• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အမှုတော်ဆောင်များအတွက်ထူခြင်း(၅)ပါး

ဆရာရဲမင်း

11 月 11, 2024

အမှုတော်ဆောင်များအတွက်ထူခြင်း(၅)ပါး

၁။မျက်နှာထူခြင်း
အမှုတော်မှာထိထိရောက်ရောက်ပါဝင်ဖို့ဆိုရင်အရင်ဆုံးမျက်နှာထူထူနေတတ်ရပါမယ်၊ဥပမာဧဝံဂေလိဟောဖို့မရှက်မကြောက်ဘဲအများရဲ့အထင်သေးတဲ့အကြည့်ကိုခံနိုင်ရပါမယ်၊အများရဲ့ကဲ့ရဲ့သရော်မှုကိုအပြုံးလေးနဲ့မျက်နာထူထူတုန့်ပြန်တတ်ရပါတယ်၊မျက်နာထူခြင်းဆိုတာအရှက်မရှိတာကိုပြောခြင်းမဟုတ်၊ဒေါသမဖြစ်အောင်အရာရာသီးခံပြီးအပြုံးလေးနဲ့တုန့်ပြန်တတ်ဖို့ပါ၊ဒါကပထမအရေးကြီးပါတယ်။
(ရောမဩဝါဒစာ ၁:၁၆ငါသည်ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။)

၂။လက်ဖဝါးထူခြင်း
ဧဝံဂေလိအတွက်ဘာမဆိုမငြိုငြင်ဘဲလုပ်နိုင်တဲ့အမှုတော်ဆောင်ဖြစ်ရပါမယ်၊အလုပ်ကြမ်းဖြစ်ပါစေအလုပ်ချောဖြစ်ပါစေ၊မကြမ်းမချောဖြစ်ပါစေပေါ့။ဥပမာအများရှေ့တရားပလ္လင်ပေါ်မှာတရားဟောတတ်ဖို့လိုသလို၊ကြုံလာရင်ဘယ်သူမှမတွေ့တဲ့နောက်ကွယ်ကအိမ်သာဆေးတာတို့၊အမှိုက်ကောက်တာတို့၊ကြမ်းတိုက်တာတို့၊ပန်းကန်ဆေးတာတို့လည်းလုပ်နိုင်ရပါမယ်။
(ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၅:၅၈ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်၍ အကျိုး ကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား ၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။)

၃။ဗိုက်ခေါက်ထူခြင်း
အဓိကဆိုလိုချင်တာကအခြေအနေပေးအရကြုံလာရင်၊အကောင်းစားချကြွေးတဲ့အခါစားနိုင်ရသလို၊အညံ့ဆုံးချကြွေးရင်လည်းစားနိုင်ရမဲ့သဘော။တခါတလေထမင်းငတ်ခံရတဲ့အချိန်လဲရှိတတ်ပါမယ်၊ဒါမျိုးအခြေအနေမှာလဲမငြီးငြူဘဲနေတတ်ရမဲ့သဘော။နောက်ပြီးအစာရှောင်ဆုတောင်းတတ်တဲ့အလေ့အထရှိရမယ့်သဘော။အစားအစာကိုမရွေးဘဲစားနိုင်ရမဲ့သဘော၊တောတောင်တွေမှာတာဝန်ကျတဲ့အမှုတော်ဆောင်တွေဒီအချက်ကိုပိုနားလည်လိမ့်မယ်။
(ဖိလိပ်ပိဩဝါဒစာ ၄:၁၂ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲ ခြင်းတို့ကို ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။)

၄။ဒူးခေါင်းခွံထူခြင်း
အောင်မြင်ပြီးဘုရားအသုံးပြုတဲ့အမှုတော်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အချိန်မရွေးဒူးထောက်ဆုတောင်းတတ်ဖို့ကအဓိကပါ။အသင်းတော်အတွက်၊ပျောက်ဆုံးဝိညာဉ်အတွက်၊အမှုတော်ကိစ္စအဝဝအတွက်အမြဲတမ်းဆုတောင်းခြင်းမှာအားကြီးသောသူဖြစ်ရပါမယ်၊ဒီလိုဆုတောင်းအားကြီးသူတွေရဲ့ဒူးခွံတွေဟာထူနေတတ်ပါတယ်။ဂျူးသမိုင်းရဲ့မှတ်တမ်းအရတမန်တော်ရှင်ယောဟန်သေတဲ့ချိန်သူ့ဒူးခွံဟာကုလားအုတ်ဒူးခွံထက်ထူနေပါသတဲ့၊ဒါဟာဆုတောင်းခြင်းမှာအားကြီးသူဖြစ်မှန်းသိသာပါတယ်။
(တမန်တော်ဝထ္ထု ၂၀:၃၆…ဒူးထောက်၍ ထိုသူအပေါင်း တို့နှင့်တကွ ဆုတောင်းလေ၏။)

၅။ခြေဖဝါးထူခြင်း
ဆိုလိုချင်တာကဧဝံဂေလိအတွက်ဘယ်နေရာဖြစ်ဖြစ်သွားနိုင်ရပါမယ်၊ဥပမာတောတောင်တဖက်၊ဆင်းရဲသောရွာမှလမ်းကြမ်းတမ်းပါစေဧဝံဂေလိအတွက်အသင့်ရှိရပါမယ်။အခွင့်အရေးရရင်တပတ်တခါအသင်းသားအိမ်အကုန်လည်ပတ်ဆုတောင်းနိုင်ရပါမယ်။သာသနာပလူတွေအတွက်လဲဧဝံဂေလိလုပ်ဖို့အနီးနားမှာလုပ်ရမှာဖြစ်သလို၊ဝေးလံတဲ့နေရာမှာလဲလိုအပ်ရင်သွာဖို့အသင့်ရှိနေရပါမယ်။
(ရောမဩဝါဒစာ ၁၀:၁၅လူကို မစေလွှတ်လျှင် အဘယ်သို့ ဟောပြောနိုင် မည်နည်း။ ထိုသို့နှင့်အညီကျမ်းစာလာသည်ကား၊ ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သိတင်း၊ ကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက်စရာသိတင်းကို ကြားပြောသော သူ၏ခြေတို့သည် အလွန်တင့်တယ်စွတကားဟု လာသတည်း။)