သမ္မာကျမ်းစာမှငွေကြေးဆိုင်ရာသွန်သင်မှု(၉)ချက်
၁။ငွေရှာနိုင်ခြင်းခွန်အားဟာဘုရားပေးထားတာဖြစ်ပါတယ်။
တရားဟောရာကျမ်း 8:17-18 ငါ့တန်ခိုး၊ ငါ့လက်သတ္တိအားဖြင့် ဤစည်းစိမ်ကိုငါရတတ်သည်ဟု စိတ်ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့်ကြဉ်ရှောင်လော့။ သင်၏ ဘုရားသခင်ထာဝရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားတော်ကို ယနေ့ကဲ့သို့ တည်စေလိုသောငှာ၊ စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏။
၂။ရွှေငွေဥစ္စာဟာဘုရားပေးတဲ့ကောင်းကြီးဖြစ်ပါတယ်။
ဒေသနာကျမ်း5:19 ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ်ဥစ္စာကို ရသောလူတိုင်း မိမိအဖို့ကိုခံ၍ ဝင်စားခြင်းငှာလည်းကောင်း၊ ကြိုးစားအားထုတ်ရာ၌ ပျော်မွေ့ခြင်းငှာလည်းကောင်း၊ ဘုရားသခင့် ကျေးဇူးတော်ကြောင့် အခွင့်ရှိ၏။
၃။ငွေရှိလာဖို့အလုပ်ကြိုးစားပါ။ဘုရားပေးတယ်ဆိုပြီးထိုင်ပျင်းနေလို့မရပါဘူး။
၁သက်3:10 အဘယ်သို့နည်းဟူမူကား၊ သင်တို့နှင့်အတူရှိနေစဉ်အခါ၊ အလုပ်မလုပ်ချင်သောသူမည်သည်ကား၊ အစာကိုလည်း မစားစေနှင့်ဟု ပညတ်ထားကြပြီ။
၄။ငွေကိုနည်းမှန်လမ်းမှန်ရှာဖွေပါ။
သုတ္တံကျမ်း16:8 ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သော ဥစ္စာအနည်းငယ်သည်၊ မတရားသဖြင့်ရသော ဥစ္စာအများထက်သာ၍ကောင်း၏။
သုတ္တံကျမ်း 10:2-3 မတရားသော ဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ်၏။ ဖြောင့်မတ်သောသူကို ငတ်၍သေစေခြင်းငှာ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသောသူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။
၅။ငွေကိုမှန်ကန်စွာအသုံးပြုပါ။
(က)မိသားစု/မိဘကိုထောက်ပံ့ပါ(၁တိ၅:၈၊မဿဲ၁၅:၃-၉)
(ခ)ယုံကြည်သူချင်းကူညီပေးကမ်းပါ(၂ကော၈:၁-၄၊ရောမ၁၂:၁၃)
(ဂ)အမှုတော်မြတ်မှာပေးလှူပါ(သုတ္တံကျမ်း3:9-10၊၂ကော၉:၅-၇၊မာကု၁၂:၄၁)
(ဃ)မရှိဆင်းရဲသားကိုပေးကမ်းပါ(သုတ္တံကျမ်၁၉:၁၇၊၁တိ၆:၁၇-၁၈)။
(င)ငွေနဲ့ငွေကိုပြန်ရင်းပြီးရှာပါ(မဿဲ၂၅:၁၄-၃၀)
၆။ငွေဟာအပြစ်မဟုတ်ပေမယ့်ငွေကိုတပ်မက်ခြင်းဟာမကောင်းမှုရဲ့အမြစ်မို့မလွန်ကဲဖို့သတိထားပါ။
၁တိ 6:10 အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင် ထိုးကြပြီ။
၇။ငွေကိုအဓိကအားမကိုးဘဲဘုရားကိုသာအားကိုးပါ။
၁တိ 6:17 ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာန စိတ်နှင့် ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကို မကိုးစားဘဲ၊ ငါတို့ခံစားဖို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည်အကြောင်း…။
၈။ငွေကိုဘဏ်မှာစုထားတာထက်ကောင်းကင်မှာထာဝရအတွက်စုထားပါ။
ရှင်မဿဲခရစ်ဝင် 6:19-21 ပိုးမွှားနှင့်သံချေးဖျက်ဆီးတတ်၍ သူခိုးများဖောက်ထွင်းခိုးယူနိုင်ရာ မြေကြီးပေါ်၌ ဥစ္စာဘဏ္ဍာများကို သင်တို့အတွက် သိုမှီးမထားကြနှင့်။ပိုးမွှားနှင့်သံချေးမဖျက်ဆီးတတ်၊ သူခိုးများလည်း မဖောက်ထွင်းမခိုးယူနိုင်ရာ ကောင်းကင်ဘုံ၌ သင်တို့အတွက်ဥစ္စာဘဏ္ဍာများကို သိုမှီးထားကြလော့။အကြောင်းမူကား သင်၏ဥစ္စာဘဏ္ဍာရှိသောနေရာ၌ သင်၏စိတ်နှလုံးလည်း ရောက်တတ်၏။(မြန်မာ့စံမီ)
၉။ငွေဟာသင့်ဘဝအတွက်အရေးအကြီးဆုံးမဟုတ်ဘူးဆိုတာအမြဲသတိထားပါ။
ရှင်မဿဲခရစ်ဝင် 16:26 လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။