သင့်လက်ထဲမှာဘာရှိလဲ?
နိဒါန်း
လူတိုင်းလက်ထဲအမြဲကိုင်ထားတဲ့အရာချင်းမတူညီကြပါဘူး၊သမ္မာကျမ်းစာထဲမှာလည်းဘုရားအသုံးပြုတဲ့လူတွေလက်ထဲမှာအလားတူမတူညီကြတဲ့အရာတွေရှိခဲ့ဘူးပါတယ်။အံ့ဩစရာကောင်းတာကဒီလူတွေဟာသူတို့လက်ထဲကအရာကိုဘုရားအတွက်ဆက်ကပ်လိုက်တဲ့အခါကြီးမားဆန်းကြယ်တဲ့အမှုဖြစ်လာတာပါ။ဒါကိုအတူတကွခွန်အားယူကြည့်ရအောင်။
၁။မောရှေလက်ထဲကတောင်ဝှေး
တချိန်ကဣသရေလလူမျိုးတွေအီဂျစ်ပြည်မှာသူ့ကျွန်ခံနေတဲ့အခါ၊သူတို့ကိုကယ်တင်ဖို့ဘုရားသခင်ကမောရှေကိုခေါ်ဖိတ်ခဲ့ပါတယ်။ခေါ်ဖိတ်တဲ့အခါမောရှေကိုဘုရားသခင်ကမင်းလက်ထဲမှာဘာရှိလဲလို့ မေးပြီး၊မောရှေလက်ထဲကတောင်ဝှေးကိုဘုရားကအံ့သြဖွယ့်အမှုဖြစ်စေခဲ့ပါတယ်။ဟာလေလုယာ။(ထွက်မြောက်ရာ4:2 ထာဝရဘုရားကလည်း၊ သင်၏လက်၌အဘယ်အရာရှိသနည်းဟု မေးတော်မူလျှင်၊ လှံတံရှိပါ၏ဟုလျှောက်၏။)
၂။ရှံဂါလက်ထဲကနွားကျောင်းတုတ်
သမ္မာကျမ်းစာကတရားသူကြီးခေတ်မှာ၁၀နှစ်လောက်ဣသရေလလူမျိုးကိုဦးဆောင်ခဲ့တဲ့ရှံဂါဟာ၊သူ့လက်ထဲကတုတ်ချွန်(မူရင်းမှာနွားကျောင်းတဲ့တုတ်)နဲ့ဘုရားအသုံးပြုလို့ရန်သူ၆၀၀ကိုအနိုင်ယူခဲ့ပါတယ်။
(ဧဟုဒနောက်မှာ အာနတ်သားရှံဂါပေါ်ထွန်း၍၊ တုတ်ချွန်နှင့် ဖိလိတ္တိလူခြောက်ရာတို့ကို သတ်သဖြင့်၊ ဣသရေလအမျိုးသားတို့ကို ကယ်လွှတ်လေ၏။တရားသူကြီး 3:31 )
၃။ဂိဒေါင်လက်ထဲကစစ်သား၃၀၀
တရားသူကြီးခေတ်ကတရားသူကြီးတဦးဖြစ်တဲ့ဂိဒေါင်ဟာ၊သူ့လက်ထဲမှာစစ်သား၃သောင်းကျော်ဘဲရှိပြီး၊ရန်သူ၁သိန်း၃သောင်းကျော်ကိုတိုက်ဖို့လုပ်နေပါတယ်။ဒါပေမယ့်ဘုရားသခင်ကလူများသေးတယ်ဆိုပြီးဒီ၃သောင်းကျော်ကနေစစ်သား၁ သောင်းတခါနုတ်ပြီး၊ကျန်တဲ့၂သောင်း ကျော်ကနေတခါ၃၀၀ကိုဘဲရွှေးထုတ်အသုံးပြုခဲ့ပါတယ်။နောက်ဆုံးတကယ်ဘဲဘုရားသခင်ကဒီဂိဒေါင်လက်ထဲကစစ်သား၃၀၀နဲ့ဘဲရန်သူ၁သိန်း၃သောင်းကျော်ကိုနိုင်စေခဲ့ပါတယ်။အာမင်။
(ထိုအခါ လူသုံးရာတို့ကို သုံးစုခွဲ၍၊ တံပိုးတစ်လုံးနှင့် မီးခွက်ပါသော အိုးတစ်လုံးစီကို လူတိုင်းလက်၌ ဆောင်စေ၏။တရားသူကြီး7:16)
၄။ဒါဝဒ်လက်ထဲကလောက်လွှဲ
ရှင်ဘုရင်မဖြစ်ခင်ကလူငယ်လေးဒါဝဒ်ဟာသိုးကျောင်းသားပါ။အံ့သြစရာကောင်းတာကဘုရားသခင်ဟာသူ့လက်ထဲမှာရှိနေတဲ့လောက်လွှဲလေးအားဖြင့်ဣသရေလစစ်သားတယောက်မှမယှဉ်နိုင်တဲ့ဧရာမလူရန်သူဂေါလျက်ကိုအနိုင်ရခဲ့တာပါ။အာမင်။(လွယ်အိတ်ထဲက ကျောက်တစ်လုံးကို နှိုက်ယူ၍လွှဲပစ်၏။ ဖိလိတ္တိလူ၏ နဖူးကိုမှန်၍ နဖူးပေါက်သဖြင့် သူသည် မြေပေါ်မှာ ငိုက်စိုက်လဲလေ၏။၁ရာ17:49 )
၅။မုဆိုးမလက်ထဲကမုန့်တဆုပ်နဲ့ဆီအနည်းငယ်
ပရောဖက်ဧလိယခေတ်ကာလမှာအာဟပ်မင်းရဲ့အပြစ်ကြောင့်တပြည်လုံးမိုးမရွာဖို့ဘုရားသခင်ကပရောဖက်ဧလိယမှတဆင့်ဒဏ်ခတ်ခဲ့ပါတယ်။ဒါကိုအာဟတ်မင်းကဧလိယကိုရှာသတ်မှာမို့ဘုရားသခင်ကသူ့ကိုချောင်းတခုမှာသွားပုန်းရှောင်ခိုင်းပြီးကျီးကန်းနဲ့အစာသယ်ကြွေးခဲ့ပါတယ်။နောက်ပိုင်းမိုးမရွာလို့ချောင်းရေခမ်းသွားတဲ့အတွက်ဘုရားသခင်ကဇရတ္တမြို့ကမုဆိုးမဆီသွားပြီးဗိုက်ဖြည့်ဖို့မိန့်မာပါတယ်။မုဆိုးမကလည်းသူ့လက်ထဲမှာမုန့်တဆုပ်နဲ့ဆီအနည်းငယ်သာကျန်ပေမယ့်ဘုရားလူဧလိယကိုကြွေးမွေးလှူဒါန်းခဲ့လို့မိုးမရွာမချင်းသူ့အိုးထဲကမုန့်ညက်နဲ့ဘူးထဲကရှိတဲ့ဆီ တွေသုံးလို့မကုန်နိုင်အောင်အံ့ဩဖွယ်ဖြစ်နေခဲ့ပါတယ်။ဟာလေလုယာ။
(ဧလိယကလည်း မစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်း သွား၍ပြုလော့။ သို့ရာတွင် ငါ့အဖို့ မုန့်ပြားငယ်တစ်ပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဖို့ လုပ်လော့။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုးရွာစေတော်မမူမီတိုင်အောင်၊ အိုး၌ရှိသောမုန့်ညက် မကုန်။ ဘူး၌ရှိသောဆီ မလျော့ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။ ထိုမုဆိုးမသည်သွား၍ ဧလိယစကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့သည် အင်တန်ကာလပတ်လုံးစားရကြ၏။၃ရာ 17:13-15 )
၆။ကလေးငယ်လက်ထဲကငါးနှစ်ကောင်နဲ့မုန်းငါးလုံး
သခင်ယေရှုတရားဟောတဲ့ကာလမှာ၊လူပေါင်း၅ထောင်(လူကြီးပိုင်းကျားအရေအတွက်သာဖြစ်)ဟာတရားနားထောင်ရင်းဗိုက်ဆာလာကြပါတယ်၊ဒီလူအုပ်ကြီးကိုကြွေးမွေးဖို့မလွယ်ကူလှတဲ့အရာပါ။အဲဒီချိန်မှာလူအုပ်ကြီးထဲကက လေးငယ်တဦးရဲ့လက်ထဲငါးနှစ်ကောင်နဲ့မုန့်ငါးလုံးရှိနေတာကိုယုံကြည်ခြင်းနဲ့အသုံးတော်ခံခဲ့ပါတယ်။ဒီသေးငယ်တဲ့အရာဘုရားလက်တော်ထဲရောက်လာတဲ့အခါကြီးမားတဲ့အံ့ဩဖွယ်ဖြစ်ခဲ့ပြီးလူအားလုံးကိုအဝကြွေးမွေးနိုင်ခဲ့ရုံမကအကြွင်းအကျန်ပါအများကြီးကျန်နေခဲ့ပါတယ်။ဟာလေလုယာ။
(မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသောသူတို့သည် ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာရှိပါသနည်း ဟုလျှောက်၏။ရှင်ယောဟန်6:9 )
၇။ယောသပ်လက်ထဲကအာဏာ
ကမ္ဘာဦးကျမ်း၃၇-၅၀အထိယာကုပ်ရဲ့သား ယောသပ်အကြောင်းကိုအထူးရေးမှတ်ထားတာတွေ့ရမှာပါ။
သူ့အကိုတွေကနေရောင်းစားခံရပြီး၊သူ့ကျွန်ဘဝ-ထောင်သားဘဝ-နောက်ဆုံးအာဏာရှိတဲ့အုပ်ချုပ်သူအထိဖြစ်လာခဲ့ပါတယ်။ဘုရားသခင်ကယောသပ်လက်ထဲကကအာဏာအားဖြင့်အီဂျစ်တပြည်လုံးနဲ့သူ့မိသားစု(ဣသရေလလူမျိုး)အားလုံးကိုကယ်တင်ပေးခဲ့ပါတယ်။အာမင်။
၈။ဒေါ်ကာလက်ထဲကအပ်တစ်ချောင်း
သခင်ယေရှုရှင်ပြန်ထမြောက်ပြီး၊တမန်တော်ခေတ်မှာ၊ယုပ္ပေမြို့ကဒေါ်ကာဆိုသူတယောက်ရှိပါတယ်။သူဟာအပ်ချုပ်ပြီးလူတကာကူညီတတ်သူပါ၊ကူညီခြင်းနဲ့ဘုရားဘုန်းထင်ရှားစေသူပါ။ဒါပေမယ့်တရက်မှာ သေသွားခဲ့ပါတယ်။သေသွားတဲ့အခါသူကူညီခဲ့တဲ့သူတွေကတမန်တော်ရှင်ပေတရုကိုခေါ်လာကြပြီးဆုတောင်းခိုင်းခဲ့ပါတယ်။ဆုတောင်းတဲ့အခါအံ့ဩစွာရှင်ပြန်ထမြောက်ခဲ့တယ်၊ဒေါ်ကာရဲ့ကူညီတတ်တဲ့စိတ်ကြောင့်ဘုရားသခင်ကသူ့ကိုအသက်ဆက်ရှင်ဖို့အခွင့်ပေးခဲ့ပါတယ်။ဟာလေလုယာ။
(ပေတရုသည် ထ၍ထိုသူတို့နှင့် အတူလိုက်လေ၏။ ရောက်လျှင် အထက်ခန်းသို့ခေါ်ပင့်၍ မုဆိုးမများတို့သည် ငိုကြွေးလျက်၊ သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်အခါလုပ်ခဲ့သောအင်္ကျီနှင့် အဝတ်များကို ပြလျက်ရှိကြ၏။တမန်တော် 9:39 )
နိဂုံး
ချစ်သောညီကိုမောင်နှမတို့
ကျနော်တို့ကဘုရားသခင်ကို“အကယ်၍ငါသိန်းပေါင်းဘယ်လောက်ရကြည့်ပါလား?ရှိလာကြည့်ပါလား၊ငါလှူလိုက်မယ်လုပ်လိုက်မယ်”လို့ပြောတတ်ကြပါတယ်။တကယ်တမ်းဘုရားရဲ့နိယာမကသင့်လက်ထဲမှာဘာရှိလဲဆိုတာအဓိကပါဘဲ။ရှိလာမှလုပ်တာလူ့ရဲ့နိယာမဆိုပေမယ့်၊ရှိတာလေးနဲ့ပါဝင်တာဟာဘုရားနိယာမပါ။အာမင်။
ချစ်သောယုံကြည်သူများ
ယနေ့သင့်လက်ထဲမှာဘာရှိပါသလဲ?
၁။မောရှေလက်ထဲကတောင်ဝှေး
၂။ရှံဂါလက်ထဲကနွားကျောင်းတုတ်
၃။ဂိဒေါင်လက်ထဲကစစ်သား၃၀၀
၄။ဒါဝဒ်လက်ထဲကလောက်လွှဲ
၅။မုဆိုးမလက်ထဲကမုန့်တဆုပ်နဲ့ဆီအနည်းငယ်
၆။ကလေးငယ်လက်ထဲကငါးနှစ်ကောင်နဲ့မုန်းငါးလုံး
၇။ယောသပ်လက်ထဲကအာဏာ
၈။ဒေါ်ကာလက်ထဲကအပ်တစ်ချောင်း
အသီးသီးရှိခဲ့ကြပြီးဘုရားသခင်အတွက်အကောင်းဆုံးအသုံးတော်ခံခဲ့ကြပါပြီ။
ချစ်သောယုံကြည်သူများ
ယနေ့သင့်လက်ထဲမှာဘာရှိလဲ?
အဲဒီရှိတဲ့အရာနဲ့ဘုရားကိုဆက်ကပ်ပါ၊ပါဝင်ပါ။ဥပမာသင့်လက်ထဲမှာဖုန်းရှိနေတယ်ဆိုရင်ဒီဖုန်းအားဖြင့်ဘုရားဘုန်းထင်ရှားနေပြီလား?သင်တစ်နေ့တာဖုန်းကိုင်ချိန်ဘယ်နနာရီကြာလဲ?ဒီကြာချိန်မှာဘုရားအတွက်ဘယ်လောက်အသုံးပြုခဲ့ပြီးအခြားအရာမှာဘယ်လောက်အချိန်ဖြုန်းခဲ့ပြီလဲ?ဒါမှမဟုတ်စာတန်အသုံးချစရာလက်နက်ဖြစ်နေပြီလား?ဆိုတာဆင်ခြင်ပါ။ယနေ့တိုးတက်တဲ့နည်းပညာခေတ်မှာဟိုးတမန်တော်ခေတ်ကာလလိုဧဝံဂေလိကိုဟောဖို့ကမ္ဘာအနံ့သွားရောက်စရာမလိုဘဲလည်းဧဝံ ဂေလိလုပ်လို့ရနေပါပြီ၊တချို့အင်တာနက်မရှိသေးတဲ့တောရွာများမှအပအများစုနေရာမှာယနေ့ဖုန်းတလုံးရှိတာနဲ့အလွယ်တကူဧဝံဂေလိလုပ်လို့ရနေပါပြီ။ဒါကြောင့်ရှေးသာသနာပြုတွေလိုမိသားစုနဲ့ကိုယ့်ဌာနေကိုစွန့်ခွာပြီးဟိုးအဝေးကြီးကိုမသွားနိုင်ရင်တောင်သင့်လက်ထဲကဖုန်းလေးနဲ့အသုံးတော်ခံပါ၊အံ့ဩဖွယ်ဖြစ်လာပါလိမ့်မယ်။ဒါဟာလူအများစုလက်ထဲမှာရှိတဲ့ဖုန်းကိုဥပမာပေးပြောတာလေးပါ၊တကယ်တမ်းတော့လူတိုင်းလက်ထဲမှာရှိနေတာချင်းတူချင်မှတူပါလိမ့်မယ်၊ဒါပေမယ့်ယနေ့ဘုရားသင့်ကိုမေးနေတာဟာ“ငါ့သားငါ့သမီးသင့်လက်ထဲမှာဘာရှိလဲ?”ဈိုတဲ့မေးခွန်းပါဘဲမိတ်ဆွေ။အခုဘဲဘုရားကိုအဖြေပေးပြီးပါဝင်ကြပါလို့တိုက်တွန်းခွန်အား ပေးချင်ပါတယ်။သင့်အနေနဲ့သေးငယ်တဲ့အရာပါလို့ထင်နေပေမယ့်ဘုရားလက်ထဲ ရောက်ရင်အံ့ဩဖွယ်အမှုဖြစ်လာပါလိမ့်မယ့်။ဟာလေလုယာ။