သမ္မာကျမ်းစာထဲကချစ်ခြင်းမေတ္တာ(၄)မျိုး
နိဒါန်း
သမ္မာသစ်ကျမ်းစာမူရင်းဟာဂရိလိုရေးထားတာဖြစ်ပါတယ်။ဂရိစာမှာချစ်ခြင်းမေတ္တာကိုစကားလုံး(၄)မျိုးနဲ့ဖော်ပြတာရှိကြောင်းကျမ်းစာကျောင်းတုန်းကသင်ယူခဲ့မိတာလေးကိုမှတ်မိသလောက်ပြန်လည်လေ့လာပြီးဝေငှချင်ပါတယ်။
၁။အဲရို့စ်(Eros ˈɛroʊs)
သမီးရည်းစားအချစ်ပါ။ ရှေးဂရိလူမျိုးတွေရဲ့အချစ်နတ်ဘုရားအမည်လည်းဖြစ်ပါတယ်။သမ္မာကျမ်းစာမှာအသုံးပြုထားတာတော့မတွေ့မိ ပေမယ့်ရှောလမုန်သီချင်းမှာဖော်ပြတာဒီအချစ်မျိုးဖြစ်ပါမယ်။လိုချင်တပ်မက်တဲ့လောဘအချစ်၊အထူးသဖြင့်ကာမဖြည့်ဆည်းလိုလားမှုမှာဒီစကားလုံးကိုအသုံးပြုပါတယ်။အိမ်ထောင်ထဲမှာလင်မယားအချစ်ကိုဆိုလိုလို့ရသလို၊အခြားသူနဲ့ဖောက်ပြန်တာမျိုးနေရာမှာလည်းသုံးရပါတယ်။ဒီအချစ်ဟာပေးဆပ်မှုရှိပေမယ့်အထူးသဖြင့်မိမိလိုအပ်ချက်ကိုသာဖြည့်ဆည်းဖို့အဓိကပါ။အချိန်မရွှေးဖောက်ပြန်နိုင်ပြီး၊ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ခံစားမှုအပေါ်မူတည်ပြီးပြောင်းလဲပါတယ်။ပျော်ရွှင်မှုကိုပေးနိုင်သလိုအသဲကွဲတာမျိုးထိလည်းဖြစ်စေနိုင်ပါတယ်။
၂။ဖီလီရာ(Phileo,Philia,Philos φιλία,φιλέω)
သူငယ်ချင်းကြားကညီအကို မောင်နှမတွေလိုချစ်တဲ့အချစ်ပါ။သေရေးရှင်ရေးမှာသူငယ်ချင်းကိုအသက်အန္တရာယ်ကြားကကယ်တင်တာမျိုးပေါ့။သမ္မာဟောင်းထဲကဒါဝိဒ်နဲ့ယောနသန်လိုအချစ်မျိုးပါ။သမ္မာသစ်မှာ၂၅ကြိမ်လောက်အသုံးပြုထားပါတယ်။ဒီအချစ်မျိုးဟာချစ်ခံရတဲ့တဖက်သားမှာမိမိချစ်ရမယ့်အရာတွေရှိနေလို့ဖြစ်တည်လာတာမျိုးပါ။အခြေအနေနဲ့ ကိစ္စရပ်တောင်းဆိုမှုပေါ်မူတည်နေပါတယ်။လူမှုရေးမှာအရေးကြီးတဲ့အချစ်မျိုးပါဘဲ။
၃။စတိုရ်ဂျီ(Storge στοργή)
မိသားစုဆွေမျိုးသားချင်းချစ်တဲ့အချစ်ဖြစ်ပါတယ်။အာဗြံဟံကသားဣဇက်ကိုချစ်တဲ့အချစ်မျိုး၊မာရိနဲ့မာသဟာ မောင်လာဇရုကိုချစ်တဲ့အချစ်မျိုးပါ။သမ္မာကျမ်းစာမှာStorgeကိုဒဲ့မသုံးထားပေမယ့်၊ဆန့်ကျင်ဖက်စကားလုံးAstorgos(ἄστοργος)ကိုတော့(ရောမ၁:၂၈-၃၁နဲ့၂တိ၃:၁-၃)မှာနှစ်ကြိမ်အသုံးပြုထားတာတွေ့ရပါမယ်။တစ်နည်းအားဖြင့်Astorgosဟာမိသားစုအချစ်မရှိတော့ခြင်းကိုဆိုလိုတာပါ။ဓမ္မဟောင်းမှာဆိုရင်ကာဣနကညီအာဗေလကိုသတ်ခြင်းမျိုးပါ။ဒီနေ့ခေတ်အရပြောရရင်မိခင်ကဝမ်းဗိုက်ထဲကကလေးကိုဖျက်ချခြင်းဟာဒီအချစ်မရှိခြင်းပါဘဲ။ရောမ၁၂:၁၀မှာတော့ဒီအချစ်ကိုသူငယ်ချင်းချစ်တဲ့phileoနဲ့ရောပြီးခရစ်တော်၌ညီအကိုချင်းချစ်ဖို့မှာကြားပါတယ်။
၄။အဂ္ဂါပေ( Agape ἀγάπη)
ဖန်ဆင်းရှင်ဘုရားသခင်ရဲ့အနိုင်းမဲ့သောချစ်ခြင်းမေတ္တာပါ။ရန်သူအပါအဝင်လူတိုင်းကိုလက်တွေ့လုပ်ဆောင်မှုနဲ့ချစ်နိုင်တဲ့သန့်ရှင်းသောအချစ်မျိုးပါ။ဘယ်အရာတွေဘယ်လိုပြောင်းလဲပါစေမပြောင်းလဲဘဲထာဝရတည်ပြီးပေးဆပ်နေတဲ့ဘုရားသခင်ရဲ့ဖြစ်ခြင်းပါ။အချစ်၄မျိုးထဲမှာအကြီးမားဆုံးနဲ့အမြင့်မြတ်ဆုံးဖြစ်ပါတယ်။သမ္မာသစ်ကျမ်းစာမှာ၁၄၂ကြိမ်လောက်အသုံးပြုထားပါတယ်။ဒီအဖဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာဟာယေရှုခရစ်တော်ရဲ့အသေခံကယ်တင်ခြင်းမှာလက်တွေ့အကောင်အထည်ပေါ်လာပြီး၊သန့်ရှင်းသောဝိညာဉ်တော်တို့ထိမစမှုအားဖြင့်ယုံကြည်သူတွေအထဲမှာရှိနေနိုင်တဲ့အရာပါ။
နိဂုံး
မြန်မာလိုမှာတော့၁၅၀၀နဲ့၅၂၈ဆိုပြီး၂မျိုးသာရှိပေမယ့်၊ဂရိစာမှာဖော်ပြတဲ့အချစ်လေးမျိုးဟာ
(1)သမီးရည်းစားအချစ် Eros
(2)သူငယ်ချင်းအချစ်Philio
(3)မိသားစုအချစ် Storge
(4)ဘုရားသခင်အချစ်Agape
ဖြစ်ပါတယ်။ဒီ၄မျိုးထဲမှာအဂ္ဂါပေဆိုတဲ့ဘုရားအချစ်ဟာအမြတ်ဆုံးမို့ဒီအချစ်နဲ့အချင်းချင်းချစ်တတ်ဖို့လိုအပ်ပါတယ်။
(ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။၁ယော 4:8 )အာမင်။