• 周六. 4 月 25th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မစိုးရိမ်နှင့်မကြောက်နှင့်။

ဆရာရဲမင်း

10 月 24, 2024

မစိုးရိမ်နှင့်မကြောက်နှင့်။

အခြေပြုကျမ်း
ဟေရှာယအနာဂတ္တိကျမ်း ၄၁:၁၀ မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလကျာ်လက်ဖြင့် ထောက်ပင့်မည်။

နိဒါန်း
ကျွန်တော်တို့လူတိုင်းလူတိုင်းမှာမတူညီတဲ့စိုးရိမ်ကြောက်ရွံ့ခြင်းတွေကိုယ်စီရှိတတ်ကြပါတယ်။လူတချို့ကဖျားနာမှာစိုးရိမ်တယ်၊တချို့ကအိုမင်းရင့်ရော်မှာကြောက်တယ်၊တချို့ကသေရမှာကြောက်တယ်၊တချို့ကစစ်ဘေးဒုက္ခကြုံရမှာကြောက်ကြတယ်၊တချို့ကကပ်ဘေးအမျိုးမျိုးကိုကြောက်ကြတယ်၊တချို့ကတော့တစ္ဆေသရဲကိုကြောက်သူတွေလဲရှိပါသေးတယ်၊ဒီလိုကြောက်ခြင်းစိုးရိမ်ခြင်းအမျိုးမျိုးထဲကယနေ့သင့်ရဲ့စိုးရိမ်ကြောက်ရွံ့မှုကဘာဖြစ်မလဲမိတ်ဆွေ၊လူတိုင်းမှာအားနည်းချက်ကိုယ်စီတော့ရှိကြစမြဲပါ၊ဒါကြောင့်လူတိုင်းအတွက်အခြားခွန်အားတခုကလာကူညီပေးဖို့လိုအပ်နေတာပါ။ဆိုတော့ယနေ့ဖတ်သွားတဲ့နုတ်ကပတ်တော်ထဲမှာယုံကြည်သူအားလုံးအတွက်ဘုရားသခင်ကမကြောက်နဲ့မစိုးရိမ်နဲ့လို့ပြောထားပါပြီ။ဘာကြောင့်လဲဆိုတော့ယနေ့ယုံကြည်သူတွေမှာလဲကြောက်ရွံ့ခြင်းစိုးရိမ်ခြင်းတွေများစွာရှိနေလို့ဖြစ်တယ်၊ဘုရားကဒီအားနည်းခြင်းတွေကိုကြိုသိထားလို့သမ္မာကျမ်းစာမှာအရင်အဖြေပေးထားတာဖြစ်တယ်။ဆိုတော့မကြောက်နဲ့မစိုးရိမ်နဲ့လို့ဘုရားကပြောတဲ့အခါမှာဘာလို့မကြောက်ရတာလဲဘာလို့မစိုးရိမ်ရမှာလဲ?ဘာကြောင့်လဲဆိုတဲ့မေးခွန်းကိုအဖြေသုံးချက်နဲ့သမ္မာကျမ်းစာမှာဖော်ပြထားတာတွေ့ရပါတယ်။အဦးဆုံးအနေနဲ့မကြောက်ရမဲ့အကြောင်းရင်း၊စိုးရိမ်စရာဘာလို့မလိုတာလဲဆိုတဲ့အကြောင်းကဘုရားသခင်ကျွန်ုပ်တို့ဘက်ရှိသောကြောင့်ဖြစ်ပါတယ်။

၁။ဘုရားသခင်ကျွန်ုပ်တို့ဘက်ရှိသောကြောင့်။
သမ္မာကျမ်းစာကဘယ်လိုပြောထားသလဲဆိုရင်မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏တဲ့။သမ္မာဟောင်းခေတ်ကာလမှာဘုရားသခင်ကလူတိုင်းနဲ့အမြဲအတူမရှိပါဘူး၊ဒါပေမဲ့မ္မသစ်ရောက်တော့ခရစ်တော်ယေရှုအားဖြင့်ယုံကြည်သူအားလုံးနဲ့အတူဘုရားသခင်ဟာထာဝရရှိနေခဲ့ပါပြီ၊ဒါကြောင့်လဲယေရှုခရစ်တော်ကိုဧမာနွေလလို့မှည့်ခေါ်ထားတာပါ။ဧမာနွေလဆိုတဲ့အဓိပ္ပာယ်ဟာငါတို့နှင့်အတူရှိသောဘုရားဘဲဖြစ်ပါတယ်။ဟာလေလုယာ။ချစ်သောညီကိုမောင်နှမတို့၊ယနေ့ဘုရားသခင်ဟာသင့်ဘက်မှာရှိနေတယ်ဆိုတာသင်သိပါသလား?မျက်စိနဲ့မမြင်ရပေမဲ့နှလုံးသားနဲ့ထိတွေ့ခံစားနိုင်ပါတယ်၊သင်ဘယ်လောက်ဘဲအခက်ခဲပြသနာနဲ့ကြုံတွေ့နေပါစေ၊ဘုရားသခင်ဟာသင့်နဲ့အမြဲရှိနေကြောင်းသတိရပါ။တခါတလေဘုရားသခင်ငါနဲ့အဝေးကြီးမှာရောက်နေတာလားဆိုပြီးတွေးမိတတ်ပါတယ်၊မိတ်ဆွေမစိုးရိမ်ပါနဲ့သင်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံတဲ့အချိန်ကစဘုရားသခင်သင့်ဘက်မှာအမြဲရှိနေပါတယ်။ဒါဟာယုံကြည်သူအသက်တာမှာစိုးရိမ်ကြောက်ကျမှုမရှိဖို့နံပတ်၁အကြောင်းရင်းဘဲဖြစ်ပါတယ်။

၂။ဘုရားသခင်ဧကန်ကူညီမည်ဖြစ်သောကြောင့်။
ချစ်သောညီကိုမောင်နှမတို့၊ဘုရားသခင်ကကျွန်တော်တို့ကိုမစိုးရိမ်နဲ့မကြောက်နဲ့လို့ပြောရခြင်းရဲ့ဒုတိယအကြောင်းကတော့သူဟာကျွန်တော်တို့ကိုဧကန်မုချကူညီမှာမို့ဖြစ်ပါတယ်။ဒီနေ့ဖတ်သွားတဲ့ကျမ်းချက်ထဲမှာဂတိတော်သုံးခုပါဝင်နေပါတယ်။အဲဒါကတော့…ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလကျာ်လက်ဖြင့်ထောက်ပင့်မည်…ဆိုပြီးဖြစ်ပါတယ်။ဘာလို့သုံးကြိမ်တိုင်ကတိတော်ပေးထားပါသလဲ?သဘောကတော့လုံးဝသေချာကြောင်းဖော်ပြချင်တာပါ၊လူတွေဟာအားနည်းတဲ့သူမို့ဘုရားသခင်ကငါ့ကိုကူညီပါ့မလားဆိုပြီးစိုးရိမ်နေမှာစိုးလို့၊ဘုရားသခင်ကသုံးကြိမ်ထိကတိတော်ပေးထားခြင်းဖြစ်ပါတယ်။ဒီနေရာမှာဘုရားသခင်ကကျွန်တော်တို့ကိုဘယ်လောက်ချစ်ကြောင်းပေါ်လွင်စေပါတယ်၊ဒီပျက်ဆီးနေတဲ့လောကကြီးထဲမှာအခက်ခဲပေါင်းစုံနဲ့ရင်ဆိုင်နေရပေမဲ့ဘုရားသခင်ကသာကျွန်ုပ်တို့ကိုကူညီမယ်ဆိုရင်အဘယ်အရာကမှကျွန်တော်တို့ကိုအထိအခိုက်မဖြစ်စေနိုင်တော့ပါ။ရောမဩဝါဒစာ ၈:၃၁မှာဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တဘက်၌ နေနိုင်မည်နည်း…ဆိုပြီးကြွေးကြော်ထားပါပြီ။ဆက်လက်ပြီးရောမဩဝါဒစာ ၈:၃၇မှာဘယ်လိုပြန်ဖော်ပြလဲဆိုရင်ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထိုအမှုခပ်သိမ်းတို့မှာအောင်မြင်ခြင်းရရှိပြီလို့ပြောထားပါတယ်။ဟာလေလုယာ၊တချိန်ကဣသရေလလူမျိုးတွေပင်လယ်နှစ်ခြမ်းကွဲပြီးမြေပေါ်လမ်းလျှောက်ခဲ့ရသလို၊တချိန်ကဒါဝိဒ်လေးဟာသူ့ထက်အဆမတန်ကြီးမားတဲ့ဂေါလျက်ကိုအောင်နိုင်ခဲ့သလို၊ခြင်္သေ့တွင်းပေါ်ပစ်ချခံရပေမဲ့ဘေးကင်းလုံခြုံခဲ့တဲ့ဒံယေလလို၊ဒံယေလသူငယ်ချင်းသုံးယောက်ဖြစ်တဲ့ရှာဒပ်မေရှပ်အဗေသနေဂေါတွေမီးအိုးထဲပစ်ချခံရပေမဲ့ဆံပင်မှာမီးခိုးနံ့တောင်မရှိခဲ့သလို….စသဖြင့်ဘုရားသခင်အတူပါရှိပြီးကူညီမစခဲ့တဲ့သာဓကတွေအများကြီးပါညီကိုမောင်နှမတို့။ဒါကြောင့်ယနေ့သင်ဘာအတွက်စိုးရိမ်နေသေးသလဲ?သင်ဘာကိုကြောက်နေသေးသလဲ?ဘုရားသခင်ကတော့ မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်…လို့အတိအလင်းခွန်အားပေးထားပါပြီ။ဒါကြောင့်ကြောက်စရာမလိုတော့ပါ၊စိုးရိမ်စရာလဲမလိုတော့ပါ။အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ငါ့ဘက်မှာရှိနေသည်၊ငါ့ကိုဧကန်ကူညီမစမည်။နောက်ဆုံးတချက်အနေနဲ့ ဘုရားသခင်သစ္စာလကျာ်လက်ဖြင့် ထောက်ပင့်မည်ဘဲဖြစ်ပါတယ်။

၃။သစ္စာလကျာ်လက်ဖြင့် ထောက်ပင့်သောကြောင့်။
ချစ်သောညီကိုမောင်နှမတို့၊သမ္မာကျမ်းစာမှာဘာလို့လကျာ်ကိုအသုံးပြုဖော်ပြပါသလဲ၊ဘုရားသခင်မှာခြေလက်တွေရှိနေလို့လား?မဟုတ်ရပါ၊ဘုရားသခင်ခြေလက်ရှိမရှိကျမ်းစာမှာမဖော်ပြပါဘူး၊ဒါပေမဲ့သမ္မာကျမ်းစာမှာဘုရားသခင်ရဲ့လက်ခြေဦးခေါင်းကိုယ်လုံးစသဖြင့်အသုံးပြုပြီးလူတွေနားလည်အောင်ခိုင်းနိုင်းပုံဆောင်ဖော်ပြခြင်းသာဖြစ်ပါတယ်။ဒီနေရာမှာသုံးနုန်းထားတဲ့လကျာ်လက်ဆိုတာဟာအထူးသဖြင့်သန်မာသောခွန်အားနဲ့ကယ်တင်ခြင်းကိုပုံဆောင်ခြင်းသာဖြစ်ပါတယ်။ဥပမာယနေ့ကျွန်တော်တို့လူတွေမှာလဲများသောအားဖြင့်လကျာ်လက်ကလက်ဝဲလက်ထက်သန်မာကြပါတယ်။ဒါကြောင့်လကျာ်လက်နဲ့ထောက်ပင့်နေခြင်းဟာလုံးဝခိုင်ခံခြင်းကိုဖော်ပြနေတာဖြစ်ပါတယ်။ယနေ့ခရစ်တော်ကိုယုံကြည်သောသူတိုင်းအတွက်ဘုရားသခင်ဟာသူ့သစ္စာလကျာ်လက်ဖြင့်ထာက်ပင့်ပေးထားပါတယ်၊ဒါကြောင့်စိုးရိမ်စရာမလိုတော့ပါ၊ကြောက်စရာလဲမလိုတော့ပါ။ဟာလေလုယာ၊ကျေးဇူးတော်ကြီးမားလှပါပေတယ်။

နိဂုံး
ကျမ်းပညာရှင်တချို့ကပြောပါတယ်၊သမ္မာကျမ်းစာထဲမှာမကြောက်နဲ့မစိုးရိမ်နဲ့ဆိုတဲ့ကျမ်းချက်စကားပေါင်း၃၆၅နေရာရှိပါတယ်တဲ့။ဆိုလိုချင်တာကတနှစ်မှာ၃၆၅ရက်ရှိတဲ့ထဲဘုရားသခင်ကသင့်ကိုနေ့တိုင်းမစိုးရိမ်နဲ့မကြောက်နဲ့လို့ခွန်အားပေးနေတာဖြစ်တယ်။ဘာလို့လဲဆိုတော့ဘုရားသခင်ဟာငါ့တို့ဘက်မှာအမြဲအတူရှိနေပြီးဧကန်မုချကူညီမှာကြောင့်ပါ။သူ့ရဲ့အားကြီးသောသစ္စာလကျာ်လက်နဲ့ထောက်ပင့်ထားမှာမို့ကြောက်စရာအလျင်းမရှိတော့ပါ။စိုးရိမ်စရာလဲမလိုတော့ပါ။ဒါကြောင့်ချစ်သောညီကိုမောင်နှမတို့၊သင်ကြောက်နေရင်စိုးရိမ်နေရင်ယနေ့နုတ်ကပတ်တော်ဟာသင့်အတွက်ဘဲဖြစ်ပါတယ်၊အကယ်၍သင်ယခုမကြောက်သေးဘူးမစိုးရိမ်သေးဘူးဆိုပေမဲ့တချိန်ချိန်မှာကြောက်ခဲ့ရင်စိုးရိမ်ခဲ့ရင်ဒီစာလေးကိုပြန်ဖတ်ကြည့်ပါ။အထူးသဖြင့်တော့ကျမ်းစာကိုဖတ်ပါလို့တိုက်တွန်းရင်းဤမျှလောက်နဲ့ဘဲနိဂုံးချုပ်လိုက်ရပါတယ်။ဖတ်ရှုသူအယောက်ဆီတိုင်းပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။