• 周六. 4 月 25th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သမ္မာတရားကိုခံယူသောလူ(၄)မျိုး

ဆရာရဲမင်း

10 月 24, 2024

သမ္မာတရားကိုခံယူသောလူ၄မျိုး
(မာကု ၄:၁-၂၀)

သခင်ယေရှုခရစ်တော်ကမျိုးစေ့ကြဲတဲ့ပုံဥပမာအားဖြင့်သမ္မာတရားခံယူတဲ့မတူညီသူ၄မျိုးကိုဖော်ပြခဲ့ပါတယ်။ယုဒရှကာယုတ်လိုခရစ်တော်ဘေးမှာနေပြီးအမြဲတမ်းတရားစကားနားထောင်နေရပေမဲ့နောက်ဆုံးတော့သစ္စာဖောက်ဖြစ်တတ်သလိုယနေ့ခေတ်ကာလမှာလဲတရားစကားကိုနေ့ရက်စဉ်တိုင်းနားထောင်နေရပေမဲ့အသက်တာမပြောင်းလဲဘဲအပြစ်နွံထဲပျော်နေသူအများကြီးရှိကြပါတယ်။တူညီတဲ့နူတ်ကပတ်တရားကိုအတူတူနားထောင်နေရပေမဲ့အသက်တာမှာတော့မတူညီတဲ့အခြေနေ၄မျိုးဖြစ်တည်ကြောင်းသမ္မာကျမ်းစာကဖော်ပြထားပါတယ်။

၁။ခံယူပြီးစာတန်နူတ်ယူသွားသူ
ရှင်မာကုခရစ်ဝင် ၄:၃-၄မှာဒီလိုဖော်ပြထားပါတယ်”နားထောင်ကြလော့။မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် လာ၍ ကောက်စားကြ၏။
သခင်ယေရှုခေတ်ကာလကပါလယ်စတိုင်းတဝိုက်မှာမျိုးစေ့ကျဲနည်းနှစ်မျိုးရှိတယ်၊ပထမတမျိုးကလူကိုယ်တိုင်အလည်လမ်းတစ်နေရာမှာရပ်ပြီးတဖက်တခြမ်းကဆွထားတဲ့မြေကြီးပေါ်မှာမျိုးစေ့ကျဲခြင်းပါဘဲ၊နောက်တမျိုးကမြည်းပေါ်ဂေါ်နီအိတ်တင်ပြီးအပေါက်သေးသေးလေးဖောက်ပြီးအလည်လမ်းဗဟိုကနေတဖက်တချက်ဆီကဆွထားတဲ့မြေကြီးပေါ်မျိုးစေ့ကျဲခြင်းပါ။ဒီလိုလူအားဖြင့်သော်လည်းကောင်းမြည်းအားဖြင့်သော်လည်းကောင်းမျိုးစေ့ကျဲတဲ့အခါအလည်ဗဟိုကသွားလာနေရတဲ့အနင်းခံထားရတဲ့မြေတလိုင်းကမာကျောနေတတ်ပါတယ်၊ဒါကြောင့်ကျဲလိုက်တဲ့မျိုးစေ့ဟာတဖက်တချက်ပေါ်ရောက်တာရှိသလိုမာကျောနေတဲ့ဗဟိုသွားလမ်းပေါ်လဲဖိတ်ကျတတ်ပါပေတယ်၊ဒီလမ်းပေါ်ကျခဲ့တဲ့မျိုးစေ့ဟာဘယ်လိုမှအသက်မရှင်နိုင်သလိုငှက်တွေအတွက်မြင်လွယ်ပြီးကောက်စားရလွယ်သွားပါတယ်။ဒီနိုင်းယှဉ်ချက်ကိုယေရှုခရစ်ကရှင်မာကုခရစ်ဝင် ၄:၁၅မှာဒီလိုအဖြေပေးခဲ့ပါတယ်”တရားစကားကို လမ်း၌ကြဲခြင်း၊ အကြောင်းအရာကား၊ တရားစကားကို ကြားသည်ရှိသော်၊ စာတန်သည် ချက်ခြင်းလာ၍ နှလုံး၌ကြဲသော တရားစကားကို နှုတ်ယူတတ်သည်ဟုဆိုလိုသတည်း။”ဆိုတော့ယနေ့လက်တွေ့အနေနဲ့ပြောရမယ်ဆိုရင်ဒီလိုလူမျိုးဟာသမ္မာတရားကိုကြားရပေမဲ့လဲကြားပြီးတာနဲ့အကုန်မေ့တဲ့လူပါ၊ဘုရားကျောင်းတက်တယ်တရားစကားအမြဲနားထောင်တယ်၊ဒါပေမဲ့နားထောင်ပြီးတာနဲ့အကုန်မေ့တဲ့လူမျိုး၊တနည်းအားဖြင့်ဇာတိလူမသေသေးတဲ့အတွက်(မျိုးစေ့မအက်ကွဲခဲ့သလို)အသစ်သောအသက်တာမဖြစ်တည်နိုင်ခြင်းဖြစ်ပါတယ်။

၂။ခံယူပြီးညှင်းဆဲခြင်းကြောင့်ဖောက်ပြန်သူ
ဒုတိယတစ်မျိုးကတော့ရှင်မာကုခရစ်ဝင် ၄:၅မှာပါ”အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသောအရပ်၌ကျသဖြင့်၊မြေတိမ်သောကြောင့်ချက်ခြင်းအပင်ပေါက်သော်လည်း၊နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။”ဒီနေရာမှာပြောထားတဲ့ကျောက်ပေါများသောနေရာဆိုတာကျောက်ခဲပေါ်မြေအနည်းငယ်ကပ်ဖုန်းနေတဲ့အနေထားပါ၊ဂါလိလဲတဝိုက်မှာဒီလိုကျောက်တွေအများအပြားတွေ့နိုင်ပါတယ်၊အပင်တွေဟာကျောက်ပေါ်ကမြေပါးလေးပေါ်ပေါက်တော့အထွက်မြန်ပြီးနေထွက်တာနဲ့ညိုးလွယ်ပါပေတယ်။ဒီပုံဆောင်ချက်ကိုယေရှုခရစ်တော်က ရှင်မာကုခရစ်ဝင် ၄:၁၆-၁၇မှာဒီလိုရှင်းပြထားပါတယ်”ကျောက်ပေါသောအရပ်၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သော စိတ်နှင့်ချက်ခြင်းခံယူသော်လည်း၊စိတ်နှလုံး၌ အမြစ်မစွဲခဏသာ တည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ခြင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။”ဆိုလိုရင်းက သမ္မာတရားကိုကြားရတဲ့အခါအင်မတန်တို့ထိတယ်၊ခွန်အားရတယ်၊ချက်ခြင်းပြောင်းလဲတယ်နောင်တရတယ်…ဒါပေမဲ့ဒီယုံကြည်ချက်ကြောင့်အသက်တာမှာညှင်းပန်းနှိပ်စက်ခြင်းကြုံလာတဲ့အခါ၊ပေးဆပ်မှုကမသေးပါလားဆိုတာသိသွားတဲ့အခါဖောက်ပြန်သွားတတ်တဲ့လူမျိုးဘဲဖြစ်တယ်။ဒီလိုလူတွေဟာရှင်မသဲ၅:၁၂ကိုမဖတ်မိသူများလဲဖြစ်ပါတယ်။

၃။ခံယူပြီးတပ်မက်ခြင်းစိတ်ကြောင့်အသီးမသီးသူ
ရှင်မာကုခရစ်ဝင် ၄:၇မှာ”အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲသောကြောင့် အသီးမသီးကြ။”လို့ဖော်ပြပါတယ်။ဒီနေရာကဆူးပင်ဆိုတာရှင်မာကုခရစ်ဝင် ၄:၁၉အရ လောကီအမှု၌စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ်ဘဲဖြစ်ပါတယ်။ယနေ့များစွာသောလူတွေဟာနူတ်ကပတ်တော်ကိုခံယူပြီးပေမဲ့၊အသက်တာမှာစိုးရိမ်မှုနဲ့စည်းစိမ်ဥစ္စာရဲ့လှည့်ကွက်ထဲနှစ်မျောရင်းတပ်မက်ခြင်းစိတ်ကြီးစိုးနေလို့ခရစ်ယာန်တစ်ယောက်ရှိရမဲ့၊ရှိသင့်ရှိထိုက်တဲ့အရာတွေမဖြစ်တည်လာနိုင်ဘဲဖြစ်နေတာပါ။ယနေ့တိုးတက်နေတဲ့နည်းပညာခေတ်ကြီးမှာယုံကြည်သူတွေအငိုက်မမိအောင်အမြဲတမ်းသမ္မာသတိနဲ့အသက်ရှင်သွားသင့်ပါပေတယ်။

၄။ခံယူပြီးအဆပေါင်းများစွာအသီးသီးသူ
အဓိကကျမ်းချက်ကရှင်မာကုခရစ်ဝင် ၄:၈မှာဖြစ်ပါတယ်”အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးကြ၏။”တဲ့။မျိုးစေ့ဆိုတာနူတ်ကပတ်တော်ကိုပုံဆောင်ပါတယ်၊မြေကြီးဆိုတာလူတွေရဲ့နှလုံးသားကိုပြောခြင်းဖြစ်ပါတယ်၊အသီးဆိုတာကတော့နူတ်ကပတ်တော်အားဖြင့်ဝိညာဉ်အသက်တာမှာကြီးထွားရင့်ကျက်လာခြင်းကိုရည်ညွန်းပါတယ်။ဒီနေရာမှာသတိထားရမှာကယုံကြည်သူတွေရဲ့ရင့်ကျက်လာနေတဲ့အသက်တာဟာတစ်ဦးနဲ့တစ်ဦးတူချင်မှတူပါလိမ့်မယ်၊အချို့ကအဆ၃၀၊တချို့ကအဆ၆၀၊တချို့ကအဆ၁၀ဝဖြစ်နေတတ်ပါတယ်။အဓိကကတော့ကြီးထွားရင့်ကျက်ပြီးဘုရားဘုန်းထင်ရှားနေဖို့ပါဘဲ။ဒါကြောင့်ခရစ်တော်ကိုယ်တိုင်ဒီကောင်းသောမြေရဲ့ပုံဆောင်ချက်ကိုရှင်မာကုခရစ်ဝင် ၄:၂၀မှာဒီလိုဖော်ပြခဲ့ပါတယ်”ကောင်းသောမြေ၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြား၍ခံယူသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း။”ဒါဆိုရင်ယနေ့ကျွန်တော်တို့တွေနူတ်ကပတ်တော်ကိုဘယ်လိုခံယူသင့်ပါသလဲ?ဘယ်လိုခံယူမှကောင်းသောမြေကအသီးအဆပေါင်းများစွာသီးတဲ့သူဖြစ်နိုင်မလဲ?အဖြေကတော့အဓိကခြေလှမ်း၃လမ်းရှိပါတယ်…၁။စေ့စေ့နားထောင်ပါ၊ ၂။နှလုံးသွင်းပါ၊ ၃။လက်တွေ့ကျင့်ဆောင်ပါ။ဒီလိုဆိုရင်အသက်တာမှာတကယ့်သက်သေရပါလိမ့်မည်။