အံ့ဩဖွယ်ပြောင်းလဲခဲ့သူများ
နိဒါန်း
ခူယားကောင်ဟာအင်မတန်ရုပ်ဆိုးပြီးအမြင့်ကိုမပျံနိုင်ပါဘူး။ဒါပေမယ့်အံ့သြဖွယ်ပြောင်းလဲသွားတဲ့အခါမှာတော့သိပ်ကိုလှပတဲ့လိပ်ပြာလေးအဖြစ်လွတ်လပ်စွာပျံသန်းနေထိုင်နိုင်ပါတယ်။ဒီလိုပါဘဲလူ့ဘဝမှာလည်းအံ့ဖွယ်ပြောင်းလည်းမှုတွေတည်ရှိနေပါတယ်၊ဒီအထဲယေရှုခရစ်တော်ကြောင့်အဆိုးကနေအကောင်းဖက်ကိုအံ့ဩဖွယ်ပြောင်းလဲလာခဲ့သူတွေအများကြီးရှိပါတယ်။ကျမ်းစာထဲမှာရှိခဲ့သလို၊လူ့သမိုင်းမှာလည်းရှိခဲ့ပါတယ်။ယနေ့ထိတိုင်အောင်ခရစ်တော်ကြောင့်အံ့သြဖွယ်ပြောင်းလဲလာနေသူတွေရှိနေစဲဖြစ်ပါတယ်။
တခါကဘုရားမဲ့ပညာရှင်တဦးကအမှုတော်ဆောင်တစ်ယောက်ကိုဘုရားရှိမရှိဆွေးနွေးငြင်းခုန်ဖို့ကမ်းလှမ်းလာပါသတဲ့၊ဒါနဲ့အမှုတော်ဆောင်က“အကယ်၍ဘုရားမဲ့၀ါဒီကြောင့်လူဆိုးကနေလူကောင်းဖြစ်လာသူ၁၀ယောက်လောက်ရှာပြရင်ဆွေးနွေးတာလက်ခံမယ်”ဆိုပြီးတုန့်ပြန်လိုက်တယ်။မိမိဖက်ကခရစ်တော်ကြောင့်ပြောင်းလဲလာသူကိုတော့အများကြီးသက်သေရှိကြောင်းပြောတဲ့အခါဘုရားမဲ့ဝါဒီဖက်ကလူရှာမတွေ့လို့လက်လျော့လိုက်ရပါသတဲ့။ချစ်သောညီကိုမောင်နှမတို့၊ဒါဟာ“လူမည်သည်ကားခရစ် တော်၌ရှိလျှင်အသစ်ပြုပြင်တဲ့သူဖြစ်တယ်”ဆိုတဲ့သက်သေဖြစ်ပါတယ်။ယနေ့ဒေသနာမှာခရစ် တော်ကြောင့်အံ့ဩဖွယ်ပြောင်းလဲလာသူအချို့ကိုတင်ပြပြီးခွန်အားပေးချင်ပါတယ်။
၁။ဇက်ခဲ(လုကာ၁၉:၁-၁၀)
ဇက္ခဲဟာမပြောင်းလဲခင်ကလူလိမ်လူညစ်ကြီးပါ၊အခွန်ခံခေါင်းဆောင်ဖြစ်ပြီးပြည်သူတွေကိုခေါင်းပုံဖြတ်တတ်တဲ့သူပါ။ဒါပေမယ့်ခရစ်တော်ကိုတွေ့ကြုံခဲ့ပြီးနောက်အံ့ဩဖွယ်ပြောင်းလဲသွားခဲ့တာပါ။လူလိမ်လူညစ်ကနေလူကောင်းဖြစ်လာခဲ့ပါတယ်၊လူမုန်းခံဘဝကနေလူချစ်လူခင်ပေါသူဖြစ်လာခဲ့ပါတယ်။ယေရှုကလည်း“လူသားသည်ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော်မူ၏။”လုကာ19:10 ။ယနေ့ထိဒီလိုလူလိမ်လူညစ်လူဆိုးတွေကိုယေရှုပြောင်းလဲပေးနေတုန်း၊ဒါဟာယေရှုခရစ်တော်ရဲ့အံ့ဩဖွယ်ပြောင်းဘဲပေးခြင်းပါဘဲ၊အာမင်။
၂။မာဂဒလမာရိ(လုကာ၈:၂)
နဂိုကနတ်ဆိုးဝင်နေတဲ့ဘဝ၊အသိစိတ်ပျောက်ပြီးနတ်ဆိုးစေရာလူးလိမ့်နေတဲ့အသက်တာ။ယေရှုခရစ်တော်အားဖြင့်သူ့အထဲကနတ်ဆိုး၇ကောင်ထွက်သွားပြီး၊အသက်တာအသစ်ပြန်လည်ရခဲ့တယ်။ရှင်ပြန်ထမြောက်တဲ့သခင်ယေရှုနဲ့တွေ့ခွင့်ရပြီးအဦးဆုံးသတင်းကောင်းဟောသူဖြစ်ခွင့်ရခဲ့တယ်။ယနေ့ထိလောကမှာနတ်ဆိုးစွဲသူရှိနေတုန်းပါ၊ဒါပေမယ့်ယေရှုခရစ်တော်အားဖြင့်သူတို့သက်သာလာတဲ့သက်သေအများကြီးရှိခဲ့တယ်။ဟာလေလုယာ။
၃။ပေါလု(တမန်၇၊၈၊၉)
ရှောလုလို့ခေါ်တဲ့ပေါလုဟာသူနဂိုအသက်တာကလူသတ်သမားကြီးပါ။တရားဟောတဲ့သတေဖန်အသတ်ခံရတဲ့အမှုမှာသူလည်းတရားခံအပါအဝင်ပါဘဲ။ခရစ်ယာန် တွေကိုဖမ်းပြီးနှိပ်စက်သူပါ။ဒါပေမယ့်ခရစ်တော်နဲ့တွေ့ကြုံလာတဲ့အခါသူ့အသက်တာအံ့ဩဖွယ်ပြောင်းလဲသွားပါတယ်။ခရစ်တော်ကိုဆန့်ကျင်သူကနေကြီးမားတဲ့သာသနာပြုဖြစ်လာခဲ့တယ်။လူသတ်ဖို့လိုက်ရှာဖမ်းနေသူကနေလူကိုကယ်တင်ဖို့လိူက်ရှာသူဖြစ်လာခဲ့တယ်။ဟာလေလုယာ။
၄။ရောဂါသည်အမျိုးသမီး(မဿဲ၉:၂၀-၂၆)
တစ်ဆယ့်နှစ်နှစ်လုံးသွေးသွန်ရောဂါခံစားနေရတဲ့အမျိုးသမီးပါ။တလျှောက်လုံးဆေးကုလာပေမယ့်ရောဂါမပျောက်ဘဲငွေကုန်လူပန်းနဲ့ရောဂါကပိုဆိုးလာနေခဲ့ပါတယ်။အရှက်တရားနဲ့လူကြားမတိုးရဲတဲ့ဘဝထဲရှင်သန်နေလာသူပါ။ဒါပေမယ်ခရစ်တွေ့လာတဲ့အခါသူ့ရောဂါအကုန်ပျောက်ရုံမကထာဝရအသက်ကိုပါယုံကြည်လက်ခံခဲ့ရပါတယ်၊ဟာလေလုယာ။
၅။မဿဲ(မဿဲ၉:၉-၁၃)
လေဝိခေါ်မဿဲပါ။နဂိုလူမုန်းများအခွန်ခံတစ်ယောက်ဖြစ်ပါတယ်။ရောမအစိုးရကနေသူတို့နိုင်ငံကိုသိမ်းပိုက်ပြီးသူတို့လူသူတို့အခွန်ကောက်ခိုင်းနေတဲ့အထဲဒီမဿဲကအပါအဝင်ပါ။မိမိနိုင်ငံသူကျွန်လက်ထဲရောက်နေတဲ့ကြားမိမိလူမျိုးချင်းအခွန်ကိုပိုကောက်ပြီးခေါင်းပုံဖြတ်တဲ့အတွက်လူမုန်းခံရတာပါ။ဒီလိုယုတ်မာလို့လူမုန်းခံရပေမယ့် ယေရှုခရစ်တော်နဲ့တွေ့ကြုံလာတဲ့အခါယနေ့တိုင်လူတွေရိုသေလေးစားတဲ့တပည့်တော်ရှင်မဿဲဖြစ်ခဲ့ပါတယ်။ရှင်မဿဲခရစ်ဝင်ကျမ်းရေးသူဖြစ်ခဲ့တာပါ။အာမင်။
၆။ရှိမုန်ဇေလုပ်(မဿဲ၁၀:၄)
တပည့်တော်မဖြစ်ခင်၊နိုင်ငံရေးလုပ်ရှားတဲ့ဇေလုပ်အဖွဲ့ဝင်ဖြစ်ပြီး၊ရောမအစိုးရကိုတော်လှန်ဖို့လုပ်နေသူပါ။ဒါပေမယ့်ခရစ်တော်နဲ့ကြုံတွေပြီးနောက်မှာတော့ထဝရနိုင်ငံအတွက်လူတွေကိုစာတန်လက်ကနေကယ်လွတ်ဖို့လုပ်ဆောင်သူဖြစ်လာခဲ့ပါတယ်။သူအင်မတန်မုန်းတဲ့အခွန်ခံမဿဲကိုလည်းခရစ်တော်၌လက်ခံပြီးမေတ္တာထားပေးနိုင်ခဲ့ပါတယ်။ဒါဟာအံ့ဩဖွယ်ပြောင်းလဲမှုကြီးပါဘဲ။
၇။သမိုင်းထဲကလူအချို့
အထက်ပါကျမ်းစာထဲကပြောသွားတဲ့အံ့ဩဖွယ်ပြောင်းလဲမှုသာဓကဟာအများကြီးထဲကအချို့ကိုသာဖော်ပြတာဖြစ်ပါတယ်။ကျမ်းစာထဲသာသက်သေရှိခဲ့တာမဟုတ်ဘဲသမိုင်းထဲမှာလည်းအလားတူယေရှုခရစ်တော်ကြောင့်အံ့ဩဖွယ်ပြောင်းလဲလာသူအများကြီးရှိပါတယ်၊တချို့ကိုတင်ပြခွန်အားပေးပါရစေ။
(၁)စိန့်ဩဂတ်စတင်း
ကျော်ကြားကြီးမားလှတဲ့သီအိုလော်ဂျီပညာရှင်ကြီးပါ။နဂိုလူငယ်တုန်းကလူပျက်တစ်ယောက်ဖြစ်ပါတယ်၊မိန်းမအပျော်အပါးလိုက်စားတတ်သူပါ။ကျမ်းစာကိုဖတ်မိပြီးခရစ်တော်ကြောင့်အံ့သြဖွယ်ပြောင်းလဲလာခဲ့သလို၊တသက်လုံးအမှုတော်ဆောင်ခဲ့သူပါ။
(၂)ဂျွန်နယူတန်(john newton)
နာမည်ကြီးဓမ္မသီချင်းဖြစ်တဲ့ကျေးဇူးမေတ္တာအံ့ဖွယ်ချိုတာ(Amazing Grace)ဆိုတဲ့သီချင်းရေးသူပါ။ခရစ်ကြောင့်မပြောင်းလဲခင်သူဟာကျွန်တွေကိုရောင်းဝယ်တဲ့လူကုန်ကူးသူပါ။ခရစ်တော်ကိုယုံကြည်လက်ခံပြီးနောက်ဒီအလုပ်ကိုနားခဲ့ပြီးအမှုတော်မြတ်မှာသေတဲ့ထိပါဝင်ခဲ့ပါတယ်။သူ့သင်္ချိုင်းမှာထိုးထားတဲ့စာသားက“နဂိုဘုရားကိုမယုံကြည်တဲ့အပြစ်သား၊အာဖရိကမှာကျွန်ရောင်းဝာ်ခဲ့သူ၊ခရစ်တော်ကြောင့်ကယ်တင်ခွင့်လွတ်ခြင်းခံခဲ့ရပြီးမဟာစေစားချက်ပေးခံရသူ”ဆိုပြီးဖြစ်ပါတယ်။
(၃)မီလ်ထိုတာ(Mel Trotter)
နဂိုကဘာမှအသုံးမကျတော့တဲ့အရက်သမားဖြစ်ပါတယ်။အတန်တန်အရက်ဖျက်ဖို့ကြိုးစားပေမယ့်မအောင်မြင်ဘဲပိုဆိုးခဲ့သူပါ။နောက်ဆုံးခရစ်တော်အားဖြင့်အသက်တာပြောင်းလဲခဲ့ပြီးဘာမှအသုံးမကျတဲ့အရက်သမားဘဝကနေသူလိုအသုံးမကျသူကိုပြန်လည်ထူထောင်ဖို့နိုင်ငံအသီးသီးမှာပြန်လည်ထူထောင်ရေးစင်တာ၆၀ကျော်ဖွင့်နိုင်ခဲ့သူပါ။
(၄)ချိထောလ်ရီ(Chief Tariri)
လူသတ်သမားမျိုးနွယ်ခေါင်းဆောင်ကလူသတ်သမားကြီးပါ။သူနေတဲ့တောထဲမှာဘယ်သူမှလာလို့မရဘဲအကုန်ခေါင်းဖြတ်သတ်ပြီးဖြတ်လိုက်တဲ့ခေါင်းကိုတိုင်ပေါ်ချိတ်ဆွဲထားတတ်သူပါ။ဒီလိုလူကိုကျမ်းစာဘာသာပြန်တဲ့အဖွဲ့ကနေသာသနာပြုအမျိုးသမီးနှစ်ယောက်ကိုအရဲစွန့်စေလွတ်ပြီးတရားဟောခဲ့တဲ့အခါအံ့ဩဘွယ်ပြောင်းလဲခဲ့ကြောင်းသမိုင်းမှာဖော်ပြပါတယ်။
နိဂုံး
ယနေ့ဖော်ပြသွားတဲ့အံ့ဩဖွယ်ပြောင်းလဲခဲ့ကြသူများကိုကြည့်ခြင်းအားဖြင့်၊သင်ယေရှုဘုရားဟာသူတို့ဘဝကိုအံ့ဩဖွယ်ပေးနိုင်ခဲ့တယ်ဆိုရင်ယနေ့သင့်ကိုလဲပြောင်းလဲပေးနိုင်ပါတယ်မိတ်ဆွေ။ ဖော်ပြသွားတဲ့သာဓကတွေကအနည်းကျဉ်းလေးပါ၊ယနေ့နားစွန့်ကြည့်ရင်အလားတူအံ့ဩဖွယ်တွေကျနော်တို့ဝန်းကျင်မှာဖြစ်တည်နေတာအများကြီးပါ။သမ္မာကျမ်းစာတမန်တော်ဝတ္ထု 16:31မှာ“သခင်ယေရှုခရစ်ကိုယုံကြည်လော့၊သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။”လို့ဆိုထားပါပြီ။ယနေ့သင့်အသက်တာထဲမှာလောကဓံတရားတွေထဲရုန်းထွက်မရဘဲနှစ်မြုပ်နေပြီလား?ယေရှုခရစ်တော်ကိုမှီးစမ်းကြည့်ပါမိတ်ဆွေ။သင့်အသက်တာထဲမှာအံ့ဩဘွယ်ပြောင်းလည်းမှုတွေဖြစ်တည်လာပါလိမ့်မယ်။အာမင်။ယုံကြည်ပါတယ်ဆိုပြီးအံ့ဩဖွယ်ပြောင်းလဲခြင်းမရတာဟာသင်အကုန်အစင်မယုံကြည်နိုင်သေးလိူ့ဖြစ်ပါတယ်၊တကယ်စစ်မှန်တဲ့ယုံကြည်သူတိုင်းမှာအနှေးနဲ့အမြန်အံ့ဩဖွယ်ပြောင်းလဲမှုတွေဖြစ်တည်လာပါလိမ့်မယ်လို့ခွန်အားပေးရင်းနိဂုံးချုပ်လိုက်ပါတယ်။ခံယူသူအယောက်ဆီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေသော်။အာမင်။