ဗျာဒိတ်ကျမ်းမှအသင်းတော်၇ပါး(၇)လောဒိကိအသင်းတော်
၇။လောဒိကိအသင်းတော်(ဗျာ၃:၁၄-၂၂)
လောဒိကိဆိုတာဂရိလို“Λαοδίκεια πρός τοῦ Λύκου”ပါ၊အဓိပ္ပာယ်ကဖြောင့်မှန်လွတ်လပ်သောလူထုလို့သက်ရောက်ပါတယ်။အဲဒီခေတ်ကလောဒိကိဆိုတဲ့အမည်၇နေရာလောက်ရှိတဲ့အတွက်ဒီမြို့ကိုLaodicea ad Lycumလို့မှတ်သားရပါတယ်။ဒီမြို့ဟာBC261တုန်းကဆဲလူးဆစ်အင်ပါယာ(Seleucid Empire)ဘုရင်အင်တိုင်းကပ်(Antiochus II Theos )ကနေသူ့မိန်းမ လောတိစီ(Laodice)ကိုအသိအမှတ်ပြုပြီးအမည်ပေးတည်ထောင်ခဲ့တာပါ။
BC133မှာရောမအင်ပါယာလက်ထဲရောက်ခဲ့ပါတယ်။AD61မှာငလျင်ကြီးကြောင့်ပျက်ဆီးသွားပေမယ့်ပြန်လည်အသစ်ထူထောင်နိုင်ခဲ့ပြီးအင်မတန်တိုးတက်ချမ်းသာလာတဲ့မြို့ လေးဖြစ်လာခဲ့ပါတယ်၊သိုးမွေး၊ရွှေနဲ့ ဆေးဝါး(အထူးသဖြင့်မျက်စိဆေး)ထုတ်လုပ်မှုမှာကျော်ကြားခဲ့ပါတယ်။ဒါကြောင့်လဲခရစ်တော်ဒီမြို့ကိုရေးပေးတဲ့စာစောင်ထဲမှာသူတို့ဟာအပြင်ပန်းစည်းစိမ်ချမ်းသာပေမယ့်ဝိညာဉ်ရေးရာမှာဆင်းရဲနေကြောင်းဖော်ပြတာပါ။ဒီမြို့ဟာ11ရာစုနောက်ပိုင်းမှာတူရကီလူမျိုးနဲ့မုန်ကိုရီးယားလူမျိုးတွေရဲ့ကျူးကျော်မှုကြောင့်ပျက်စီးခဲ့ရပြီးယနေ့မှာတော့Denizliနေရာလေးကလွဲလို့တူရကီမှာလောဒိကိမြို့ဟာEskihisarအမည်နဲ့(အမည်တူများရှိ)ပျက်စီးနေရက်သားရှိနေပါပြီ။ဒါကြောင့်ခရစ်တော်ကသူ့ကိုထွေးထုတ်ပစ်မယ်ဆိုတာပြည့်စုံခဲ့တဲ့သဘောပါ။
လောဒိကိမြို့မှာရှိတဲ့အသင်းတော်ဟာပေါလုရေးတဲ့စာစောင်(ကောလောသဲဩဝါဒစာ၄:၁၃-၁၆)ထဲမှာလည်းမှတ်သားထားတဲ့အသင်းတော်ပါ။ဒီထဲမှာပေါလုကအမှုဆောင် ဧပဖြဟာ ကောလောသဲ၊လောဒိကိနဲ့ဟေရပေါလိအသင်းတော်တွေအတွက်စေတနာစိတ်နဲ့အမှုဆောင်ကြောင်းသက်သေခံခဲ့ပြီး၊ ကောလောသဲအသင်းတော်ကိုလောဒိကိကနုံဖဆိုသူနဲ့သူ့အိမ်မှာတည်ထားတဲ့လောဒိကိအသင်းတော်ကိုနူတ်ဆက်ကြဖို့၊ကောလောသဲစာစောင်ကိုလည်းလောဒိကိအသင်းတော်ကိုပေးဖတ်ဖို့နဲ့ လောဒိကိအသင်းတော်ရေးလာတဲ့စာကိုကောလောသဲအသင်းတော်ကပြန်ဖတ်ကြဖို့မှာကြားထားပါတယ်။
လောဒိကိအသင်းတော်ဟာဗျာဒိတ်ကျမ်းအသင်းတော်ခုနှစ်ပါးထဲကတခုတည်းသောခရစ်တော်ရဲ့ချီးမွမ်းခြင်းမခံရဘဲပြစ်တင်ခြင်းသာခံရတဲ့အသင်းတော်ပါ။ဒီအသင်းတော်ရဲ့အဓိကပြဿနာကတော့မပူမအေးဖြစ်ခြင်းပါ၊တနည်းအားဖြင့်လောကတဖက်ထာဝရတဖက်စွဲကိုင်ထားတာမျိုးပါ။ဒါကြောင့်ခရစ်တော်ကစာရေးပေးတဲ့အခါသူ့ကိုယ်သူအမည်သုံးမျိုးနဲ့ပုံဆောင်စတင်ရေးသားခဲ့ပါတယ်၊ဘုရားသခင်၏ဝေနေယျသတ္တဝါတို့အထွဋ်၊သစ္စာရှိ၍ ဟုတ်မှန်သော သက်သေခံ၊ အာမင်…စသဖြင့်ပါ။ဒါ တွေဟာ ရစ်တောာ်နာမည်မဟုတ်ပါဘူး၊ခရစ်တော်ရဲ့ဖြစ်ခြင်းကိုပုံဆောင်ရေးသားခြင်းပါ။အာမင်ဆိုတာလည်းခရစ်တော်ရဲ့ဟုတ်မှန်ခြင်းကိုဖော်ပြတာပါ။ဘာကြောင့်လဲဆိုတော့လောဒိကိအသင်းတော်ဟာဟုတ်သလိုမှန်သလိုနဲ့မှား နေတဲ့အတွက်ကြောင့်ပါ။အ ကောင်းဆုံးသိုးမွေးထွက်ရှိတယ်ဆိုပြီးဟုတ်သလိုထင်နေကြပေမယ့်ခရစ်တော်ကတော့သူတို့ဟာဝတ်စရာအဝတ်တောင်မရှိလို့ခြုံဖို့အဝတ်ဖြူခရစ် တော်ဆီဝယ်ဖို့မှာကြားပါတယ်။အကောင်းဆုံးမျက်စိဆေးထုတ်လုပ်တယ်ဆိုပြီးအဟုတ်ထင်နေကြပေမယ့်၊ခရစ်တော်ကတော့သူဆီကနေမျက်စဥ်းခတ် ဆေးဝယ်ခတ်ဖို့မှာကြားပါတယ်။အကောင်းဆုံးရွှေထွက်တယ်ဆိုပြီးအဟုတ်ထင် နေကြပေမယ့်ခရစ်တော်ကတော့သူတို့ကိုသူ့ဆီကနေမီးနဲ့ချွတ်ပြီးတဲ့ ရွှေကိုဝယ်ဖို့မှာကြားပါတယ်။
လောဒိကီအသင်းတော်ရဲ့ပြဿနာကိုဖြေရှင်းဖို့ခရစ်တော်အကြံပေးတဲ့နည်းလမ်း(ဝယ်ခိုင်းတဲ့အရာ)သုံးမျိုးကတော့
၁။မီးနှင့်ချွတ်ပြီးသောရွှေ-စစ်ဆေးခံပြီးပေါ်လာသောယုံကြည်ခြင်းကိုဆိုလိုပါတယ်(၁ပေ၁:၇)။
၂။ဖြူသောအဝတ်-သန့်ရှင်းသူတွေရဲ့ဖြောင့်မတ်ခြင်းပါ(ဗျာ၁၉:၈)။
၃။မျက်စဉ်းခတ်ဆေး-ဝိညာဉ်တော်ဘုရား၏ဖွင့်ပြခြင်းပါ(ဧဖက်၁:၁၇-၁၈)။
ဒါကိုဝယ်ဖို့ ငွေနဲ့မရပါဘူး၊ခရစ်တော်ရဲ့စစ်ဆေးဆုံးမခြင်းကဝယ်ဖို့အခ(ပေးဆပ်ခြင်း)ဖြစ်ပါတယ်။
ယနေ့အသင်းတော်အတွက်သင်ခန်းစာ
၁။ဘုရားတရားကိစ္စလုပ်လည်းရမလုပ်လည်းရ၊ဘုရားကိုယုံကြည်တယ်ဒါပေမယ့်အလေးမထားဘူး၊ယုံကြည်ခြင်းမပူမအေးဖြစ်နေလားဆင်ခြင်စရာပါ။
၂။ယုံကြည်သူတွေ(အသင်းတော်တွေ)အပြင်ပန်းငွေကြေးအင်မတန်ကြွယ်ဝနေပြီးဝိညာဉ်ရေးမှာဆင်းရဲနေလားဆင်ခြင်စရာပါ။
၃။ခရစ်ယာန်ဖြစ်ပြီးမဟုတ်မမှန်နည်းနဲ့ငွေရှာ၊အဝတ်ကောင်းကောင်းဝတ်နေရပြီးစစ်မှန်တဲ့ဖြောင့်မတ်ခြင်း(ဖြူသောအဝတ်)ပျောက်နေပြီလားဆင်ခြင်စရာပါ။
၄။အသိအတတ်ပညာတွေကြောင့်မိမိကိုယ်ကိုဟုတ်လှပြီထင်ပြီး၊မိမိဝိညာဥ်ရေးအခြေအနေကိုမမြင်နိုင်တဲ့အခါဝိညာဉ်တော်ဖွင့်ပြဖို့(မျက်စဉ်းခတ်ဖို့)လိုနေပြီဆိုတာဆင်ခြင်ပါ။
၅။ယနေ့ယုံကြည်သူတွေဘယ်လောက်လမ်းမှားနေပါစေ၊ခရစ်တော်ကတော့သင် နောင်တရဖို့သင့်နှလုံးသားတံခါးမှာအမြဲခေါက်လျက်စောင့်နေတယ်ဆိုတာသတိယပါ။