ဗျာဒိတ်ကျမ်းမှအသင်းတော်၇ပါး(၄)သွာတိရအသင်းတော်
၄။သွာတိရအသင်းတော်(ဗျာ၂:၁၈-၂၉)
“သွာတိရ”(Thyatira)ဆိုတာ ရှေးဂရိစကားလုံးΘυάτειρα(တိရတေဒါ)ရဲ့အသံထွက်ကိုမြန်မာမှုပြုယူထားတာပါ။အဓိပ္ပာယ်က“ မွှေးကြိုင်သောယဇ်ပူဇော်ခြင်း”လို့သက် ရောက်ပါတယ်။သွာတိရမြို့ဟာရှေးဂရိနိုင်ငံထဲကမြို့ဟောင်းတခုဖြစ်ပြီး၊အရောင်တင်ဆေးဆိုးခြင်းနဲ့စီးပွားရေးတိုးတက်နာမည်ကြီးခဲ့တဲ့မြို့ပါ။ သေးငယ်ပြီးမှီတွယ်ရာဆိပ်ကမ်းတို့တောင်ထိပ်တို့မရှိပေမယ့်၊အာရှိပြည်နယ်တဝိုက်ရဲ့လမ်းပမ်းဆက်သွယ်ရေးအချက်အချာကျတဲ့မြို့လေးပါ။AD133နောက်ပိုင်းရောမလက်ထဲရောက်ရှိခဲ့တာပါ။ယနေ့ခေတ်မှာတော့တူရကီနိုင်ငံမှာAkhisar (အဖြူရောင်မြို့)ဆိုတဲ့အမည်နဲ့တည်ရှိနေဆဲပါ။
ဖိလပ္ပိမြို့ကိုရှင်ပေါလုဒုတိယအကြိမ်ဧဝံဂေလိထွက်လာပြီးတရား ဟောတဲ့ချိန်မှာ၊သွာတိရမြို့ကနေလာတဲ့နီမောင်းတဲ့အထည်အလိပ်ကုန်သည်အမျိုးသမီးဖြစ်တဲ့လုဒိဟာယုံကြည်လာခဲ့ပါတယ်(တမန်၁၆:၁၄-၁၇)။ဒီလိုအထည်အလိပ်ကိုအရောင်တင်ရောင်းတဲ့အလုပ်ကယနေ့တိုင်အဲဒီသွာတိရမြို့မှာ“တူရကီအနီ”အဖြစ်တည်ရှိနေသေး ကြောင်းလေ့လာတွေ့ရှိရပါတယ်။ဒီအရာကိုထောက်ရှုပြီးကျမ်းပညာရှင်တချို့ကသွာတိရအသင်းတော်ကိုလုဒိကနေစတင်တည်ထောင်ခဲ့ကြောင်းမှတ်ချက်ပေးခဲ့ကြတာပါ။
ဗျာဒိတ်ကျမ်းမှာသခင်ယေရှုကအသင်းတော်၇ပါးကိုစာရေးပေးတဲ့အထဲဒီသွာတိရအသင်းတော်ကိုရေးပေးတဲ့စာကအရှည်ဆုံးဖြစ်ပါတယ်။
စာထဲမှာအဦးဆုံးအသင်းတော်ရဲ့အကျင့်ကောင်းဖြစ်တဲ့ ချစ်ခြင်း၊ အမှုဆောင်ခြင်း၊ ယုံကြည်ခြင်းနဲ့သည်းခံခြင်းကိုကိုချီးကျူးခဲ့ပါတယ်။ဒါပေမယ့်မီးလျှံကဲ့သို့သောမျက်စိနဲ့ကြည့်တဲ့ခရစ် တော်အမြင်ထဲမှာတော့ဒီအသင်းတော်မှာပြစ်တင်စရာလည်းရှိနေပါတယ်။အဲဒါကတော့သူတို့အသင်းတော်ထဲမှာအမည်ခံပရောဖက်ဖြစ်တဲ့ယေဇဗေလရဲ့လွဲမှားစွာသွန်သင်မှုကိုလက်ခံထားကြလို့ပါ။အမှု တော်ဆောင်တချို့မတရားသောမေထုန်ပြုကြတယ်၊ရုပ်တုရှေ့အစာစားကြတယ်၊စီးပွားရေးအင်မတန်တိုးတက်တဲ့မြို့မို့ယုံကြည်သူတွေလဲစီးပွားရေးကြောင့်မယုံကြည်သူတွေနဲ့အတူအလုပ်လုပ်တဲ့အခါအားနာနာနဲ့မလုပ်သင့်တာလိုက်လုပ်လာကြတယ်။ဒါကိုလိုက်လုပ်ဖို့ပရောဖက်မဆိုသူကသွန်သင်ပေးနေတယ်၊ပိုဆိုးတာကအသင်းတော်တခုလုံးဒီအမှားကိုတိတ်တိတ်လေးလက်ခံထားကြတယ်၊“ယုံကြည်သူတွေဘုရားလူကိုမစီရင်ကြနဲ့၊မေတ္တာဘဲထားပါ”ဆိုပြီးလက်ခံပေးထားတဲ့အနေထားမျိုးပါ။
ဒါပေမယ့်ခရစ်တော်ကတော့ရှင်းပါတယ်၊“ဒီမိစ္ဆာဒိဌိကနေအမြန်နောင်တရပါ”၊နောင်တမရရင်ကြီးစွာသောဆင်းရဲခြင်းဖြစ်စေမယ်လို့ဆိုထားပါတယ်။နောက်တချက်ကအသင်းတော်ထဲမှာဒီမိစ္ဆာဒိဌိကိုရဲ့ဝံ့စွာငြင်းပယ်ပြီးလက်မခံတဲ့ယုံကြည်သူတွေကိုတချိန်မှာအုပ်စိုးခြင်းအခွင့်နဲ့အတူသခင်နဲ့စံမြန်းရမှာဖြစ်ကြောင်းကတိတော်ပေးခဲ့ပါတယ်။
ယနေ့အသင်းတော်များဆင်ခြင်ရမှာက
၁။အသင်းတော်ထဲမှာအမှုတော်ဆောင်တွေဘုရားမကြိုက်တဲ့အပြစ်တိတ်တိတ်လေးပြုနေကြပြီလား?အမြန်နောင်တရပါ။
၂။အသင်းတော်မှာလွဲမှားစွာသွန်သင်တဲ့ဆရာတွေကိုမပြောရဲဘဲလက်ခံနေပြီလား?ဆရာတွေအပြစ်လုပ်တာသင်မြင်နေရင်လဲသတိမပေးရဲဘဲဖြစ်နေပြီလား?အမြန်နောင်တရပါ။
၃။ယုံကြည်သူဖြစ်ပြီးမယုံကြည်သူနဲ့စီးပွားရေးလုပ်တဲ့အခါအားနာနာနဲ့မလုပ်သင့်၊မကိုင်သင့်၊မစားသင့်၊မသွားသင့်တဲ့အရာတွေတိတ်တိတ်လေးပြုမိနေပြီလာ?အမြန်နောင်တရပါ။