အစဉ်မပြတ်ဝမ်းမြောက်ခြင်း
(အခြေပြုကျမ်း ၁သက် ၅:၁၆)
ခရစ်ယာန်တစ်ယောက်ဟာဘုရားသခင်အလိုတော်သိပြီး၊ဒီအလိုတော်အတိုင်းအသက်ရှင်တတ်ဖို့အင်မတန်အရေးကြီးပါတယ်။ဒါကြောင့်လဲသမ္မာကျမ်းစာ ၁သက်၅:၁၆ကနေအငယ်၁၈မှာဘုရားသခင်အလိုတော်ရှိတဲ့အသက်ရှင်ပုံကိုအချက်၃ချက်နဲ့ဖော်ပြထားပြီဖြစ်ပါတယ်။ဒီသုံးချက်ထဲကနေအဦးဆုံးတစ်ချက်ဖြစ်တဲ့ “အစဉ်မပြတ်ဝမ်းမြောက်ခြင်း”ကိုတင်ပြရင်းခွန်အားပေးပါရစေ။
ဘုရားသခင်ရဲ့အလိုတော်ဟာကျွန်ုပ်တို့ယုံကြည်သူတွေကိုအဦးဆုံးအစဉ်မပြတ်ဝမ်းမြောက်စေချင်တာပါ၊နေ့တိုင်းဝမ်းနည်းငိုကြွေးနေတာကိုသူမလိုလားပါ။ဒီလိုပြောလိုက်လို့နေ့တိုင်းဟားဟားဟားဆိုပြီးရီနေကြပါလို့ပြောခြင်းမဟုတ်၊ယုံကြည်သူမှန်ရင်နှလုံးသားထဲကနေခရစ်တော်ပေးတဲ့ဝမ်းမြောက်မှုမျိုးအစဉ်မပြတ်ရှိနေခြင်းကိုဆိုလိုတာပါ။လူသားတိုင်းတော့နဂိုကတည်းကပျော်ရွှင်ဝမ်းမြောက်တတ်ပါပေတယ်၊ဒါပေမဲ့လောကလူသားတွေရဲ့ပျော်ရွှင်မှုဟာအကန့်သတ်ရှိပြီးခေတ္တသာဖြစ်တဲ့ပျော်ရွှင်မှုမျိုးပါ။ဥပမာလူတစ်ယောက်လမ်းလျှောက်ရင်းငွေထုပ်ကောက်ရလို့သူချက်ခြင်းပျော်မိပေမဲ့ဒီငွေတွေသုံးကုန်သွားတဲ့အခါနဂိုကလိုပျော်ရွှင်မှုမျိုးရှိတော့မည်မဟုတ်ပါ။ဒီအရာကိုကြည့်ခြင်းအားဖြင့်လောကလူသားများရှိတဲ့ပျော်ရွှင်ဝမ်းမြောက်ခြင်းဟာအခြေနေပေါ်မူတည်ပြီးပြောင်းလဲတတ်ကြောင်းထင်ရှားပါပေတယ်။ဒါပေမဲ့သမ္မာကျမ်းစာထဲကအစဉ်မပြတ်ဝမ်းမြောက်ခြင်းဆိုတာတော့ဘုရားသခင်ဆီကနေသက်ရောက်လာတဲ့အတွက်ဘာအကြောင်းနဲ့မှမပြောင်းလဲနိုင်ပါဘူး၊တနည်းအားဖြင့်ဒီလိုဝမ်းမြောက်မှုမျိုးရရှိပိုင်ဆိုင်သူတွေဟာဘုရားအလိုတော်အတိုင်းအသက်ရှင်သူတွေဘဲဖြစ်ပါတယ်။စစ်မှန်သောယုံကြည်သူ၊ခရစ်တော်၌အသစ်ပြုပြင်သောလူတစ်ယောက်ရဲ့အသက်တာဟာဒီလိုဝမ်းမြောက်မှုမျိုးရှိနေမှာဖြစ်ပါတယ်။
ဘာကြောင့်အစဉ်မပြတ်ဝမ်းမြောက်နေရတာလဲ?အဖြေကတော့ရှင်းပါတယ်၊အပြစ်သားဘဝကနေကယ်တင်ခြင်းခံရတဲ့အတွက်ပါ။ဒါဟာတစ်ဘဝလုံးမှာအစဉ်မပြတ်ဝမ်းမြောက်နေရမဲ့အကြောင်းရင်းဘဲဖြစ်ပါတယ်။နောက်ပြီးဝမ်းမြောက်ရွှင်လန်းခြင်းဟာနှလုံးအတွက်ဆေးဖြစ်ကြောင်း သုတ္တံကျမ်း ၁၇:၂၂ မှာဖော်ပြထားပါတယ်။ယနေ့ခေတ်ဆေးဆရာဝန်တွေကလဲ လူတွေဟာတစ်နေ့ကိုအနည်းဆုံးသုံးကြိမ်ကနေငါးကြိမ်လွတ်လပ်စွာရယ်မောပေးနိုင်ရင်ကျန်းမာရေးကောင်းမှာဖြစ်ကြောင်းဖော်ပြထားပါတယ်။ဆိုတော့သမ္မာကျမ်းစာကအစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့လို့ပြောတဲ့အခါမှာ အဆင်ပြေတဲ့အခါမှဝမ်းမြောက်ပြီးအခက်ခဲကြုံတဲ့အခါငြီးငြူနေခိုင်းခြင်းမဟုတ်ပါ။ဘဝမှာဘယ်လိုအခြေနေမျိုးဖြစ်နေပါစေ၊ခရစ်တော်အားဖြင့်အပြုံးလေးနဲ့ရင်ဆိုင်တတ်ဖို့ပါ။သခင်ယေရှုခရစ်တော်ကိုယ်တိုင်မဿဲ၅:၁၁-၁၂မှာဒီလိုသွန်သင်ခဲ့ပါတယ် ” ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ။”
ဒီကျမ်းချက်အားဖြင့်ကျွန်တော်တို့သိထားရမှာက ကျွန်တော်တို့ကိုးကွယ်နေတဲ့ဘုရားဟာကဲ့ရဲ့ညှင်းဆဲခြင်းကိုမင်္ဂလာအဖြစ်ပြောင်းလဲပေးနိုင်တဲ့ဘုရားပါ၊ဟာလေလုယာ။ထို့အတူပါဘဲကျွန်ုပ်တို့အသက်တာမှာပြဿနာပေါင်းသောင်းခြောက်ထောင်လောက်ကြုံနေရပေမဲ့ဒီအခက်ခဲအားလုံးကိုဘုရားသခင်ကကောင်းကြီးမင်္ဂလာအဖြစ်ပြောင်းလဲဖြစ်တည်စေနိုင်ပါတယ်၊ဟာလေလုယာ။
ဒါကြောင့်ချစ်သောညီကိုမောင်နှမများ၊ယနေ့သင့်အသက်သာထဲမှာအစဉ်မပြတ်ဝမ်းမြောက်မှုမျိုးတည်ရှိနေပြီလား?မရှိသေးဘူးဆိုရင်ခရစ်တော်ယေရှု၌အသစ်ပြုပြင်သောအသက်တာကိုရယူလိုက်ပါ၊ခရစ်တော်ဆီတောင်းခံလိုက်ပါ။သင့်ဘဝမှာအမြဲတမ်းအပြုံးနဲ့ခြယ်သသွားနိုင်ပါလိမ့်မည်။အစဉ်မပြတ်ဝမ်းမြောက်နိုင်ဖို့ရန်ခရစ်တော်နဲ့မမြဲတမ်းအတူသွားလာကြပါစို့။