• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ထပ်ဆင့်ကျေးဇူးတော်(၁၀)မျိုး

ဆရာရဲမင်း

11 月 14, 2024

ထပ်ဆင့်ကျေးဇူးတော်(၁၀)မျိုး

နိဒါန်း
ရှင်ယောဟန် 1:16ထို​သူ၏​ပြည့်​စုံ​ခြင်း​မှ​လည်း ကျေး​ဇူး​တစ်​ပါး၌ ထပ်​ဆင့်၍ ကျေး​ဇူး​တစ်​ပါး​ကို ငါ​တို့​ရှိ​သ​မျှ​သည်​ခံ​ရ​ကြ​ပြီ။
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်လို့ပြောလိုက်တဲ့အခါဘုရားသခင်ရဲ့အလိုတော်ဖြစ်သလိုယုံကြည်သူတိုင်းလုပ်ရမယ့်အရာတခုလဲဖြစ်ပါတယ်။ကျေးဇူးတော်ချီးမွမ်းခြင်းဟာဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာကိုရယူလှဲလှယ်ဖို့အကြောင်းပြချက်မဟုတ်ပေမယ့်၊
ဒီလိုကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ပူဇော်တတ်တဲ့လူတစ်ယောက်ဟာထပ်ဆင့်ကျေးဇူးတော်ကျေးဇူးတော်အများကြီးပြန်ခံစားရကြောင်းကျမ်းစာအားဖြင့်နားလည်ရပါတယ်။ဒီအများကြီးထဲကနေဒီနေ့အားလုံးနဲ့အတူအချက်(၁၀)ချကက်လောက်နဲ့ခွန်အားပေးချင်ပါတယ်။

၁။ဘေးအမျိုးမျိုးမှကယ်လွတ်ခြင်းကျေးဇူး
ဆာလံကျမ်း ၅၀:၁၄-၁၅”ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အား ပူဇော်လော့။ သစ္စာကတိထားသည်အတိုင်း၊ အမြင့်ဆုံးသောအရာ၌ သစ္စာဝတ်ကိုဖြေလော့။အမှုရောက်သည်ကာလ၌ ငါ့ကိုပတ္ထနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူ၏။

၂။ရန်သူနှင့်သင့်မြတ်စေခြင်းကျေးဇူး
ဆာလံကျမ်း ၆၉:၃၀-၃၁” ငါသည် ဘုရားသခင်၏ နာမတော်ကို ထောမနာသီချင်းဆိုမည်။ ကျေးဇူးတော်ကိုပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်။ထာဝရဘုရားသည် ချိုနှင့်လည်းကောင်း၊ ခွါနှင့်လည်းကောင်း ပြည့်စုံသောနွားလားကို နှစ်သက်သည်ထက်၊ ထိုအကျင့်ကို သာ၍ နှစ်သက်တော်မူလိမ့်မည်။
သုတ္တံကျမ်း ၁၆:၇လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။

၃။မပြည့်စုံမှုကိုဖုံးအုပ်နိုင်ခြင်းကျေးဇူး
၁ကော၁:၂-၆မှာရှင်ပေါလုဟာကောရိန်သုအသင်းသားတွေကိုစာရေးပေးတဲ့အခါသုံးထားတဲ့အသုံးနုန်းလေးပါ။အမှန်တော့ကောရိန်သု
အသင်းတော်ဟာပြသနာအများဆုံးနဲ့အဆိုးရွားဆုံးအခြေနေကလူတွေပါ၊ဒါပေမယ့်ရှင်ပေါလုကဒီလူတွေကိုသန့်ရှင်းသောသူအပြစ်ကင်းစင်သောသူဆိုပြီးသူတို့အတွက်ကျေးဇူးတော်ချီးမွမ်းပြီးစကားအစချီခဲ့ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့်ကျေးဇူးတော်အမြဲချီးမွမ်းတတ်သူဟာသူတပါးအပေါ်အမြင်ကြည်လင်စေပြီးဝေဖန်ပြစ်တင်မှုနည်းလာမှာပါ။သူတပါးရဲ့မပြည့်စုံမှုကိုဘုရားသခင်ရဲ့ကျေးဇူးတော်အားဖြင့်ဖုံးအုပ်တတ်သောသူဖြစ်လာပါလိမ့်မယ်။

၄။ခန္ဓာစိတ်ဝိညာဥ်ချမ်းသာရခြင်းကျေးဇူး
ယောနတ္ထု ၂:၉အကျွန်ုပ်မူကား၊ ကျေးဇူးတော်ကို ချီးမွမ်းသော စကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ သစ္စာဂတိ ထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည်။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ၏။

၅။ငြိမ်သက်စောင့်မခြင်းကျေးဇူး
ဖိလိပ္ပိဩဝါဒစာ ၄:၆-၇အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။

၆။စာတန်ကိုအောင်နိုင်ခြင်းကျေးဇူး
ယောဘ1:20-22ထို​အ​ခါ ယော​ဘ​သည်​ထ၍ မိ​မိ​ဝတ်​လုံ​ကို ဆုတ်​လေ၏။ ဆံ​ပင်​ကို​လည်း​ရိတ်၍ မြေ​ပေါ်​မှာ​ဝပ်​လျက် ကိုး​ကွယ်​ပြီး​လျှင်၊ ငါ​သည် အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​က ထွက်​လာ၏။ အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​သို့ ပြန်​သွား​တော့​မည်။ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​လည်း ရုပ်​သိမ်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း​ဟု ဆို​လေ၏။ ယော​ဘ​သည် ဤ​အ​မှု​များ​နှင့် တွေ့​ကြုံ​သော်​လည်း မ​မှား​ယွင်း။ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း အ​ပြစ်​မ​တင်​ဘဲ နေ၏။

၇။နှစ်ဆသောဥစ္စာကောင်းကြီးကျေးဇူး
ယောဘ42:10,12-13,16ယော​ဘ​သည် အ​ဆွေ​ခင်​ပွန်း​တို့​အ​ဖို့ ဆု​တောင်း​ပြီး​မှ၊ သူ​ခံ​ရ​သော​ဒု​က္ခ​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပယ်​ရှင်း၍၊ အ​ရင်​ထက် နှစ်​ဆ​သော​ဥ​စ္စာ​ကို ပေး​တော်​မူ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ၏​ရှေ့​ဖြစ်​ဟန်​ကို ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ သူ​သည် သိုး​တစ်​သောင်း​လေး​ထောင်၊ ကု​လား​အုတ်​ခြောက်​ထောင်၊ နွား​ရှဉ်း​တစ်​ထောင်၊ မြည်း​မ​တစ်​ထောင်​ကို ရ​တတ်၏။ သား​ခု​နစ်​ယောက်​နှင့် သ​မီး​သုံး​ယောက်​ကို​လည်း ရ​ပြန်၏။ ထို​နောက် ယော​ဘ​သည် အ​နှစ်​တစ်​ရာ​လေး​ဆယ် အ​သက်​ရှင်၍ မိ​မိ​သား၊ မြေး၊ မြစ်​တို့​ကို​ပင် မြင်​ရ​ပြီး​မှ

၈။ကျန်းမာရွှင်လန်းခြင်းကျေးဇူး
သုတ္တံကျမ်း ၁၇:၂၂မှာ” စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကို သွေ့ခြောက်စေတတ်၏။”လို့ဆိုပါတယ်။ကျေးဇူးတော်အမြဲရေတွက်နေတတ်တဲ့သူဟာရွှင်လန်းခြင်းကိုရရှိနေသူဖြစ်ပြီး၊စိတ်အမြဲရွှင်လန်းနေတဲ့သူဟာကျန်းမာခြင်းရဲ့အခြေခံအုတ်မြစ်ဘဲဆိုတာသမ္မာကျမ်းစာကဆိုထားသလိုလက်ရှိဆေးပညာပိုင်းမှာလဲသက်သေထူထားပါပြီ။ဒါကြောင့်ကျေးဇူးတော်အမြဲရေတွက်ချီးမွမ်းတတ်သောသူဟာကျမ်းမာရွှင်းလန်းခြင်းကျေးဇူးကိုထပ်ဆင့်ခံစားရပါလိမ့်မယ်။

၉။ရန်သူကိုအောင်မြင်ခြင်းကျေးဇူး
ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၂၂-၂၃ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြသောအခါ၊ ယုဒပြည်ကိုတိုက်အံ့သောငှာ လာသော၊ စိရတောင်သားတို့ကို အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့ တစ်ဖက်၌ ထာဝရဘုရား ချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊ တစ်ဖန် စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ လှန်၍တိုက်သဖြင့်၊ အကုန်အစင်သတ်ပြီးမှ၊ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်၍၊ ပျက်စီးခြင်းသို့ရောက်ကြ၏။

၁၀။ဘုရားသခင်ရဲ့နှစ်သက်ခံရခြင်းကျေးဇူး
ရှင်လုကာ၁၇:၁၇-၁၉ယေ​ရှု​က​လည်း၊ တစ်​ကျိပ်​သော​သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ​သည်​မ​ဟုတ်​လော။ ကိုး​ယောက်​သော​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။- ဤ​တစ်​ပါး​အ​မျိုး​သား​ကို​ထား၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ ပြန်​လာ​သော​သူ တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု မေး​တော်​မူ​ပြီး​မှ၊- သင်​ထ၍ သွား​လော့။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင်၏​အ​နာ​ကို​ငြိမ်း​စေ​ပြီ​ဟု ထို​သူ​အား မိန့်​တော်​မူ၏။ ‘

နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုပူဇော်တဲ့သူတွေဟာထပ်ဆင့်ကျေးဇူးတော်၁၀မျိုးဖြစ်တဲ့
၁။ဘေးအမျိုးမျိုးမှကယ်လွတ်ခြင်းကျေးဇူး
၂။ရန်သူနှင့်သင့်မြတ်စေခြင်းကျေးဇူး
၃။မပြည့်စုံမှုကိုဖုံးအုပ်နိုင်ခြင်းကျေးဇူး
၄။ခန္ဓာစိတ်ဝိညာဥ်ချမ်းသာရခြင်းကျေးဇူး
၅။ငြိမ်သက်စောင့်မခြင်းကျေးဇူး
၆။စာတန်ကိုအောင်နိုင်ခြင်းကျေးဇူး
၇။ကျန်းမာရွှင်လန်းခြင်းကျေးဇူး
၈။နှစ်ဆသောဥစ္စာကောင်းကြီးကျေးဇူး
၉။ရန်သူကိုအောင်မြင်ခြင်းကျေးဇူး
၁၀။ဘုရားသခင်ရဲ့နှစ်သက်ခံရခြင်းကျေးဇူး
ဒီလောက်ကောင်းတဲ့အရာကိုရယူဖို့ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုအတူတကွပူဇော်ကြပါစို့။