ဗျာဒိတ်ကျမ်းမှအသင်းတော်၇ပါး(၆)ဖိလဒေလဖိအသင်းတော်
၆။ဖိလဒေလဖိအသင်းတော်(ဗျာ၃:၇-၁၃)
“ဖိလဒေလဖိ”ဆိုတာဂရိစကားလုံးΦιλαδέλφειαရဲ့အသံထွက်ကိုမြန်မာမူပြုထားတာပါ။ဖိလရော့Φιλέωဆိုတာချစ်ခြင်းဖြစ်ပြီး၊ဗလိဖောἀδελφόςဆိုတာကညီအကိုဖြစ်ပါတယ်။ ပေါင်းပြီးဖိလဒေလဖိΦιλάδελφοςဆိုတာညီအကိုချင်းချစ်ခြင်းလို့သက်ရောက်ပါတယ်။ဖိလဒေလဖိဆိုတာမြို့အမည်ဖြစ်သလိုအသင်းတော်ကလဲဒီမြို့အမည်နဲ့ဘဲခေါ်တွင်ပါတယ်။
ဖိလဒေလဖိမြို့ဟာအာရှိပြည်နယ်7မြို့ထဲကသက်တမ်းအနုဆုံးနဲ့အကြာရှည်ဆုံးတည်ရှိနေခဲ့တဲ့မြို့ဖြစ်ပါတယ်။BC189ကပေရဂံဘုရင်Eumenesဟာသူ့ညီAttalusရဲ့သစ္စာရှိမှုကိုအသိမှတ်ပြုတဲ့အနေနဲ့ဒီမြို့ကိုတည်ဆောက်ခဲ့ပြီးညီအကိုချင်းချစ်ခြင်းဆိုတဲ့(ဖိလဒေလဖိ)အမည်ပေးခဲ့တာပါ။ဒီမြို့ဟာစိုက်ပျိုးရေးထွန်းကားပြီးစပျစ်သီးအထွက်ကောင်းခဲ့ပါတယ်။နတ်ဘုရားကိုးကွယ်မှုပေါများပြီးဂရိစာပေယဉ်ကျေးမှုလည်းထွန်းကားတဲ့မြို့ပါ။မြို့ကြီးဟာငလျင်ကြောပေါ်ရောက်နေတဲ့အတွက်အမြဲတမ်းငလျင်လှုပ်ခတ်လေ့ရှိပြီးပြန်လည်တည်ဆောက်တဲ့အခါသမိုင်းတစ်လျှောက်၃ကြိမ်တိုင်တိုင်မြို့အမည်ကိုပြောင်းခေါ်ခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ဒီမြို့ကိုAlasehirလို့ ခေါ်ဆိုပါတယ်။တူရကီကအစ္စလာမ်တွေရဲ့လက်ထဲရောက်ရှိခဲ့ပြီး၊မြို့ထဲမှာခရစ်ယာန်(အရှေ့ပိုင်းအော်တိုဒေါ့အသင်းတော်)အနည်းစုယနေ့တိုင်ရှိနေကြဆဲဖြစ်ပါတယ်။
ဖိလဒေလဖိအသင်းတော်ဟာခရစ်တော်စာရေးပေးတဲ့အသင်းတော်၇ပါးထဲမှာပြစ်တင်ခြင်းမခံခဲ့ရဘဲချီးမွမ်းခံရတဲ့အသင်းတော်၂ပါးထဲကတစ်ပါးပါ။ဘာကြောင့်လဲဆိုတော့သူတို့တွေဟာ
၁။သန့်ရှင်းမှန်ကန်ခြင်းနဲ့သစ္စာရှိစွာအသက်ရှင်တဲ့သူတွေဖြစ်တဲ့အတွက်ခရစ်တော်ဟာစာရဲ့အစပြုမှာသူ့ကိုယ်သူသန့်ရှင်းသောသူ၊ဟုတ်မှန်သောသူလို့တင်စားပြီးဒီအသင်းတော်ကိုထင်ဟပ်စေခဲ့ပါတယ်။
၂။ဒီမြို့မှာဧဝံဂေလိကိုအတားဆီးမရှိလုပ်ခွင့်ရနေလို့အသင်းတော်အနေနဲ့အားတက်သရောလုပ်နေတာကြောင့်၊ခရစ်တော်ဟာစာထဲမှာဒါဝိဒ်မင်းတံခါးသော့(အာဏာစက်)ကိုင်သူနဲ့၊အဘယ်သူမှမပိတ်နိုင်အောင်ဖွင့်ထားသူ(ဧဝံဂေလိတခါး)၊အဘယ်သူမှမဖွင့်နိုင်အောင်ပိတ်မယ့်သူ(တချိန်ကျရင်ပိတ်မည့်ဧဝံဂေလိတံခါး)ဖြစ်ကြောင်းဖော်ပြထားပါတယ်။
၃။အသင်းတော်ကလူတွေဟာခွန်အားနည်းကြပေမယ့်နူတ်ကပတ်တော်ကိုလိုက်လျှောက်ကြပါတယ်။အထူးသဖြင့်သီးခံစိတ်ရှိကြလို့ခရစ်တော်ကစာထဲမှာသူတို့ကိုချီးမွမ်းခန်းဖွင့်ခဲ့ပါတယ်။
၄။ယုဒလူအတု(ပညတ်သမား)တချို့တွေရဲ့တိုက်ခိုက်မှုရှိနေပေမယ့်လဲအသင်းတော်ကလူတွေဟာခရစ်တော်နာမကိုမစွန့်ပယ်ဘဲသစ္စာရှိနေခဲ့ကြလို့ရန်သူကိုအောင်မြင်ခွင့်ပေးမှာဖြစ်ကြောင်းခရစ်တော်ကတိတော်ပေးခဲ့ပါတယ်။
၅။ဒီလိုပေးဆပ်ပြုမူနေကြတဲ့အသင်းတော်ကိုခရစ်တော်ကဆက်ခိုင်ခံ့စေမှာဖြစ်ပြီး၊ထာဝရအတွက်တံဆိပ်ခတ်ပေးမှာဖြစ်ကြောင်းကတိတော်ပေးခဲ့ပါတယ်။
ယနေ့အသင်းတော်များဆင်ခြင်ရန်
၁။အသက်တာမှာလူရှေ့ဘုရားရှေ့သန့်ရှင်းဟုတ်မှန်စွာနေထိုင်ပြီလား?
၂။ကိုယ်တော်ဖွင့်ထားပေးတဲ့ဧဝံဂေလိတံခါးမပိတ်ခင်လူတွေကိုခေါ်ဝင်နေပြီလား?
၃။အားနည်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ခရစ်တော်နာမကိုလူရှေ့သူရှေ့ငြင်းပယ်နေခဲ့ပြီလား?
ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။
အာမင်။