခံပြီးသေရာကနေရှင်ပြန်ထမြောက်ခဲ့ပါတယ်၊သူ့ကိုယုံကြည်သောသူအားလုံးအတွက်ဘဝအသက်တာမှာအတူပါရှိနေပေးတဲ့ဧမာနွေလဘုရားဖြစ်ကြောင်းကတိပေးခဲ့ပါတယ်။ဒါကြောင့်အသက်တာမှာအခက်ခဲဘယ်လောက်ဘဲကြမ်းတမ်းနေပါစေ၊သခင်အတူရှိတာမို့အမွန်မြတ်ဆုံးဖြစ်ကြောင်းရှင်ပေါလုဖော်ပြခဲ့တာပါ။
C.အပြစ်လွတ်ခြင်းနဲ့ထာဝရအသက်
လူသားတွေဟာ၁၀ဝ%မကောင်းနိုင်ကြပါဘူး၊ကောင်းတာမလုပ်နိုင်လို့ကုသိုလ်တပဲငရဲတစ်ပိဿာဖြစ်နေတာပါ။ဘယ်သူလာကယ်ပေးနိုင်မလဲ၊ကိုယ့်အားကိုးနဲ့တော့လုံးဝမဖြစ်နိုင်ရာ၊မလုပ်နိုင်ကြပေမဲ့ထာဝရကျမ်းမာချမ်းသာကြွယ်ဝခြင်းတော့လူသားတိုင်လိုချင်ကြစမြဲပင်။ဒီနေရာမှာသတင်းကောင်းတခုကသခင်ယေရှုခရစ်တော်အားဖြင့်ကျွန်ုပ်တို့အပြစ်ရှိသမျှကိုဖြေလွတ်နိုင်ပြီဖြစ်သလိုယေရှုခရစ်တော်အားဖြင့်ထာဝရကျမ်းမာချမ်းသာကြွယ်ဝခြင်းကိုပိုင်ဆိုင်နိုင်ပြီဖြစ်ပါသည်။ဒီချမ်းသာကျမ်းမာကြွယ်ဝခြင်းသည်နောက်တချိန်ကောင်းကင်သစ်မြေကြီးသစ်တွင်အပြည့်အဝခံစားရမည်ဖြစ်သည်။သမ္မာကျမ်းစာရောမဩဝါဒစာ ၁၀:၉မှာတိတိကျကျဖော်ပြထားပြီးဖြစ်ပါတယ်။” အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။”ဒါဟာအရာအားလုံးထက်မွန်မြတ်ဆုံးသောအရာပင်မဟုတ်ပါလော။
နိဂုံး
ချစ်သောညီကိုမောင်နှမမိတ်ဆွေများ၊ဒီနေ့ရဲ့တရားဒေသနာအားဖြင့်ကျွန်ပ်တို့အသက်တာမှာ၊မအားမလပ်တဲ့ကြားထဲကအရေးကြီးဆင်ခြင်စရာတခုရှိလာပါပြီ။ဒါဟာဘာလဲဆိုတော့ဒီနေ့ငါ့ဘဝအသပ်တာမှာငါလိုက်စားနေတဲ့အရာတွေဟာအမွန်မြတ်ဆုံးဖြသ်နေပြီလားဆိုတာပါဘေဲ၊ရွှေငွေဥစ္စာဓန၊ကျမ်းမာချမ်းသာခြင်း၊အာဏာရှိခြင်း၊အလုပ်အောင်မြင်ခြင်း၊အချစ်ရေးအိမ်ထောင်မိဘသားသမီး၊ဒါတွေဟာလူသာူတစ်ယောက်အတွက်အရေးကြီးပါတယ်လိုအပ်ပါတယ်၊ဒါပေမဲ့ချစ်သောမိတ်ဆွေ၊ယနေ့သင်အတွက်အမွန်မြတ်ဆုံးသောအရာတော့မဟုတ်သေးပါဘူး၊သင့်အတွက်အမွန်မြတ်ဆုံးဟာယေရှုခရစ်တော်ကိုယုံကြည်လက်ခံရရှိခြင်းပါ၊ယေရှုခရစ်တော်သာလျှင်သင့်အတွက်အရာရာထာဝရပြည့်စုံစေနိုင်ပါလိမ့်မည်။