• 周日. 4 月 19th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဆုတောင်းသံကိုအဖြေပေးတဲ့ဘုရား

ဆရာရဲမင်း

10 月 25, 2024

ဆုတောင်းသံကိုအဖြေပေးတဲ့ဘုရား

တခါက
၂၄နာရီဖွင့်ဆေးခန်းထိုင်ယုံကြည်သူဆရာဝန်တဦးရှိသတဲ့။တစ်ရက်သောညမှာ၊မိုးတွေရွာပြီးမိုးကြိုးတွေပစ်နေတော့သူလဲအိပ်ငိုက်လာတယ်၊သန်းခေါင်ယံမှာဆိုင်စောင့်ရင်းအိပ်ငိုက်နေတုန်း၊လူတယောက်ကမိုးရေထဲကထွက်လာပြီးအရေးကြီးဆေးလာဝယ်သတဲ့…
“ဆရာရေကျွန်တော့်အမေအသည်းအသန်ဖြစ်နေလို့ဆေးစပ်ပေးပါအုံး”၊ဆရာဝန်ကလဲဘယ်လိုဖြစ်ကြောင်းကိုမေးပြီးအိပ်ချင်မူးတူးနဲ့ဆေးစပ်ပေးလိုက်တာပေါ့ဗျာ။ကောင်လေးကဆေးယူငွေချေပြီးကပျာကယာမိုးရေထဲထွက်သွားတော့တယ်။

ကောင်လေးထွက်သွားပြီးဆေးဖုံးပိတ်သိမ်းနေတုန်းဆေးဗူးကတံဆိပ်ကြည့်လိုက်တော့”ဟိုက်သွားပြီ၊ဆေးမှားပေးလိုက်ပြီ”အိပ်ချင်နေသောမျက်လုံးတွေပြူးလာပြီ၊ရင်တွေတဒိတ်ဒိတ်ခုန်နေပြီ၊ဆေးဘူးချပြီးမိုးရေထဲချက်ချင်းထွက်ရှာလေသည်၊ကောင်လေးကဘယ်ရောက်သွားမှန်းမသိ။ဖုန်းနံပတ်လဲမပေးခဲ့၊ဒီတခါသူအမှားကြီးမှားပြီလေ…။ဘယ်လိုလုပ်ရမလဲ?ဘယ်လိုလုပ်ရမလဲရွတ်ရင်းခေါက်တုန့်ခေါက်ပြန်လျှောက်နေမိသည်။

ဒီချိန်မှာဘုရားရှင်ကိုသတိရလာသည်၊ဓမ္မသီချင်းစာအုပ်ဖွင့်ပြီး”ငါတို့ပြစ်နှင့်ဝမ်းနည်းခြင်းများခံရန်မိတ်ဆွေယေရှုရှိ”ဆိုရင်းမိမိအပြစ်ဝန်ချရင်းနဲ့ဒီလူနာမိသားစုကိုဘုရားလက်ထဲအပ်နှံဆုတောင်းပေးပါတော့သည်။အဲလိုဆုတောင်းရင်းချီးမွမ်းရင်းလုပ်နေတာအချိန်တခုရှိလာတဲ့အခါမှာတော့မိုးရေထဲကနေလူတယောက်ဘွားကနဲပေါ်လာပြန်သတဲ့။သူသေချာကြည့်လိုက်တော့ခုနကကောင်လေးပါလား?ဆေးများမှားသောက်မိပြီးပြသနာတက်ပြီထင်ဟုတွေးမိသည်။ဒါပေမယ့်ကောင်လေးပြောလာတာက”တောင်းပန်ပါတယ်ဆရာရယ်၊ခုနကျွန်တော်အလောတကြီးနဲ့ဆရာပေးတဲ့ဆေးကိုင်ပြီးပြေးပြန်နေတုန်းအိမ်ရောက်တော့မဲ့အချိန်မှချော်လဲပြီးဆေးတွေအကုန်မြောင်းထဲရောက်သွားတယ်၊ဒါကြောင့်ခုပြန်လာဝယ်တာပါ”ဟုဆိုလာသည်။

ဒီစကားကြားလိုက်ရတဲ့ဆရာဝန်ရင်ထဲမှာတော့”အောင်မလေး၊တော်သေးတယ်ကိုယ်တော်ရယ်၊ဆုတောင်းတာနားညောင်းလို့ပေါ့”။ပြောရင်းကောင်လေးကိုဆေးပေးပြီးဆုတောင်းပေးလိုက်ပါသည်။နောက်နေ့မနက်အစောကြီးဆရာဝန်ကအဲဒီကောင်လေးအိမ်စုံစမ်းပြီး၊သွားရောက်သက်သေခံပြီးတကာလ၊ကူညီစရာများပြန်လည်ကူညီပေးခဲ့ပါသည်။ဤသည်မှာခရစ်ယာန်တယောက်မိမိအပြစ်ကိုဝန်ချပြီးဆုတောင်းသံကိုဘုရားသခင်နားညောင်းပေးခဲ့ခြင်းဖြစ်သည်။

ဆုတောင်း
အိုဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ်ရှိတော်မူပါ။(လုကာ ၁၈:၁၃)