ခရစ်ဝင်ကျမ်းမှသူဌေး(၅)ဦး
နိဒါန်း
ဓမ္မသစ်ကျမ်းမှာသူဌေး၅ယောက်ရဲ့အကြောင်းကိုရှေ့နောက်မတူညီတဲ့အခြေအနေထဲမှာဖော်ပြထားတာတွေ့ရပါတယ်။ဒီ၅ဦးထဲမှာခရစ်တော်ပြောတဲ့ပုံဥပမာထဲက၂ယောက်နဲ့၊ခရစ်တော်တရားဟောကာလမှာကိုယ်တွေ့ကြုံခဲ့ရတဲ့၃ဦးအပါအဝင်ပါ။ထူးခြားတာကရှင်လုကာထဲမှာဒီ၅ဦးလုံးကိုမှတ်တမ်းတင်ထားတာပါ။ဒီသူဌေး၅ဦးရဲ့အဖြစ်ပျက်ကို သေချာလေ့လာရင်ယနေ့ယုံကြည်သူတွေအတွက်မှန်တချပ်လိုပါဘဲ၊သင်ခန်းစာအများကြီးယူစရာရှိပါတယ်။
၁။ဥစ္စာချမ်းသာပြီးဝိညာဥ်ဆင်းရဲသောသူဌေး
ရှင်လုကာ၁၂:၁၃-၂၁မှာလူတစ်ယောက်ကသူအမွေရဖို့သခင်ယေရှုကိုလာကူညီခိုင်းတဲ့အခါ၊သခင်ယေရှုကလောဘလွန်ကျူးခြင်းဆိုင်ရာသူဌေးမိုက်ဥပမာကို ဟောပြောခဲ့တာပါ။အမွေရဖို့လုပ်တာအပြစ်မဟုတ်ပေမယ့်အမွေကြောင့်ညီအကိုမိသားစုချင်းတောင်ပြဿနာတက်ပြီးရန်သူဖြစ်နေတဲ့အရာကိုထင်ဟပ်စေခြင်းပါ။ဒါတွေအားလုံးဟာမိမိရဲ့လောဘကြောင့်ဖြစ်တယ်ဆိုတာသိဖို့ယေရှုကသူဌေးမိုက်ဥပမာကိုပေးပြီးနားလည်အောင်ဟောခဲ့တာပါ။ပုံဥပမာထဲကသူဌေးဟာငါ့အတွက်ဆိုတဲ့လောဘမာန်တက်ခြင်း၊ခေတ္တဘဝအတွက်အဓိကထားစုဆောင်းပြီးမမြဲတဲ့ဘဝမှန်းမဆင်ခြင်မိခြင်းကသူ့ရဲ့အဓိကပြဿနာပါ။အမှန်တော့ငွေရှာပြီးစုဆောင်းခြင်းကအပြစ်မဟုတ်ပါဘူး၊ပြဿနာကထာဝရအတွက်မလိုက်စားဘဲခေတ္တအတွက်သာအသက်ရှင်နေခြင်းပါ။
ဒါကြောင့်ချစ်သောညီကိုမောင်နှမတို့၊ယနေ့ငွေကိုရှာပါဆုပါ၊ဒါပေမယ့်ဒီငွေတွေကြောင့်မမြဲတဲ့ခေတ္တဘဝအတွက်ရုန်းကန်အသက်ရှင်တာမဟုတ်ဘဲ၊ထာဝရအတွက်ဦးတည်တတ်ဖို့လိုပါတယ်။ခေတ္တစားဝတ်နေရေးကအရေးမကြီးတာမဟုတ်ပါဘူး၊ဒါပေမယ့်ခေတ္တစားဝတ်နေရေးကြောင့်ထာဝရအရာကိုဥပေက္ခာပြုထားမိခဲ့ရင်တော့ရင်လေးစရာပါဘဲ။ရှင်မဿဲခရစ်ဝင်၁၆:၂၆မှာယုံကြည်သူတွေကိုဒီလိုသတိပေးထားပါတယ်“လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။”
ဒီသူဌေးမိုက်ဥပမာလေးအားဖြင့်ယနေ့ကျွန်တော်တို့အတွက်ဆင်ခြင်းစရာဖြစ်စေပါမိတ်ဆွေ၊သင်ထာဝရအတွက်ဘာများလုပ်နေပြီလည်း?လောကအရာမှာအောင်မြင်ချမ်းသာပြီးဘုရားသခင်ရှေ့မှာဆင်းရဲနေသောသူမဖြစ်စေဖို့အခုဘဲထာဝရအတွက်ပြင်ဆင်လုပ်ဆောင်ကြပါစို့။
၂။လာဇရုနဲ့သူဌေးပုံဥပမာထဲကသူဌေး
ရှင်လုကာ၁၆:၁၉-၃၁မှာသခင် ယေရှုကသူဌေးတစ်ယောက်နဲ့ဆင်းရဲသားလာဇရုအကြောင်းဥပမာပေးထားပါတယ်။
သူဌေးကြီးဟာအသက်ရှင်တုန်းမှာသောက်စားပျော်ကျူးပြီးသနားကရုဏာမရှိခဲ့သလို၊ထာဝရအတွက်ဘာမှမပြင်ဆင်ခဲ့တာပါ။တနည်းအားဖြင့်သူဌေးကြီးငရဲကျတာဟာသူ့ချမ်းသာခဲ့လို့မဟုတ်ပါ။ချမ်းသာခြင်းကအပြစ်မဟုတ်ပါဘူး၊ဘုရားကိုမယုံကြည်ခြင်း၊ကရုဏာတရားမရှိခြင်းကအဓိကပါ။မိမိအိမ် ရှေ့ကသနားစရာကောင်းတဲ့မိမိလူမျိုးကိုဥပေက္ခာပြုခဲ့တာမို့ပါ။ထို့အတူဆင်းရဲသားလာဇရုဟာလည်းအာဗြံဟံရင်ခွင်ထဲရောက်ရခြင်းသည်သူဆင်းရဲခဲ့လို့မဟုတ်ဘဲဘုရားကိုယုံကြည်ခဲ့လို့ပါ။
ချစ်သောညီကိုမောင်နှမတို့၊ယနေ့ကျွန်တော်တို့တွေဟာဘုရားသခင်ကိုယုံကြည်တဲ့သူဖြစ်လို့ဘုရားရဲ့ဘဏ္ဍာစိုဖြစ်ကြောင်း(၁ပေ၄:၁၀)မှာဖော်ပြပါတယ်။တနည်းအားဖြင့်ကျွန် တော်တို့မှာရှိသမျှစည်းစိမ်တွေဟာဘုရားကနေကျွန်တော်တို့ကိုခေတ္တပေးထားပြီးစီမံအုပ်ချုပ်ခိုင်းထားခြင်းပါ။ဒါပေမယ့်များသောအားဖြင့်ကျွန်တော်တို့ဟာဒါကိုမေ့နေတတ်ပါတယ်၊“ငါရှာထားတာငါ့ဟာဘဲ၊ငါသုံးချင်သလိုသုံးမယ်၊ငါကြိုက်သလိုစီမံမယ်”လို့ခံယူနေတတ်ပါတယ်။ဒီလိုဆိုရင်ကျွန်တော်တို့ဟာဘုရားသခင်ကိုတကယ်ရောယုံကြည်လက်ခံခဲ့သလားဆိုတာဆင်ခြင်ရပါတော့မယ်။တကယ့်ဘုရားသားသမီးတွေဆိုတာပေးကမ်းစွန့်ကြဲတတ်တဲ့သူဖြစ်ပါတယ်၊မိမိယုံကြည်သူချင်းကစ၊မိမိအသင်းတော်ကစ၊မယုံကြည်သူနဲ့ကူညီဖို့လိုအပ်နေသူတွေကိုဥပေက္ခာပြုထားမှာမဟုတ်ပါ။ယနေ့ဘုရားသခင်သင့်ကိုချမ်းသာစေတာဒီအရာအတွက်ဆိုတာမမေ့ပါနဲ့ညီကိုမောင်နှမတို့။ဒါပေမယ့်ဒီလိုပြောလိုက်လို့လျှောက်လျှောက်ပေးလှူလို့ရပြီလို့မဆိုလိုပါ၊ဘုရားပေးထားတဲ့ညာဏ်ပညာနဲ့လိုအပ်တဲ့နေရာထိရောက်စွာပါဝင်တတ်ဖို့လိုပါတယ်။ဒါဟာယနေ့သူဌေးနဲ့လာဇရုပုံဥပမာထဲကယုံကြည်သူတွေဆင်ခြင်ရမယ့်သင်ခန်းစာပါဘဲ။
၃။ထာဝရအသက်ရဖို့လာမေးတဲ့သူဌေး
ရှင်လုကာ၁၈:၁၈-၃၀မှာဥစ္စာရတတ်တဲ့သူဌေးလေးတစ်ယောက်ကသခင်ယေရှုဆီလာပြီးထာဝရအသက်ရဖို့ကောင်းမှုလုပ်ပြီးရနိုင်လည်းလို့လာမေးခဲ့ပါတယ်။ပညတ်ကျင့်နိုင်ကြောင်းဝါကြွားချင်လို့ဂွင်ထွင်မေးတဲ့သဘောပါ။မေးခွန်းကမှားနေပေမယ့်၊သခင်ယေရှုကသူ့စိတ်ကိုသိမြင်တဲ့အတွက်သူလိုချင်တဲ့အတိုင်းပညတ်ကျင့်ဖို့ကနေစဖြေပေးပါတယ်။ဒီသူဌေးဟာငယ်စဥ်ကတည်းကစ ပညတ်ကျင့်လာ ကြောင်းပြန်ဖြေပါတယ်၊ ဒီမှာပေါ်လွင်လာတာကသူဌေးဟာပညတ်အကုန်ကျင့်နေလျက်နဲ့ထာဝရအသက်မရသေးဘူးလို့ခံစားရလို့လာမေးခြင်းပါဘဲ။အမှန်ကထာဝရအသက်ဆိုတာမိမိရဲ့လုပ်နိုင်တဲ့ကောင်းမှုပေါ်မမူတည်ဘဲဘုရားသခင်ရဲ့ကျေးဇူးသက်သက်ဆိုတာနားလည်ဖို့လိုပါတယ်(ဧဖက်၂:၈-၉)။နောက်ဆုံးသခင်ယေရှုကသူ့စိတ်ကိုသိလို့သူ့ရဲ့အကြီးမားဆုံးလိုအပ်ချက်ကိုထောက်ပြခဲ့ပါတယ်၊အဲဒါကတော့ရှိသမျှရောင်းပြီးဆင်းရဲသားကိုပေးပါ၊ပြီးရင်ငါ့နောက်လိုက်ပါ။အဲလိုဖြေပေးလိုက်တဲ့အခါဒီသူဌေးကဥစ္စာရတတ်တဲ့သူဖြစ်လို့စိတ်မသာဘဲထွက်သွားပါတော့တယ်။တနည်းအားဖြင့်ယေရှုပြတဲ့လမ်းကိုသူလက်မခံခဲ့ပါဘူး။
ချစ်သောညီကိုမောင်နှမတို့၊ယနေ့ဒီသူဌေးဟာဘာနဲ့တူလဲဆိုတော့စီးပွား ရေးအင်မတန်ကောင်းပြီးကောင်းမှုအများကြီးလုပ်နေပေမယ့်၊ခရစ်တော်နောက်မလိုက်တဲ့သူတွေနဲ့တူပါတယ်။ခရစ်တော်ထက်မိမိစီးပွားရေးနဲ့စည်းစိမ်ကိုပိုအလေးထားတတ်သူမျိုးပါ။အမှန်တော့စီးပွားရေးကောင်းတာအပြစ်မဟုတ်ပါဘူး၊စီးပွားရေးကောင်းလွန်းလို့ဘုရားကိုမေ့နေခြင်းကသာပြဿနာပါ။ဒါကြောင့်ငွေရတတ်သူတွေဟာကောင်းကင်နိုင်ငံဝင်ဖို့အင်မတန်ခဲယဉ်းတယ်လို့ယေရှုအတန်တန်မိန့်မာခဲ့တာပါ။(မဿဲ၁၉:၂၄၊၁၃:၂၂၊)။လူတွေမှာအရာရာပြည့်စုံနေတဲ့အခါဘုရားကိုလည်းမလိုတော့ဘူးလို့ထင်လာတတ်ပါတယ်၊ဒါဟာယနေ့ဒီလူငယ်သူဌေးလေးအသက်တာကနေကျွန်တော်တို့ဆင်ခြင်စရာပါ။
၄။နောင်တရပြောင်းလဲသောသူဌေး
ရှင်လုကာ၁၉:၁-၁၀ထဲမှာငွေရတတ်တဲ့အခွန်ခေါင်းသူဌေးဖြစ်တဲ့ဇက္ခဲအကြောင်းဖော်ပြထားပါတယ်။
သူဟာ နေရာရာထူးရှိသူ၊ငွေချမ်းသာသူ၊အာဏာရှိသူဆိုပေမယ့်သူ့အထဲမှာငြိမ်သက်ခြင်းမရှိခဲ့ပါဘူး၊တဖက်မှာရောမနိုင်ငံအတွက်အခွန်ခံပေးပြီး၊မိမိလူမျိုးပေါ်ခေါင်းပုံဖြတ်ညစ်စားနေတာမို့လူတိုင်းသူ့ကိုမုန်းကြတာပါ။တနေ့တော့သူယေရှုအကြောင်းကြားသိရပြီး၊ မျှော်လင့်ချက်နဲ့ယေရှုဆီအရောက်သွားခဲ့ပါတယ်။တကယ်လည်းယေရှုသူ့အိမ်ကိုလာတဲ့အခါနာခံခြင်းနဲ့သူပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သူ့နောင်တကိုသက်သေထူခဲ့ပါတယ်။လူ့အမြင်မှာဒီလိုသူဌေးတစ်ယောက်ကယ်တင်ခြင်းရဖို့မဖြစ်နိုင်ဘူးထင်ရပေမယ့်၊ဘုရားအမြင်မှာနောင်တရပြောင်းလဲသူတိုင်းအတွက်အံ့ဩဘွယ်သက်သေဖြစ်တည်စေစမြဲပါ။အာမင်။
ချစ်သောညီကိုမောင်နှမတို့၊ငွေချမ်းသာခြင်းကအသုံးပြုတတ်ရင်ကောင်းကြီးဖြစ်စရာပါ၊မသုံးတတ်ရင်တော့ကောင်းကင်ဝင်ဖို့အတားဆီးဖြစ်နေလိမ့်မယ်။သူဌေးဇက္ခဲဟာနဂိုကောင်းကင်ဝင်ဖို့မဖြစ်နိုင်ပေမယ့်၊သူ့ရဲ့နောင်တတရားနဲ့ယုံကြည်လုပ်ဆောင်ခြင်းဟာသူ့အတွက်ထာဝရကောင်းကြီးမင်္ဂလာဖြစ်စေခဲ့ပါပြီ။ယနေ့သင်ရဲ့ချမ်းသာမှုဟာကောင်းကင်ဝင်ဖို့အတားဆီးဖြစ်နိုင်သလို၊ဧဝံဂေလိအတွက်အထောက်အကူဖြစ်နိုင်ပါတယ်။သင့်ရဲ့ရွှေးချယ်မှုပေါ်သာမူတည်တာပါ။
၅။ဘုရားကိုချစ်တဲ့သူဌေးယောသပ်
ရှင်မဿဲ၂၇:၅၇-၆၀နဲ့ရှင်လုကာ၂၃:၅၀-၅၃ထဲမှာသခင်ယေရှုအလောင်းကိုပိလတ်မင်းဆီကနေတောင်းပြီးသင်္ဂြိုလ်ပေးခဲ့တဲ့အရိမဿဲမြို့သားယောသပ်ဆိုတဲ့သူဌေးဖြစ်ပါတယ်။သူဌေးဖြစ်သလိုလွတ်အရာရှိလည်းဖြစ်ပါတယ်၊ယေရှုနောက်ကိုတိတ်တဆိတ်လိုက်နေတဲ့တပည့်တော်ပါ။ယေရှုအဖမ်းခံရပြီးအသတ်ခံရတဲ့အချိန်၊အနီးကပ်ဆုံးဖြစ်တဲ့တပည့်တော်တွေထွက်ပြေးကုန်တဲ့အချိန်မှာဒီသူဌေးယောသပ်ဟာအရဲစွန့်ပြီးပိလတ်မင်းဆီယေရှုအလောင်းသွားတောင်းခဲ့ပါတယ်။သူ့အထက်ကလွတ်အရာရှိအားလုံးလိုလိုယေရှုကိုဖမ်းပြီးသတ်လိုက်တဲ့အချိန်၊ဒီလွတ်အရာရှိလေးယောသပ်ကတော့အထက်ကဖိအားကြားထဲမကြောက်မရွံ့ဘဲသူဟာယေရှုတပည့်ဖြစ်ကြောင်းပေါ်လွင်စေခဲ့ပါတယ်။ဒါဟာကြီးမားတဲ့ဆန့်ကျင်မှုကိုရင်ဆိုင်လာရနိုင်သလို၊နေရာနဲ့ရာထူးပါပြုတ်နိုင်တဲ့အနေအထားပါ။ဒါတွင်မကပါဘူး၊မိမိအတွက် သေချာစီမံဝယ်ယူထားတဲ့သင်္ချိုင်းကိုလည်းပေးလှူလိုက်ခြင်းပါ။ဒါဟာတပည့်တော်စစ်ဖြစ်ကြောင်းသက်သေပါဘဲ။
ချစ်သောညီကိုမောင်နှမတို့၊တခါတလေကြီးမားတဲ့ပေးလှူမှုဟာခရစ်တော်ကိုဘယ်လောက်ချစ်ကြောင်းပေါ်လွင်စေနိုင်ပါတယ်။ဥပမာအခုသူဌေးယောသပ်ရဲ့ပေးလှူခြင်း၊ ဗေသနိရွှာကကမာရိရဲ့တန်ဖိုးကြီးတဲ့ဆီမွေးပေးလှူလိုက်ခြင်း၊နိကောဒင်ရဲ့အခွက်၃၀အချိန်ရှိတဲ့နံ့သာပေါင်းပေးလှူခြင်း…စသဖြင့်။
ဒီလူတွေဟာကြီးမားတဲ့အလှူပေးလှူနိုင်ကြတာသူတို့ချမ်းသာတာထက်သူတို့အထဲမှာဘုရားကိုချစ်တဲ့စိတ်ကြောင့်ဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ချမ်းသာတဲ့သူတိုင်းပေးလှူနိုင်ကြသူတွေမဟုတ်ပါဘူး၊အသင်းတော်မှာ၁၀/၁မှန်ကန်နေတဲ့သူကအခြေခံလူတန်းစားများပါတယ်၊နည်းနည်းဘဲထည့်ရတော့စုံစမ်းခြင်းမရှိဘူး။ဒါပေမယ့်သူဌေးတွေအတွက်တလဝင်ငွေသိန်းတရာရှိရင်ဆယ်သိန်းပေးလှူဖို့အင်မတန်စုံစမ်းမှုရှိပါတယ်။ဒါကြောင့်ဒီသူဌေးယောသပ်အသက်တာအားဖြင့်ယနေ့ယုံကြည်သူတိုင်းဘုရားအမှုတော်မှာရက်ရက်ရောရောပေးလှူနိုင်တဲ့သူဖြစ်ဖို့သင်ခန်းစာယူရမှာဖြစ်ပါတယ်။
နိဂုံး
ဒီနေ့တင်ပြခွန်အားပေးသွားတဲ့သူဌေးငါးဦးအကြောင်းပြန်လည်အကျဉ်းချုပ်ရရင်
၁။ဥစ္စာချမ်းသာပြီးဝိညာဉ်ဆင်းရဲသူမျိုးဖြစ်နေလားဆင်ခြင်ရပါမယ်။ခေတ္တအရာအတွက်ထာဝရအရာကိုဥပေက္ခာပြုထားပြီလားဆင်ခြင်ရပါမယ်။
၂။စီးပွားရေးအင်မတန်ကောင်းနေတဲ့အခါဘုရားတရားမေ့နေလား?ဥစ္စာကြွယ်ဝဖို့ထာဝရအရာကိုမေ့ထားပြီလားဆက်ခြင်စရာပါ။
၃။ဘုရားသခင်ထက်ငွေကြေးကိုပိုချစ်ပြီးငွေကိုကိုးကွယ်နေရပြီလားဆင်ခြင်ရပါမယ်။
၄။သင့်ရဲ့ချမ်းသာကြွယ်ဝမှုကိုဘုရားအတွက်အသုံးပြုပါ။
၅။ဘုရားအမှုတော်မြတ်မှာပေးလှူပါဝင်ပါ။
ဖတ်ရှုသူတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ။