ဆာလံ၁၁၈မှကျေးဇူးတော်(၇)မျိုး
၁။ထာဝရဘုရား၏ကောင်းမြတ်ခြင်းကျေးဇူးတော်
ဆာလံ 118:1-4ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍၊ကရုဏာတော်အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ကရုဏာတော်အစဉ်အမြဲတည်သည်ဟုဣသရေလအမျိုးဝန်ခံစေ။ကရုဏာတော်အစဉ်အမြဲတည်သည်ဟုအာရုန်အနွယ်ဝန်ခံစေ။ကရုဏာတော်အစဉ်အမြဲတည်သည်ဟုထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည်ဝန်ခံကြစေ။ (အာမင်)
၂။ထာဝရဘုရား၏ကူညီမစခြင်းကျေးဇူးတော်
ဆာလံ118:5-9ငါသည်ကျဉ်းမြောင်းရာထဲကထာဝရဘုရားကိုခေါ်၍၊ထာဝရဘုရားသည်ကျယ်ဝန်းသောအရပ်ထဲသို့ သွင်းတော်မူ၏။ထာဝရဘုရားသည်ငါ့ဘက်မှာရှိတော်မူသည်ဖြစ်၍ကြောက်စရာမရှိ။လူသည်ငါ၌ အဘယ်သို့ ပြုနိုင်သနည်း။ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍၊ငါ့ကိုမုန်းသောသူတို့၌ငါ့အလိုပြည့်စုံလိမ့်မည်။ထာဝရဘုရား၌ ခိုလှုံခြင်းသည်၊ လူကို ကိုးစားခြင်းထက် သာ၍ကောင်း၏။ ထာဝရဘုရား၌ ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက်သာ၍ကောင်း၏။ (အာမင်)
၃။ထာဝရဘုရားကြောင့်အောင်နိုင်ခြင်းကျေးဇူးတော်
ဆာလံ 118:10-14လူမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။ ငါ့ကို ဝိုင်းကြ၏။ ဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။ ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော်လည်း၊ ဆူးပင်ကိုလောင်သော မီးကဲ့သို့ ငြိမ်းကြ၏။ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။ သင်သည် ငါ့ကိုလှဲခြင်းငှာ ပြင်းထန်စွာ တွန်းသော်လည်း၊ ထာဝရဘုရားသည် ငါ့ကိုမစတော်မူ၏။ ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်းဆိုရာအကြောင်း၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ၏။(အာမင်)
၄။ထာဝရဘုရားကြောင့်မသေသေးဘဲရှင်လာတဲ့ကျေးဇူးတော်
ဆာလံ 118:15-18ဖြောင့်မတ်သော သူတို့၏နေရာ၌ ဝမ်းမြောက်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏။ ထာဝရဘုရား၏ လက်ယာလက်တော်သည် ကြီးသောအမှုကိုပြု၏။ ထာဝရဘုရား၏ လက်ယာလက်တော်သည် ချီးမြှင့်လျက်ရှိ၏။ ထာဝရဘုရား၏ လက်ယာလက်တော်သည် ကြီးသောအမှုကိုပြု၏။ ငါမသေရသေး။ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်တို့ကို ကြားပြောရဦးမည်။ ထာဝရဘုရားသည် ငါ့ကိုကျပ်တည်းစွာ ဆုံးမသော်လည်း၊ သေခြင်း၌ အပ်တော်မမူသေး။(အာမင်)
၅။ထာဝရဘုရားကြောင့်ဖြောင့်မတ်ခြင်းတံခါးကိုဝင်ခွင့်ကျေးဇူးတော်
ဆာလံ118:19-21ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါ့အားဖွင့်ကြ။ ငါဝင်၍ ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရမည်။ ဤတံခါးသည် ထာဝရဘုရား၏တံခါးဖြစ်၏။ ဖြောင့်မတ်သော သူတို့သည် ဝင်ရကြ၏။ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏စကားကို နားထောင်၍၊ အကျွန်ုပ်ကို ကယ်တင်တော်မူ၏။(အာမင်)
၆။ယေရှုခရစ်ကြောင့်ကောင်းကြီးခံရခြင်းကျေးဇူးတော်
ဆာလံ118:22-25တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏။ထိုအမှုသည် ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်၌လည်း အံ့ဩဖွယ်ဖြစ်၏။ ဤနေ့ရက်သည် ထာဝရဘုရား စီရင်တော်မူသောနေ့ရက်ဖြစ်၍၊ ယနေ့ ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။ အို ထာဝရဘုရား၊ ကယ်တင်တော်မူပါဟု တောင်းပန်ပါ၏။ အို ထာဝရဘုရား၊ ကောင်းချီးမင်္ဂလာကို ပေးတော်မူပါဟု တောင်းပန်ပါ၏။(အာမင်)
၇။ဘုရားစစ်ဘုရားမှန်ကိုကိုးကွယ်ရခြင်းကျေးဇူးတော်
ဆာလံ118:26-29ထာဝရဘုရား၏အခွင့်နှင့် ကြွလာသောသူသည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရား၏ အိမ်တော်ထဲက အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကောင်းချီးပေးကြပါ၏။ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်၍၊ ငါတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၏။ ယဇ်တင်ရန် အကောင်ကို ယဇ်ပလ္လင်ဦးချို၌ ကြိုးနှင့် ချည်ကြလော့။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၍၊ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၍၊ ကိုယ်တော်ကို ချီးမြှောက်ပါမည်။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။(အာမင်)