ဆားရဲ့ဂုဏ်သတ္တိအကျိုး(၇)မျိုး
၁။အရသာပြည့်စုံစေတယ်။
ဘာဘဲချက်ချက်ဆားမပါဘူးဆိုရင်ပေါ့ပျက်ပျက်ပါ၊ အကယ်၍ဆားကိုလိုသလောက်ထည့်ပြီးစားကြည့်ရင်တော့ကောင်းမွန်တဲ့အရသာပြည့်စုံလာပါလိမ့်မယ်။ယနေ့ယုံကြည်သူတွေဟာလောကရဲ့ဆားဖြစ်တဲ့အတွက်ပေါ့ပျက်ပျက်ဖြစ်နေတဲ့နေရာတိုင်းမှာကိုယ့်ရဲ့ပါဝင်မှုအားဖြင့်အဓိပ္ပာယ်ရှိစေပါ၊ထူးခြားစေပါ။သူတပါးအတွက်အကျိုးဖြစ်ထွန်းစေပါ။ကောလောသဲဩဝါဒစာ ၄:၆မှာ သင်တို့စကားသည်ဆားအားဖြင့်ငန်သောအရသာနှင့်ပြည့်စုံလျက်၊အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။လို့ဖော်ပြထားပါတယ်။
၂။ပုတ်ပျက်ခြင်းကိုကာကွယ်တယ်။
ဆားရဲ့ဂုဏ်သတ္တိအကျိုးဒုတိယတမျိုးကတော့ပုတ်ပျက်ခြင်းကိုကာကွယ်တာပါ။အစားအစာတွေနဲ့အသားငါးတွေကိုမပုတ်ပျက်အောင်ဆားနဲ့သိပ်ကြရပါတယ်။ဒီနေ့ခေတ်ကာလမှာရေခဲသေတ္တာရှိနေတာတောင်မှဆားကိုသုံးနေရတုန်းပါဘဲ။ယုံကြည်သူတွေအနေနဲ့လဲပျောက်ဆုံးဝိညာဉ်တွေမပျက်စီးအောင်၊အသင်းတော်ကြီးတခုလုံးမပျက်ဆီးမပုတ်သိုးအောင်၊သမ္မာကျမ်းစာရဲ့သွန်သင်မှုနဲ့အမြဲတမ်းထိန်းသိမ်းကာကွယ်ရမှာဖြစ်ပါတယ်။
၃။ကုသပေးတယ်။
ဆားရဲ့ဂုဏ်သတ္တိအကျိုးတတိယတမျိုးကတော့ဆေးဖြစ်ဝါးဖြစ်ပါတယ်၊ကုသရေးမှာအရေးပါနေတာပါ။ဆားငန်ဆေးပုလင်းတို့ဓာတ်ဆားတို့အမျိုးမျိုးရှိနေပါတယ်၊ဆားဟာလူခန္ဓာကိုယ်အတွက်မရှိမဖြစ်တဲ့အရာတမျိုးပါ။ယနေ့ယုံကြည်သူတိုင်းဟာလောကရဲ့ဆားဖြစ်တဲ့အတွက်၊လူသားတိုင်းရဲ့ဝေဒနာကိုကုသပေးသောသူ၊ယေရှုနာမအားဖြင့်လူတိုင်းရဲ့ခန္ဓာစိတ်ဝိညာဉ်ကိုကျန်းမာစေသောသူများဖြစ်ရမှာပါ။
၄။ရေခဲတွေကိုအရည်ပျော်စေနိုင်တယ်။
နှင်းတွေတအားကျတဲ့နိုင်ငံတွေကိုသေချာလေ့လာတဲ့အခါ၊သူတို့နိုင်ငံရဲ့လမ်းမကြီးတွေပေါ်နှင်းထူထပ်နေတဲ့အခါအရည်ပျော်လို့မြန်အောင်ဆိုပြီးဒေသအစိုးရကကားနဲ့ဆားတွေလာဖြူးဖြန့်သွားတတ်ကြပါတယ်။အဓိကတော့အန္တာရာယ်ကင်းပြီးလုံခြုံစွာသွားလာနိုင်ဖို့ပါ။ယုံကြည်သူတွေကလဲလောကထဲအသက်ရှင်နေတဲ့အခါရန်ကိုငြိမ်းစေတတ်သောသူ၊အချင်းချင်းသင့်မြတ်စေပြီးငြိမ်းချမ်းမှုကိုရစေသောသူများဖြစ်နေရမှာပါ။
၅။ပိုးသတ်ပြီးသန့်ရှင်းစေတယ်။
အရက်ပြန်ဟာပိုးသတ်ပြီးသန့်ရှင်းစေသလို၊ဆားမှာလဲဒီလိုအညစ်အကြေးကိုသန့်ရှင်းစေနိုင်တဲ့ဂုဏ်သတ္တိအကျိုးတွေရှိနေပါတယ်။မမြင်နိုင်တဲ့ပတ်တီးရီးယားပိုးတွေကိုသေစေနိုင်ပြီးသန့်ရှင်းစေပါတယ်၊လူတွေရဲ့သွားတွေတောင်ဖြူစင်လာအောင်လုပ်ပေးနိုင်ပါတယ်။ယနေ့လောကလူတွေရဲ့အသက်တာမှာဘုရားသခင်မနှစ်သက်တဲ့အညစ်အကြေးတွေကိုပယ်ရှင်းပေးဖို့ယုံကြည်သူတိုင်းမှာတာဝန်ရှိပါတယ်။ကိုယ်စိတ်နှလုံးသုံးပါးလုံးကြည်လင်သန့်ရှင်းစေပြီးဘုရားသခင်နှစ်သက်သောသူများဖြစ်စေပါ။
၆။အစားဝင်စေပါတယ်။
ဆားရဲ့ဂုဏ်သတ္တိအကျိုးနောက်တမျိုးကမစားမသောက်ချင်တဲ့လူတစ်ယောက်ကို၊ဆားရေလေးဖျော်တိုက်လိုက်ရင်အစာစားစေလာတယ်လို့ဆိုပါတယ်။လူတယောက်ဟာအစာပုံမှန်စားနိုင်မှကျမ်းမာသန်စွမ်းမှာဖြစ်ပါတယ်။ယုံကြည်သူတွေဟာလောကရဲ့ဆားဖြစ်တဲ့အတွက်ကိုယ့်အားဖြင့်သူတပါးဘုရားကျောင်းတက်ချင်လာစေပါ၊ကျမ်းစာဖတ်ချင်လာစေပါ၊ချီးမွမ်းဆုတောင်းချင်သောစိတ်ရှိစေပါ။ယုံကြည်သူတွေအနေနဲ့သူတပါးရဲ့တည်ဆောက်စရာစံနမူနာဖြစ်စေရပါမယ်။ကိုယ့်ကြောင့်သူတပါးခရစ်တော်ဆီမလာချင်အောင်တော့မဖြစ်စေပါနဲ့။
၇။ရေကိုစာငတ်စေပါတယ်။
ဆားရဲ့နောက်ဆုံးဂုဏ်သတ္တိအကျိုးတခုကတော့သူ့ကိုစားပြီးရင်ရေစာတတ်တာပါဘဲ။ယနေ့ယုံကြည်သူတွေဟာလောကလူသားအများကြီးကြားထဲပျော်ဝင်ပြီးလူတွေကိုသမ္မာတရားစာငတ်လာစေဖို့လုပ်ဆောင်ရမှာပါ။ကျွန်တော်တို့ရဲ့ပုံသက်သေအားဖြင့်လူသားတိုင်းအသက်စမ်းရေဖြစ်တဲ့ယေရှုကိုစာငတ်စေပါ၊ဒါမှလူသားတိုင်းထာဝရကျန်းမာချမ်းသာရပါလိမ့်မည်။
နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊သခင်ယေရှုခရစ်တော်ကတော့သင်တို့ဟာဤလောက၏ဆားလို့ပြောခဲ့ပါပြီ၊ယနေ့ဆားဖြစ်တယ်ဆိုရင်ဆားရဲ့ဂုဏ်သတ္တိအကျိုး(၇)မျိုးထဲကသင့်အသက်တာမှာဘယ်နှစ်မျိုးရှိနေပြီလဲ?သခင်ယေရှုကတော့ဆားဟာအငန်ကင်းပျောက်ရင်ပစ်လိုက်ရုံပါဘဲတဲ့။တကယ်တမ်းတော့ဆားမှန်ရင်အငန်ကင်းပျောက်စရာအကြောင်းမရှိပါဘူး၊ဒါပေမဲ့သခင်ယေရှုခေတ်ကဆားတွေဟာဆားသီးသန့်မဟုတ်ဘဲအခြားအရာတွေရောနေပါတယ်၊ဆိုတော့ဆားအငန်တွေသုံးကုန်ပြီးဒီဆားမဟုတ်တဲ့အရာတွေသာကျန်ခဲ့တဲ့အခါအပြင်မှာပစ်လိုက်ပြီးလမ်းပေါ်ခင်းလိုက်တဲ့သဘောပါ။လမ်းပေါ်ရောက်သွားတဲ့အခါသူတပါးကျော်နင်းသွားပြီးဘာအသုံးမှမဝင်တော့တာပါ။ဆိုလိုတာကယုံကြည်သူတွေထဲမှာစစ်မှန်တဲ့ယုံကြည်သူနဲ့ဟန်ဆောင်ကောင်းတဲ့ယုံကြည်သူတွေရောနောနေခြင်းဖြစ်ပါတယ်။ချစ်သောညီကိုမောင်နှမတို့ယနေ့သင်ဟာဆားအစစ်လား? သို့မဟုတ်ဆားထဲမှာဟန်ဆောင်ပါဝင်နေတဲ့အခြားအရာတွေလား?စစ်မှန်သောဆားသာဖြစ်မယ်ဆိုရင်လူတွေကြားထဲပျော်ဝင်စေပြီး၊မိမိအသက်တာအားဖြင့်ပေးဆပ်သောသူဖြစ်စေပါ။
ရှင်မဿဲခရစ်ဝင် ၅:၁၃ သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။