ယုံကြည်သူရဲ့အရိုက်အရာ(၁၂)မျိုး
နိဒါန်း
လူတစ်ယောက်ဟာနောင်ရပြီး၊ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ယုံကြည်တဲ့အခါအရိုက်အရာ၁၂မျိုးရရှိတယ်လို့ကျမ်းစာထဲဖော်ပြထားပါတယ်။ဒါကြောင့်မိမိဟာယုံကြည်သူတစ်ယောက်ဆိုရင်မိမိရဲ့အရိုက်အရာကိုသေချာသိရှိနားလည်ထားရပါမယ်၊ဒါမှအဲဒီအရိုက်အရာအတိုင်းအသက်ရှင်တတ်လာမှာမို့ဒီအရိုက်အရာ၁၂မျိုးအကြောင်းဖြင့်အနည်းငယ်ခွန်အားပေးချင်ပါတယ်။
၁။ဘုရားသားသမီး
(ရှင်ယောဟန်ခရစ်ဝင် ၁:၁၂ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။)(ရောမ၈:၁၄-၁၇၊၈:၁၇။၁ယော၃:၁)
ဘုရားသားသမီးဆိုရင်တာဝန်ကအုပ်ထိန်းသူဖြစ်တဲ့သန့်ရှင်းသောဝိညာဉ်တော်ကိုနာခံအသက်ရှင်ရပါမယ်။
၂။ဘုရားသခင်၏တပည့်(ခရစ်ယာန်)
(ရှင်ယောဟန်ခရစ်ဝင် ၁၃:၃၅သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။)(ယောဟန်၁၅:၈၊ယောဟန်၈:၃၁)
ခရစ်ဆိုတာယေရှုခရစ်တော်ကိုဆိုလိုပြီးယာန်ဆိုတာကနောက်လိုက်သူသို့မဟုတ်အတုယူသူလို့သက်ရောက်ပါတယ်။ဒါကြောင့်ယနေ့သင်ဟာခရစ်တော်ရဲ့နောက်လိုက်တပည့်(ခရစ်ယာန်)လို့မိမိကိုယ်ကိုခံယူထားရင်ခရစ်တော်လိုအသက်ရှင်နေထိုင်ရမှာဖြစ်ပြီး၊အရေးကြီးတဲ့ချစ်ခြင်းမေတ္တာအမြဲရှိနေဖို့လိုပါတယ်။ဒီလိုမှမဟုတ်ရင်ဒီအရိုက်အရာနဲ့မကိုက်ညီတဲ့အတွက်သင်ဟာအတုအယောင်ဖြစ်နေပြီလားဆင်ခြင်စရာပါ။
၃။ဘုရားသခင်၏အစေခံကျွန်
(ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၂:၁၆လူလွတ်ဖြစ်သော်လည်း၊ လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတို့ကို ဖုံးအုပ်သောသူကဲ့သို့ မကျင့်၊ ဘုရားသခင်၏ ကျွန်ကဲ့သို့ကျင့်နေကြလော့။) (ဗျာ၂၂:၃၊ဗျာ၂၂:၆)
ဘုရားသခင်ပေးထားတာဆိုတာထက်မိမိကိုယ်ကိုအဲဒီလိုခံယူအသက်ရှင်ရတာမျိုးပါ၊လောကမှာခေတ္တအသက်ရှင်နေတဲ့အခါမှာဘုရားသခင်လုပ်ခိုင်းထားတဲ့အရာတွေကိုသစ္စာရှိစွာလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ယနေ့သင့်ကိုဘုရားခိုင်းထားတဲ့အရာကိုဘယ်လောက်လုပ်နေပြီလည်း?ဒါမှမဟုတ်မိမိလုပ်ချင်တာကိုဘဲဦးစားပေးလုပ်ဆောင်နေသလား?အတူတကွဆင်ခြင်ကြပါစို့။
၄။ဘုရားသခင်၏ဘဏ္ဍာစိုး
(၁ပေ၄:၁၀သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊အချင်းချင်းဝေငှပေးကမ်းကြလော့။)( ၁ကော ၄:၁)
ဘဏ္ဍာစိုးဆိုတာမူရင်းမှာငွေကိုဘဲကိုင်တာထက်အုပ်ချုပ်စီမံခန့်ခွဲသူဖြစ်ပါတယ်။ယုံကြည်သူတိုင်းဟာဘုရားသခင်ရဲ့ဘဏ္ဍာစိုးဖြစ်တယ်ဆိုတဲ့အခါဝိညာဉ်ရေးရာကိုအဓိကထားပြီး၊မိမိပိုင်ဆိုင်တာတွေအပေါ်ဘုရားအလိုတော်အတိုင်းသစ္စာရှိစွာစီမံကွပ်ကဲတတ်တာမျိုးဖြစ်ပါတယ်။မိမိတော်လို့တတ်လို့ရထားတယ်လို့မခံယူဘဲဘုရားသခင်ပေးထားတာလို့ခံယူပြီးထာဝရအတွက်အသုံးချတတ်သူဖြစ်ပါတယ်။
၅။ဘုရားသခင်၏အဆွေ
(ရှင်ယောဟန်ခရစ်ဝင် ၁၅:၁၄သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။)(ယာကုပ်၂:၂၃၊ယောဟန်၁၁:၁၁)
ပညတ်ကိုကျင့်နိုင်လို့ဘုရားသခင်ရဲ့အဆွေဆိုတဲ့အရိုက်အရာကိုရတာမဟုတ်ဘဲယုံကြည်ခြင်းကြောင့်ဘုရားသခင်ရဲ့အဆွေဖြစ်လာခဲ့လို့အသက်တာမှာဘုရားသခင်ရဲ့ပညတ်ကိုကျင့်ဆောင်နေခွင့်ရလာတာပါ။
၆။ဘုရားသခင်၏မိသားစုဝင်
(ရှင်မဿဲခရစ်ဝင် ၁၂:၅၀ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။)
ယုံကြည်သူတိုင်းဟာဘုရားသခင်ရဲ့မိသားစုဝင်ဖြစ်လို့အသင်းတော်မှာညီအကိုမောင်နှမလို့ခေါ်ဝေါ်ကြရတာပါ။တခါမှမတွေ့ဖူးတဲ့သူဖြစ်နေရင်တောင်မှယုံကြည်သူချင်းသာဆိုရင်ခရစ်တော်၌မိသားစုဝင်တွေလို့သတ်မှတ်ကြရတာပါ။ဘုရားသခင်ရဲ့မိသားစုဝင်ဖြစ်နေပြီဆိုရင်မိသားစုလိုအသက်ရှင်ရပါမယ်၊မနာလိုမုန်းတီးခြင်း၊သူတပါးဒုက္ခရောက်တာကိုဥပေက္ခာပြုထားခြင်းတွေရှောင်ပြီးဘုရားသခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်ဖို့လိုပါတယ်။
၇။ဘုရားသခင်၏ဗိမာန်တော်
(သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကိုလည်းကောင်း မသိကြသလော။ ၁ကော3:16 )။
ယုံကြည်သူတိုင်းဟာဘုရားသခင်ကိမ်းဝပ်တဲ့ဗိမာန်တော်ဖြစ်လာပါတယ်၊ဒါကြောင့်ခန္ဓာ၊စိတ်၊ဝိညာဉ်မညစ်ညူးအောင်စားသောက်ခြင်းအမှုမှာဖြစ်ပါစေ၊ပြောဆိုစဉ်းစားတွေးခေါ်ခြင်းအမှုမှာဖြစ်ပါစေ၊သွားလာလှုပ်ရှားခြင်းအမှုမှာဖြစ်ပါစေသန့်ရှင်းစင်ကြယ်စွာလုပ်ဆောင်ဖို့လိုအပ်ပါတယ်။
၈။မင်းစည်းစိမ်ရှိသောယဇ်ပရောဟိတ်
(သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဖော်ပြစေခြင်းငှာ၊ ရွေးချယ်တော်မူသောအမျိုး ဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။၁ပေ 2:9 )။
ရောဖက်ဆိုတာဘုရားစကားကိုတဆင့်ခံပြောသူဖြစ်ပြီးယဇ်ပရောဟိတ်ဆိုတာကတော့ကိုးကွယ်မှုပိုင်းမှာသွန်သင်ဦးဆောင်သူပါ။ယနေ့အမှုတော်ဆောင်တွေသီးသန့်ဘုရားရွေးကောက်ထားပေမယ့်ယုံကြည်သူတိုင်းဟာမိမိတတ်နိုင်တဲ့ နေရာကနေအမှုတော်ဆောင်ဖို့ဘုရားအလိုတော်ရှိပါတယ်။သင်ဟာယဇ်ပရောဟိတ်ဆိုတာသင်သိပါ၊သင့်မှာယုံကြည်သူ တွေရဲ့ကိုးကွယ်ခြင်းအမှုမှာပါဝင်အားဖြည့်ဖို့တာဝန်ရှိနေပါတယ်။
၉။ကောင်းကင်နိုင်ငံသား
(သို့သော် ငါတို့၏နိုင်ငံသားအရိုက်အရာသည် ကောင်းကင်ဘုံ၌ရှိ၏။ ထိုအရပ်မှကြွလာတော်မူမည့် ကယ်တင်ရှင်သခင်ယေရှုခရစ်တော်ကို ငါတို့စောင့်မျှော်နေကြ၏။ဖိလိပ္ပိဩဝါဒစာ 3:20 စံမီ)
ယုံကြည်သူတိုင်းဟာကောင်းကင်မဝင်ရသေးတဲ့ကောင်းကင်နိုင်ငံသားဖြစ်ပါတယ်၊အဓိကတာဝန်ကခေတ္တလောကမှာအသက်ရှင်တဲ့အခါထာဝရကိုမျှော်လင့်ထားတတ်ဖို့လိုအပ်ပါပေတယ်။
၁၀။အလင်းသားများ
(သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။ ည၏သား၊ မှောင်မိုက်၏သား မဟုတ်။ ၁သက် 5:5)။
အလင်းသားဆိုတာအလင်းကိုဘဲနှစ်သက်ပြီးအမှောင်ကိုမနှစ်သက်တာမျိုးပါ၊လက်ရှိ နေ့အလင်းနဲ့ညအမှောင်ကိုဆိုလိုတာမဟုတ်ဘဲ၊အသက်ရှင်သွားလာမှုမှာတိုးတိုးတိတ်တိတ်ခိုးလုပ်တာနဲ့မှန်မှန်ကန်ကန်အများရှေ့လုပ်နိုင်တာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။
၁၁။ခရစ်တော်၏သံတမန်
(ထိုကြောင့် ငါတို့သည်ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော် သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။ ၂ကော 5:20 )။
ခရစ်တော်ရဲ့သံတမန်ဆိုတာခရစ်တော်ကိုကိုယ်စားပြုပါတယ်၊လုပ်ရမယ့်တာဝန်ကသူတပါးချင်းခိုက်ရန်ဖြစ်ပွားမှုငြိမ်းစေတတ်သောသူ၊ဘုရားသခင်နဲ့မိတ်ဆက်ပေးတတ်သောသူဖြစ်ပါတယ်။
၁၂။ဘုရားသခင်၏သတို့သမီး
(ဗျာဒိတ်ကျမ်း ၁၉:၇-၈ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား၊ သိုးသငယ်၏ မင်္ဂလာတောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏ မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။)
ဗျာဒိတ်ကျမ်းဟာပုံဆောင်မှုတွေနဲ့ပြည့်နက်နေတဲ့ကျမ်းပါ။အထူးသဖြင့်ခရစ်တော်ကိုသတို့သားနေရာပုံဆောင်ပြီး၊ယေရုစလင်သို့မဟုတ်အသင်းတော်ကိုသတို့သမီးနေရာမှာပုံဆောင်ရေးပါတယ်။ဒါကိုကျွန်တော်တို့လူတွေလိုမိန်းမယောကျာ်းမင်္ဂလာဆောင်တဲ့အရာဘဲလို့မခံယူသင့်ပါ။ပုံဆောင်ချက်သာဖြစ်ပြီး၊အဓိကဘုရားသခင်နဲ့ယုံကြည်သူတွေရဲ့ပတ်သက်မှုဟာဘယ်လောက်နီးစပ်မှုရှိကြောင်းဖော်ပြလိုတာဖြစ်ပါတယ် ။ယနေ့ယုံကြည်သူတိုင်းဟာခရစ်တော်ရဲ့သတို့သမီးပမာဖြစ်တဲ့အတွက်သတို့သားလာမှာကိုအဆင်သင့်ဖြစ်နေဖို့လိုကြောင်းအထူးတလည်သတိပြုရပါမယ်။သောကာလမှာခရစ်တော်လာဖို့အချိန်ပိုနီးနေပြီမို့သမ္မာသတိနဲ့အသက်ရှင်ကြဖို့လိုပါတယ်။
နိဂုံး
ယနေ့ဝေဌသွားတဲ့ယုံကြည်သူတွေရဲ့အရိုက်အရာ(၁၂)မျိုးကတော့
၁။ဘုရားသားသမီး
၂။ဘုရားသခင်၏တပည့်(ခရစ်ယာန်)
၃။ဘုရားသခင်၏အစေခံကျွန်
၄။ဘုရားသခင်၏ဘဏ္ဍာစိုး
၅။ဘုရားသခင်၏အဆွေ
၆။ဘုရားသခင်၏မိသားစုဝင်
၇။ဘုရားသခင်၏ဗိမာန်တော်
၈။မင်းစည်းစိမ်ရှိသောယဇ်ပရောဟိတ်
၉။ကောင်းကင်နိုင်ငံသား
၁၀။အလင်းသားများ
၁၁။ခရစ်တော်၏သံတမန်
၁၂။ဘုရားသခင်၏သတို့သမီး
ဖြစ်ပါတယ်။
ဒီအရိုက်အရာတွေဟာထာဝရအတွက်ရှိသလိုယနေ့အသက်ရှင်တုန်းအတွက်တာဝန်အရပေးထားတာလည်းရှိပါတယ်။ဒီအရာတွေကိုသေချာမှတ်ထားပြီးဒီအရိုက်အရာတွေနဲ့ဆီလျော်တဲ့အသက်တာလျှောက်လမ်းကြရအောင်လို့ခွန်အားပေးရင်းနိဂုံးချုပ်လိုက်ပါတယ်။နူတ်ကပတ်တော်ခံယူသူအယောက်စီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။