ကျမ်းစာထဲကအရေဖျားလှီးခြင်း
အရေဖျားလှီးခြင်းကိုခရစ်ယာန်တော်တော်များများနားမလည်ကြပါဘူး။ကျနော်အပါအဝင်အမှုတော်ဆောင်တွေလည်းတရားဟောပလ္လင်ပေါ်ကနေရှင်းပြဖို့မသင့်တော်သလိုခံစားရလို့( ပြောမထွက်လို့)မပြောကြတာပါ။အထူးသဖြင့်အမျိုးသမီး တွေလာမေးရင်ဘယ်လိုရှင်းပြရမလဲအတော်စဉ်းစားရပါတယ်။ဒါပေမယ့်ဒါကိုနားလည်ထားသင့်တယ်ထင်လို့ဒီကနေရှင်းပြပါ့မယ်။
အရေဖျားလှီးခြင်းဆိုတာအမျိုးသားတွေရဲ့လိင်အင်္ဂါထိပ်ဖုံးကအရေဖျား(တလက်မလောက်)ကိုဖြတ်ထုတ်ခြင်းပါ။
သမ္မာကျမ်းစာထဲမှာတော့(ကမ္ဘာဦးကျမ်း၁၇:၁၁)မှာဘုရားသခင်ကအာဗြံဟံနဲ့ပဠိညာဥ်ပြုတဲ့အခါသက်သေအနေနဲ့သူ့မိသားစုဝင်ယောကျာ်းလေးမှန်သမျှအရေဖျားလှီးဖို့မိန့်မှာရာကနေစတင်လာတာပါ။
နောက်ပိုင်း မောရှေခေတ်ကာလမှာဣသရေလလူမျိုးတွေဟာဘုရား ရွေးကောက်တဲ့လူဖြစ်ကြောင်းသက်သေအနေနဲ့သားယောကျာ်းတိုင်းမွေးပြီး၈ရက်မြောက်မှာအရေဖျားလှီးပေးဖို့ဘုရားသခင်ကပညတ်ခဲ့ပါတယ်(ဝတ်ပြုရာ၁၂:၃)။ယေရှုခရစ်အပါအဝင်တမန်တော်တွေအားလုံးလည်းမွေးပြီး၈ရက်မြောက်နေ့မှာအရေဖျားလှီးခဲ့ကြသူတွေပါဘဲ။သူတို့ကဣသရေလလူမျိုးတွေမို့ပါ။
ဒီ နေရာမှာတချို့က
ဘုရားကဘာလို့ဣသရေလလူမျိုးကိုအရေဖျားလှီးခြင်းနဲ့ကတိသက်သေပြုခိုင်းသလဲလို့မေးခွန်ထုတ်သူရှိကောင်းရှိမှာပါ။အဖြေကတော့မျိုးဆက်တိုင်းဟာဘုရားရွေးကောက်တဲ့လူမျိုးဖြစ်ကြောင်းအမြဲသတိရနေဖို့၊လိင်မှုကိစ္စမှာမ ဖောက်ပြန်ဘဲသန့်ရှင်းစွာအသက်ရှင်ဖို့၊ညစ်ညူးတပ်မက်ခြင်းကိုချုပ်တည်းစေတတ်ဖို့ဖြစ်ပါတယ်(ယေရမိ၄:၄)။
ယနေ့ကျေးဇူးတော်ခေတ်ကာလမှာယုံကြည်သူတွေအရေဖျားလှီးရမယ်လို့ကျမ်းစာကအထူးမတောင်းဆိုထားတော့ပါဘူး(ဂလာတိ၅:၁-၆၊၆:၁၅)။ဘာလို့လဲဆိုတော့ယုံကြည်သူတိုင်းဟာခရစ်တော်အားဖြင့်ပညတ်တရားလက်ကနေလွတ်မြောက်သူတွေမို့ပါ(ဂလာ၂:၁၆၊၃:၂၁-၂၇)။ဒါကြောင့်ကျန်းမာရေးအရလှီးခြင်းမလှီးခြင်းကိုကိုယ်တိုင်ဆုံးဖြတ်လုပ်ကိုင်နိုင်ပါတယ်။
