ယုံကြည်ခြင်းအတု(၇)မျိုး
နိဒါန်း
လောကမှာအစစ်ရှိရင်အတုရှိနေတတ်စမြဲပါ။ဘယ်အရာမဆိုအတုနဲ့အစစ်ဒွန်တွဲနေတတ်ပါတယ်။သမ္မာကျမ်းစာထဲမှာအထူးသဖြင့်ယုံကြည်ခြင်းအတု၇မျိုးကိုတွေ့ရှိရပါတယ်။အတုဆိုကတည်းကစစ်မှန်တဲ့ကယ်တင်ခြင်းရနိုင်မှမဟုတ်တော့ပါဘူး၊ဒါကြောင့်မိမိယုံကြည်ခြင်းဟာဒီလိုအတုမဖြစ်ရလေအောင်အတူတကွဆင်ခြင်ကြည့်ရအောင်ပါ။
၁။ပါးစပ်ဖျားကသာယုံကြည်ခြင်း
ယုံကြည်ပါတယ်ဆိုပေမယ့်အသက်တာမှာလက်တွေ့မလိုက်လျှောက်သူ၊ဝတ်ပြုခြင်းမရှိ၊ဆုတောင်းကျမ်းစာဖတ်တဲ့အသက်တာမရှိ၊ချစ်ခြင်းမေတ္တာတရားမရှိ၊ခွင့်လွတ်နိုင်ခြင်းမရှိ၊အသက်တာနည်းနည်းမှပြောင်းလဲခြင်းမရှိသူမျိုး။တကယ်ရှိခဲ့ရင်လည်း“လုပ်ချင်လို့”မဟုတ်ဘဲမလွဲသာလို့အပေါ်ယံသာလုပ်ပြနေခြင်းမျိုး။ဒီလိုလူမျိုးဟာပါးစပ်ကနေဘယ်လောက်“ယုံကြည်ပါတယ်”ပြောနေရင်လဲအတုပါဘဲ။
(ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏။ဟေရှာယ29:13)
၂။အမှန်ဖြစ်ကြောင်းသာယုံကြည်ခြင်း
တချိန်ကနတ်ဆိုးတွေလို“ယေရှုဟာဘုရားသားဖြစ်ကြောင်း”လက်ခံသဘောတူပေးတာမျိုး၊သမိုင်းမှာဖြစ်ပျက်ခဲ့တဲ့(သမ္မာကျမ်းစာအဖြစ်ပျက်တွေ)ကိုလေ့လာပြီးကိစ္စအဖြစ်ပျက်ကိုသာလက်ခံတာမျိုး၊ ယေရှုမွေးဖွားခြင်း၊သေခြင်း၊ရှင်ပြန်ထမြောက်ခြင်းစသဖြင့်…ဒါတွေအားလုံးကိုသေချာလေ့လာပြီးဒါဟာအမှန်ကန်တွေပါလို့သာသဘောတူလက်ခံပေးတာမျိုးပါ။တကယ်တမ်းကျတော့အမှန်တွေပါလို့လက်ခံပေမယ့်မိမိကိုအပြစ်ကနေကယ်တင်ပေးမယ့်မိမိကယ်တင်ပိုင်ရှင်အဖြစ်မယုံကြည်၊မလက်ခံ၊နောင်တရပြီးမပြောင်းလဲရင်တော့ဒါဟာယုံကြည်ခြင်းအတုပါဘဲ။
(ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု သင်သည်ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။ရှင်ယာကုပ်ဩဝါဒစာ2:19)
၃။အများရှေ့မဝန်ခံရဲတဲ့ယုံကြည်ခြင်း
ယုံတော့ယုံကြည်တယ်၊ဒါပေမယ့်မယုံကြည်သူများသိပြီးလာသရော်မှာရှက်တယ်၊မယုံကြည်သေးတဲ့မိသားစုဝင်တွေဆူပူမှာကြောက်တယ်၊မယုံကြည် သေးတဲ့မိန်းမကိုကြောက်တယ်၊ယောက်ျားကိုကြောက်တယ်၊အမျိုးတွေဖိအားပေးမှာကြောက်တယ်၊မယုံကြည်တဲ့သူငယ်ချင်းတွေဟားတိုက်မှာရှက်တယ်စသဖြင့်…ဒါကြောင့်စိတ်ထဲဘဲယုံကြည်မယ်၊အများရှေ့တော့မဝန်ခံရဲဘူး။ဒီလိုမဝန်ခံရဲတဲ့ယုံကြည်ခြင်းဟာ(ဥပမာပေတရုသုံးကြိမ်ယေရှုကိုငြင်းပယ်ပြီးမဝန်ခံသလို)စစ်မှန်နဲ့ယုံကြည်သူနဲ့ဧဝံဂေလိကြားခါစမှာခေတ္တဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ဒါပေမယ့်ရေရှည်အဲလိုမဝန်ခံရဲဘဲဖြစ်နေရင်တော့ဒီယုံကြည်ခြင်းဟာစစ်မှန်တဲ့ယုံကြည်ခြင်းမဟုတ်နိုင်ပါဘူး။
(ပေတရုက၊ ထိုသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆို၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။ရှင်မဿဲ26:74 )
(အရာရှိအများတို့သည်သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ တရားဇရပ်မှဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ။အကြောင်းမူကား၊ ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေထက် လူတို့ပေးသော ဘုန်းအသရေကို သာ၍နှစ်သက်ကြ၏။ရှင်ယောဟန်12:42-43)
(အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။- အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။ရှင်မဿဲ10:32-33 )
(ငါသည် ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။ ရောမ1:16 )
၄။အစဉ်အလာအရသာယုံကြည်ခြင်း
မိဘစဉ်ဆက်ကခရစ်ယာန်မို့လို့ခရစ်ယာန်ဖြစ်နေတာမျိုး၊မိဘတွေကဘုရားကျောင်းသွားနေကျမို့မိမိလဲသွားရမယ်လို့ခံယူပြီးသွားတာမျိုး၊အရွယ်ရောက်လာရင်ဘာသာရေးအရဗတ္တိဇံနှစ်ခြင်းခံရမှာမို့ခံယူခြင်း၊အိမ် ထောင်ပြုရင်လည်းဘုရားကျောင်းမှာထုံးစံရှိတဲ့အတိုင်းမင်္ဂဆောင်ခြင်း၊နောက်ဆုံး သေရင်လဲခရစ်ယာန်ထုံးတမ်းဓလေ့တိုင်းမြေမြုပ်ပေးခြင်းစသဖြင့်…။အမှန်တော့ဒီအရာတွေကကောင်းပေမယ့်၊အကယ်လို့ခရစ်ယာန်အစဉ်အလာအရသာတစ်သက်လုံးနေထိုင်ခဲ့ပြီးမိမိလက်တွေ့အသက်တာမှာကိုယ်တိုင်ယေရှုကိုကယ်တင်ရှင်အဖြစ်နောင်တရလက်ခံယုံကြည်တာမျိုးမဟုတ်ဘဲ၊အစဥ်အလာအရသာအပေါ်ယံယုံကြည်နေတာမျိုးဆိုရင်တော့စစ်မှန်တဲ့ယုံကြည်ခြင်းမဖြစ်နိုင်ပါဘူး။
(အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။ရှင်မဿဲခရစ်ဝင်3:9 )
၅။နိမိတ်လက္ခဏာပေါ်သာတည်သောယုံကြည်ခြင်း
ယုံကြည်တဲ့သူတွေမှာနိမိတ်လက္ခာဏာအမြဲလိုက်လာနေတာအမှန်ပါဘဲ။ဒါပေမယ့်ထာဝရအသက်ရဖို့ယုံကြည်တာမျိုးမဟုတ်ဘဲခေတ္တကျန်းမာချမ်းသာဖို့နဲ့နိမိလက္ခာဏာကြောင့်သာယုံကြည်နေရင်တော့စစ်မှန်တဲ့ယုံကြည်ခြင်းမဖြစ်နိုင်ကြောင်းကျမ်းစာထဲအများကြီးတွေ့ရပါတယ်။တကယ်တမ်းတော့နိမိတ်လက္ခဏာကမှားတာမဟုတ်ပါဘူး၊ယုံကြည်သူတွေရဲ့ယုံကြည်ခြင်းကနိမိလက္ခဏာပေါ်ရပ်တည်နေတာကိုကမှားနေတာလေးပါ။နိမိလက္ခာရှိမှယုံကြည်တာမျိုးမဟုတ်ဘဲ၊ ယေရှုကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လိုက်လို့အသက်တာမှာနိမိလက္ခဏာဖြစ်တည်လာစေသောသူဖြစ်စေပါ၊အာမင်။
(ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့၌ရှိ၍၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။- သို့သော်လည်းယေရှုသည် ထိုသူတို့၌ ကိုယ်ကိုအပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။ရှင်ယောဟန်ခရစ်ဝင်2:23-24 )(မဿဲ၇:၂၁-၂၃၊)
၆။ကောာက်ရိုးမီးယုံကြည်ခြင်း
ခေတ္တသာတောက်လောင်ပြီး၊ဝုန်ဒိုင်းဆိုသလိုအမှုတော်မြတ်မှာအားတက်သရောပါဝင်ခဲ့ပေမယ့်၊ဒီယုံကြည်မှု ကြောင့်ပေးဆပ်မှု၊အခက်ခဲပြဿနာကြုံတွေ့လာတဲ့အခါမယုံကြည်တော့ဘဲနောက်ဆုတ်သွားတဲ့(ခနသာခံတဲ့)ယုံကြည်ခြင်းမျိုးပါ။
(ကျောက်ပေါသောအရပ်၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ချင်းခံယူသော်လည်း၊- စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာတည်သဖြင့်၊ တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ချင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။ရှင်မဿဲခရစ်ဝင် 13:20-21)
၇။ခေတ္တအကျိုးမျှော်ယုံကြည်ခြင်း
မြေနေရာအလကားနေရ၊အလကားစားရတာမို့ယုံကြည်နေတာမျိုး၊အကူညီတချို့နဲ့ထောက်ပံ့ငွေအမြဲရနေတာမို့ယုံကြည်နေတာမျိုး၊ ပေးဆပ်ဖို့နေနေသာသာခေတ္တကိုယ်ကျိုးတခုခုအတွက်ကြောင့်ဘာသာထဲဝင်ပြီးအသင်းသား/သူအဖြစ်ခံယူထားတာမျိုး၊နိုင်ငံခြား ထောက်ပံ့ငွေရလို့အမှုတော်ဆောင်နေတာမျိုး၊နေရာနဲ့ရာထူးရနေလို့ဆက်ကပ်နေတာမျိုး၊ဥပမာယုဒရှကာယုတ်လိုငွေကိုတပ်မက်ပြီးဟန်ဆောင်ကောင်းတဲ့သူပေါ့။
(ထိုသို့ဆိုသော်၊ ဆင်းရဲသောသူတို့အကျိုးကို ထောက်၍ ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက်၊ တပည့်တော်များသုံးရန် ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း။ရှင်ယောဟန်ခရစ်ဝင်12:6)
(ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။- မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကို ရခြင်းငှာ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှာ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ရှင်ယောဟန်6:26-27 )
နိဂုံး
ဝေဌသွားတာကတော့ယုံကြည်ခြင်းအတု(၇)မျိုးဖြစ်ပါတယ်။
၁။ပါးစပ်ဖျားကသာယုံကြည်ခြင်း
၂။အမှန်ဖြစ်ကြောင်းသာယုံကြည်ခြင်း
၃။အများရှေ့မဝန်ခံရဲတဲ့ယုံကြည်ခြင်း
၄။အစဉ်အလာအရသာယုံကြည်ခြင်း
၅။နိမိတ်လက္ခဏာပေါ်သာတည်သောယုံကြည်ခြင်း
၆။ကောာက်ရိုးမီးယုံကြည်ခြင်း
၇။ခေတ္တအကျိုးမျှော်ယုံကြည်ခြင်း
ဖြစ်ပါတယ်။
ဖတ်ရှုသူနဲ့စာရေးသူကျနော်အပါအဝင်အတူတကွဆင်ခြင်အသက်ရှင်ကြပါစို့လို့တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်။အားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ၊အာမင်။