• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အခန်းဆယ်ခန်းပုံပြင်

ဆရာရဲမင်း

11 月 11, 2024

အခန်းဆယ်ခန်းပုံပြင်

လူငယ်လေးတဦးမှာလှပတဲ့အိမ်လေးတလုံးပိုင်ဆိုင်ထားပါသတဲ့။
အပေါ်ထပ်၅ခန်း၊အောက်ထပ်၅ခန်းနဲ့ဖွဲ့စည်းထားတဲ့အိမ်ကြီးတလုံးမို့ဒီအိမ်ပိုင်ဆိုင်ထားရတဲ့အပေါ်အမြဲဂုဏ်ယူနေတတ်ပါသတဲ့လေ။
တနေ့တော့
တခါးခေါက်သံတီးတိုးကြားရလို့
တံခါးသွားဖွင့်ကြည့်တဲ့အခါ
အံ့ဩစွာယေရှုခရစ်တံခါးရှေ့ရပ်နေတာတွေ့ရပါတယ်။
ယေရှုက
“တံခါးခေါက်တာငါပါ၊ဝင်လာလို့ရမလား?”
လူငယ်“အိုဗျာ၊သခင်လာတာကြိုဆိုပါတယ်၊လာပါလာပါသခင်၊အထက်ခန်းကအကောင်းဆုံးအခန်းထဲတည်းခိုပါဗျာ”ဟုပျော်ရွင်စွာဖြေလိုက်ပြီးလမ်းညွန်ပြပေးပါတယ်။
ဒီလိုနဲ့ယေရှုကအပေါ်ထက်အကောင်းဆုံးအခန်းထဲနေပြီး၊အိမ်ပိုင်ရှင်လူငယ်လေးကအောက်ထပ်သူ့အခန်းထဲပြန်နေတာပေါ့။
နောက်နေ့မနက်မှာ
တံခါးခေါက်သံကြားရပြန်ပြီ
“တီတီတီ”…
အိမ်ပိုင်လူငယ်လေးကကမန်းကတန်းထွက်လာပြီးတံခါးဖွင့်ကြည့်တော့
“ဟာ…စာတန်”
ချက်ချင်းထွက်သွားဖို့တားမြစ်ပေမယ့်စာတန်ကအတင်းတိုးဝင်လာနေတော့သူသူငါငါအားထည့်တွန်းကြပါတော့တယ်။စာတန်ကတမင်ဒီလူငယ်ကိုထိုးနက်ချင်နေတာကြောင့်စုံစမ်းမှုအမျိုးမျိုးမက်လုံးပေးပြီးအတင်းဝင်ဖို့လုပ်တယ်၊လူငယ်လေးလဲအားနည်းလိုက်ပြန်ခုခံလိုက်နဲ့နောက်ဆုံးညနေစောင်းမှစာတန်ကိုတိုက်ထုတ်နိုင်ခဲ့ပါသတဲ့။
ဒီလိုနဲ့တံခါးသော့ခတ်ပြီးဟောဟဲဟောဟဲမောရင်းအတွေးတခုဝင်လာတာပါ
“ဟိုးဟိုး နေပါအုံးဟ”
“ငါ့အိမ်မှာ ယေရှုဘုရားတည်းခိုနေတာမဟုတ်ဘူးလား?”
“ငါသူ့ကို အကောင်းဆုံးအခန်းနဲ့တောင်ဧည့်ခံထားတာလေ?ယေရှုငါ့ကိုဘာလို့မလာကူညီတာလဲ?သူမကြားမသိလို့လား?”ဆိုပြီးအပေါ်ထပ်တက်ပြီးယေရှုဆီသွားမေးပါတော့တယ်။
ယေရှုဆီရောက်တော့
“ကိုယ်တော်၊စာတန်လာပြီးကျွန်တော်ကိုလာတိုက်ခိုက်နေတာကိုယ်တော်မမြင်ဘူးလား?ကိုယ်တော်ဘာလို့ဆင်းလာပြီးမကူညီတာလဲ?
ယေရှုက“ငါ့သား၊ဒီအိမ်အခန်း၁၀ခန်းထဲမှာမင်းက၉ခန်းပိုင်ပြီးငါကတခန်းဘဲပိုင်နေတယ်လေ”
ယေရှုစကားမပြီးသေးခင်လူငယ်က
“ဟုတ်ပြီသခင်၊ဒါဆိုကျနော်တဝက်ပေးမယ်ဗျာ၊သခင်က အပေါ်ထပ်အကုန်နေ၊ကျနော်အောက်ထပ်နေမယ်”ဟုဆိုပြီးဆင်းလာခဲ့သည်။
နောက်နေ့မနက်
တံးခါးခေါက်သံတီတီတီမြည်ပြန်ပါပြီ၊လူငယ်လေးကစာတန်ဖြစ်မယ်ဆိုပြီးအင်မတန်ကြောက်ပြီးသွားမဖွင့်ရဲ၊ဒါပေမယ့်ပြန်စဥ်းစားတယ်၊ငါ့ဧည့်သည်ဖြစ်နေရင်ဘယ်လိုလုပ်မလဲဆိုပြီးတံခါးမဖွင့်ဘဲနဲနဲ လေးဟပြီးချောင်းကြည့်လိူက်တဲ့အခါ
“ဟာ…စာတန်ပါလား”
အမြန်ပိတ်မယ်လုပ်တော့စာတန်လည်းလည်တယ်၊အတင်းတိုးဝင်ပြန်ပါတယ်၊ဒီလိုနဲ့သူတို့တနေ့လုံးထွေးလုံးတွန်းကြရင်းညနေရောက်မှစာတန်ပြန်ထွက်သွားပါတယ်။
စာတန်ထွက်သွားပြီးတံခါးသော့ခတ်ရင်းချက်ချင်းပြန်သတိရလာတယ်“ယေရှုဘုရားငါ့အိမ်မှာရှိတာဘဲ၊မနေ့ကတခန်းဘဲပေးထားတာမို့မကူလို့ဆိုပြီးအပေါ်ခန်း၅ခန်းလုံး လည်းပေးထားပြီးပြီ၊ဘာလို့မလာကူညီတာလဲ”ဆိုပြီးချက်ချင်းပြန်တက်မေးပါတော့တယ်။
ယေရှုကလည်း“ငါ့သား၊ဒီအိမ်ပိူင်ရှင်ကမင်းလေ၊ငါ့ကိုမင်းအပိုင်မအပ်ထားဘူး၊ငါကဧည့်သည်ပါ၊ဆို တော့ဒီလိုလုပ်ပါငါ့သား၊မင်းဧည့်သည်လုပ်ပြီးငါအိမ်ရှင်ပေးလုပ်ကြည့်ပါလား?”
ဒီအချိန်မှလူငယ်လေးက
ယေရှုရှေ့ဒူးထောက်ခေါင်းငြိမ့်ပြီးအိမ်သော့အားလုံးကိုယေရှုဆီအပ်ပေးလိုက်ပါတော့တယ်။
ဒါပေမယ့်
နောက်နေ့မနက်မှာ
ခါတိုင်းလိုတံခါးခေါက်သံကြားရပြန်ပါပြီ…
လူငယ်လေးကစာတန်လာပြီဆိုပြီးထဖွင့်ရမှာအင်မတန်ကြောက်နေတယ်၊ငိုယိုပြီးကြောက်လန့်နေတဲ့အချိန်မှာခြေသံကြားလိုက်ပါတယ်၊
ဒါဘယ်သူလဲ?

ငါကအိမ်ပိုင်ရှင်မဟုတ်တော့ဘူးဘဲ၊အခုဆင်းဖွင့်နေတာအိမ်ပိုင်ရှင်ယေရှုဘဲဆိုတာသိလိုက်ရတဲ့အခါစိတ်အေးသွားရပါတော့တယ်။
ပြီးမှဘာထပ်ဖြစ်မလဲဆိုတာစိတ်ဝင်စားလို့ယေရှုနောက်ပုန်းပြီးလိုက်လာပါတယ်။
ယေရှုဘုရားက
ဘုရင်တကာဘုရင်
အရှင်တကာအရှင်
ဘုရားတကာဘုရားသခင်
အနေနဲ့တံခါးခေါက်နေတဲ့သူဆီသွားပြီးခပ်တည်တည်ဆွဲဖွင့်ပေးလိုက်တဲ့အခါမှာတော့……
စာတန်ဟာယေရှုကိုတွေ့တာနဲ့လန့်သွားပြီးဒူးထောက်လိုက်ရတာလူငယ်လေးမြင်လိုက်ရပါတယ်။
ပြီးတော့စာတန်က“ကျနော်တံခါးခေါက်မှားမိတာခွင့်လွတ်ပါအရှင်”ဆိုပြီးခပ်တုပ်တုပ်ထွက်ပြေးသွားတာမြင်လိုက်ပါ တော့သတဲ့။
……………………………………………..
ချစ်သောမိတ်ဆွေ
ဒီပုံပြင်လေးထဲကအိမ်ဟာသင်နဲ့ကျွန်ုပ်ရဲ့နှလုံးသားဖြစ်ပြီးအထဲကအခန်းဆယ်ခန်းဟာသင်နဲ့ကျွန်ုပ်ရဲ့စိတ်နှလုံးသားအခန်းတွေပါ။
ဟုတ်ပါတယ်
ယေရှုဟာသင့်နှလုံးသားတံခါးကိုခေါက်လျက်နေသူပါ၊သင်ဖွင့်ပေးပြီးပေးဝင်ထားတာမှန်ပေမယ့်သင့်နှလုံးသားထဲမှာယေရှုကိုဧည့်သည်အဖြစ်သာလက်ခံထားပြီးသင့်ဘဝသင်ဘဲမောင်းနင်နေတာပါ။ဒါကြောင့်စုံစမ်းနှောက်ယှက်ခြင်းလာတဲ့အခါသင်ဟာဒဏ်ရာဒဏ်ချက်တွေနဲ့လူးလိမ့်မောပမ်းနေရတာပါ။ယေရှုကိုယုံကြည်လက်ခံထားလျက်နဲ့ဘာကြောင့်ယေရှုမလာကူညီသလဲသင်မေးမိမှာပါဘဲ၊ဒါပေမယ့်သင်မေ့နေတာကယေရှုကိုသင်အခွင့်မပေးထားခဲ့တာပါ။သူဟာသင့်နှလုံးသားမှာရှိနေပေမယ့်ဧည့်သည်နေရာသာရထားတာမို့ပါ။တချို့ကအကုန်ပေးထားပေမယ့်ကိုယ့်ရဲ့ကိုယ်ပိုင်အခန်းဆိုပြီး“မဆိုင်သူမဝင်ရ”အခန်းမျိုးလုပ်ထားတုန်း၊အဲဒီမှာအပြစ်တွေတိုးတိုးတိတ်တိတ်လုပ်နေတဲ့အခန်းမို့ဘယ်သူ့ကိုမှပေးမဝင်ချင်ကြတာပါ၊တထောင့်တနေရာမှာမှောင်မိုက်တွေရှိနေတုန်းမို့ပါ။
ချစ်မိတ်ဆွေ
ယေရှုကိုသင့်နှလုံးသားပိုင်ရှင်နေရာပေးကြည့်ပါ၊ပုံအပ်လိုက်ကြည့်ပါ။သင်အပြစ်ပြုနေကျဖြစ်တဲ့ဘယ်သူမှမသိတဲ့၊ဘယ်သူမှပေးမဝင်ခဲ့တဲ့အခန်းအပါအဝင်အကုန်ပုံအပ်လိုက်ပါ။သင့်ဘဝကြီးအံ့ဩဘွယ်ပြောင်းလဲလာပါလိမ့်မယ်။စာတန်ကိုသင်ရင်ဆိုင်နေတာမဟုတ်ဘဲယေရှုလာရင်ဆိုင်တဲ့အခါဘယ်လိုဖြစ်လာမလဲဆိုတာသင်အံ့ဩစွာမြင်တွေ့ရပါလိမ့်မယ်။
သန့်ရှင်းသောဝိညာဉ်တော်အလင်းပေးပါစေ။

ဟေဗြဲဩဝါဒစာ2:14‭-‬15 ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သော​အား​ဖြင့်၊ သေ​ခြင်း​တ​ရား​ကို အ​စိုး​ရ​သော​သူ​တည်း​ဟူ​သော မာရ်​နတ်၏​တန်​ခိုး​ကို ချိုး​ဖဲ့​ဖျက်​ဆီး​ခြင်း​ငှာ​လည်း​ကောင်း၊- သေ​ဘေး​ကို​ကြောက်၍ တစ်​သက်​လုံး ကျွန်​ခံ​ရ​သော သူ​တို့​ကို ကယ်​လွှတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​ငယ်​တို့၏ နည်း​တူ အ​သွေး​အ​သား​ကို ဆောင်​ယူ​တော်​မူ၏။