• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အလင်းမရနိုင်တဲ့တရားနာသူ(၇)မျိုး

ဆရာရဲမင်း

11 月 16, 2024

အလင်းမရနိုင်တဲ့တရားနာသူ(၇)မျိုး

နိဒါန်း
နူတ်ကပတ်တော်ဟာဘုရားစကားဖြစ်တဲ့အတွက်လူကိုပြောင်းလဲစေနိုင်တဲ့တန်ခိုးရှိနေတာအမှန်ပါ။ဒါပေမယ့်အခုပြောမယ့်လူ၇မျိုးကတော့နူတ်ကပတ်တော်ခံယူပေမယ့်လည်းတသက်လုံးအလင်းမရနိုင်သူတွေဖြစ်ပါတယ်။တခုချင်းကြည့်ကြပါစို့။

၁။အမှားကိုဘဲခံယူသွားတတ်တဲ့သူ
ဘုရားလူအမှု‌တော်ဆောင်တွေတရား‌ဟောတဲ့100ခွန်းမှာ99ခွန်းလောက်ကတည်ဆောက်စရာဖြစ်နေပေမယ့်၊အမှတ်မထင်ပြောမှားမိတဲ့(အယူဝါဒလွဲမှားခြင်းမဟုတ်ဘဲသာမန်အမှား)စကားတခွန်းကိုဘဲခံယူသွားတတ်တဲ့လူ၊အိမ်ထိသယ်ယူသွားရုံမကအခြားသူကိုပါအဲဒီအမှားပြန်လိုက်‌ပြောပေးနေတတ်သူဟာ၊နူတ်ကပတ်တော်ဘယ်လောက်များများခံယူခံယူတသက်လုံးအလင်းမရနိုင်ပါဘူး။ဘာလို့လည်းဆိုတော့နူတ်ကပတ်တော်ခံယူတိုင်းအမှားကိုဘဲရှာပြီးအမှားကိုဘဲအမြဲယူသွားနေတတ်လို့ပါ။

၂။ဟာသကိုဘဲခံယူသွားတတ်တဲ့သူ
နူတ်ကပတ်တော်ခံယူတိုင်းဟာသပါနေမှခံယူတတ်သူ၊နုတ်ကပတ်တော်ထက်ဟာသကိုပိုနှစ်သက်သူ။နားထောင်တိုင်းဟာသမပါရင်အိပ်ငိုက်တတ်သူ၊ဟာသပါလာရင်ဟာသကိုဘဲအသေမှတ်သွားပြီးပြန်လိုက်ပြောတတ်သူဟာနူတ်ကပတ်တော်ကိုဘယ်လောက်များများခံယူပြီးရင်လဲဘယ်တော့မှအလင်းရလာမှာမဟုတ်ပါဘူး။နူတ်ကပတ်‌ တော်ထက်ဟာသပြက်လုံးကိုဘဲနှစ်သက်နေလို့ပါ။

၃။သူများအတွက်ဘဲတရားနာပေးနေသူ
အမှုတော်ဆောင်တရားဟောဆရာကကျမ်းစာအရဒီလိုမလုပ်ရဘူးဟိုလိုမလုပ်ရဘူးလို့ဟောတာကိုနား‌ေထာင်သူမိမိကမဆင်ခြင်မိဘဲ၊ဒီဆရာပြောတာဟိုငါ့‌အိမ်ဘေးကမောင်ဖြူနဲ့မောင်နီကိုပြောတာပါလို့အမြဲခံယူတတ်သူ၊(သို့မဟုတ်)ဆရာပြောနေတာငါတို့အသင်းတော်ကဟိုသင်းထောက်ကြီးကိုဖြစ်မယ်လို့ခံယူတတ်သူ။နူတ်ကပတ်တော်ခံယူတိုင်းငါ့ကိုပြောနေပါလားလို့မဆင်ခြင်မိဘဲ၊ဟိုလူ့ကိုဒီလူ့ကို‌ပြောနေတာလို့ဘဲခံယူတဲ့အတွက်နူတ်ကပတ်‌တော်ဘယ်လောက်များများခံယူခံယူတသက်လုံးအလင်းရမှာမဟုတ်ပါဘူး။သူများအတွက်တရားနာပေးနေတာမို့ပါ။

၄။နားလည်ပေမယ့်လက်တွေ့မလိုက်လျှောက်သူ
တရားဒေသနာကိုခံယူပြီးနားလည်သဘောပေါက်ပေမယ့်၊မှတ်မိနေပေမယ့်လက်‌တွေ့အသက်တာမှာမလိုက်လျှောက်သူဟာလည်းဘယ်တော့မှအလင်းရမှာမဟုတ်ပါဘူး။တရားနာ‌ နေတာကိုဘာသာထုံးတမ်းအစဥ်အလာအရသာခံယူ‌နေတာမို့၊နူတ်ကပတ်‌တော်ဘယ်လောက်ဘဲခံယူနေခံယူနေ၊အလင်းကိုသိပြီးမရ‌ဘဲဖြစ်နေပါလိမ့်မယ်။

၅။ကြားရပေမယ့်မေ့ပြီးမခံယူနိုင်သူ
တရားတော့နာပါတယ်၊ဒီဖက်နားကကြားပြီးဟိုဖက်နားကနေချက်ချင်းထွက်သွားတာမျိုး။ဆရာတရားဟောတာကောင်းလားလို့အခြားသူမေးရင်ကောင်းတယ်တော့ဖြေတတ်ပြီးဘာဟောသွားလဲမေးရင်ခေါင်းစဉ်တောင်မမှတ်မိသူမျိုး။ဒီလိုလူကနုတ်ကပတ်တော်ဘယ်လောက်ဘဲခံယူနေခံယူနေချက်ချင်းမေ့တတ်သူမို့ဘယ်တော့မှအလင်းရမှာမဟုတ်ပါဘူး။

၆။ငါ့ကိုတိုက်ခိုက်နေတယ်ဟုခံယူသူ
တခါတလေဝိညာဥ်‌တော်အလင်းကြောင့်ယုံကြည်သူတွေရဲ့အပြစ်ကိုတရားဟောဆရာတွေတည့်တည့်ဟောမိတဲ့အခါ၊တချို့ကဒီဆရာငါ့ကိုတိုက်ခိုက်နေတာဘဲလို့ထင်နေတတ်ကြပါတယ်။အမှန်ကတော့အမှုတော်ဆောင်‌တွေဟာဘုရားသခင်ရဲ့ဖွင့်ပြမှုကြောင့်ဟောနေတာပါ၊တရားနာပရိသတ်အကြောင်းဘာမှမသိပါဘူး။ဟောလိုက်တဲ့တရားကဘုရားတန်ခိုးကြောင့်ခံယူသူအတွက်ထိမိတဲ့အခါ၊မတည်ဆောက်မပြုပြင်ဘဲရန်မူတတ်တဲ့သူတွေအတွက်တရားဘယ်လောက်ခံယူခံယူအလင်းရမှာမဟုတ်ပါဘူး။(ချွင်းချက်အနေနဲ့စင်ပေါ်ကနေတမင်တိုက်ခိုက်တတ်တဲ့အမှု‌တော်ဆောင်အတုလဲရှိနိုင်ပါသည်၊ဒါမျိုးဆိုရင်အမှုတော်ဆောင်ကနောင်တရသင့်ပါတယ်)။

၇။ဟောဘဲဟောတတ်ပြီးမလိုက်လျှောက်သူ
ကျွန်တော်အပါအဝင်တရားဟောဆရာတိုင်းကိုဆိုလိုပါတယ်။များသောအားဖြင့်ကျွန်တော်တို့တရားဟောဆရာတွေကဆရာလုပ်လွန်သွားတဲ့အခါ“ငါကသွန်သင်သူပရိတ်သတ်ကခံယူလိုက်လျှောက်သူ”လို့မသိမသာခံယူသွားမိတတ်ပါတယ်။(အမှန်က‌ဝိညာဥ်တော်ဘုရားကသွန်သင်သူဖြစ်ပြီးတရားဟောဆရာအပါအဝင်ကျန်သူအားလုံးအတူခံယူသူတွေပါ)။အဲလိုမျိုးကြာရင်တရားဟောဆရာတွေကအပြောသာရှိပြီးလက်တွေ့ဘာမှပုံသက်သေမရှိတော့တာမျိုးအထိရောက်သွားနိုင်ပါတယ်။ဒီလိုဆက်လုပ်နေရင်မိမိကိုယ်တိုင်ကသူတပါးကိုသာဆုံးမပြီးကိုယ်တိုင်ရှုံးသောသူဖြစ်နေပါလိမ့်မယ်။အလင်းကိုပြောပြီးကိုယ်တိုင်အလင်းမရသူဖြစ်နေပါပြီ။

နိဂုံး
ဒီ(၇)မျိုးထဲမှာသင်နဲ့ကျွန်ုပ်ဘယ်နှစ်ချက်နဲ့ငြိနေလည်းဆိုတာအတူတကွဆင်ခြင်ကြပါစို့။ဒီနှစ်သစ်တနှစ်လုံးမှာနူတ်ကပတ်တော်ခံယူတဲ့အခါမိမိကိုယ်တိုင်အတွက်ထိမိပြီးတည်ဆောက်စရာဖြစ်စေကြပါစို့။အာမင်

(ဂလာတိ၆:၇အ​လွဲ​မ​ယူ​ကြ​နှင့်။ဘု​ရား​သ​ခင်​သည်မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​တော်​မ​မူ။လူ​သည်မျိုး​စေ့​ကြဲ​သည်​အ​တိုင်းအ​သီး​အ​နှံ​ကို​ရိတ်​ရ​လိမ့်​မည်။)