စီရင်ခြင်း(၅)မျိုး
၁။ခရစ်တော်၏တရားပလ္လင်မှာစီရင်ခြင်း
၁သက်၄:၁၇အရယုံကြည်သူတွေအရင်ရှင်ပြန်ထမြောက်ပြီးအာကာသမှာစီရင်ခံမှာပါ။ဒီနေရာမှာကယုံကြည်သူတွေအသက်ရှင်ခဲ့တဲ့လုပ်ရပ်သီးသန့်စီရင်ခံရမှာဖြစ်ပါတယ်။ကယ်တင်ခြင်းရတဲ့သူများကိုသာစီရင်တဲ့အတွက်၊(ရောမ၈:၁အရ)အပြစ်ပေးခြင်းနဲ့ကယ်တင်ခြင်းရမရစီရင်တာမဟုတ်ပါဘူး၊ဆုပေးခြင်းသာဖြစ်ပါတယ်။ဒါကြောင့်သရဖူရမရကဒီစီရင်ခြင်းမှာခွဲသွားမှာပါ။
၂ကော၅:၁၀အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှာ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။
(အခြားကျမ်းညွန်း-၁ကော၃:၁၁-၁၅၊ ရောမ၁၄:၁၀-၁၂၊၁ ပေ၄:၁၇ဖတ်ရန်)
၂။ဣသရေလလူမျိုးကိုစီရင်ခြင်း
ဂျူးဖြစ်တဲ့ဣသရေလလူမျိုးအားလုံးခရစ်တော်ကိုမေရှိယအဖြစ်ယုံကြည်စေဖို့စီရင်ခြင်းပါ။ရောမ၉:၂၇အရဣသရေလတနိုင်ငံလုံးမဟုတ်ဘဲကျန်ရစ်နေတဲ့သုံးပုံတပုံသာဖြစ်ပါမယ်(ဇာခရိ၁၃:၇-၉)။
ရောမ၁၁:၂၆ထိုသို့ကျမ်းစာနှင့်အညီ၊ ဣသရေလလူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ်လွှတ်သောသခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသောအမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတ္တံ့။
(အခြားကျမ်းညွန်း-ဟေရှာ၁:2၅-၂၈၊ယေဇကျေလ၂၀:၂၄၊မာလခိ၄:၂၊လုကာ၁၉:၂၇၊မဿဲ၈:၁၂)။
၃။လူသားအားလုံးကိုစီရင်ခြင်း
သိုးနဲ့ဆိတ်ခွဲတဲ့စီရင်ခြင်းပါ။နဂိုကယုံကြည်သူမဟုတ်ဘဲဘေးဒဏ်ကြီးကာလမှနောင်တရပြီး၊ဘုရားသခင်ရဲ့လူဖြစ်တဲ့ကျန်ရစ်နေတဲ့ဂျူးတွေကိုဘယ်လိုကူညီခဲ့ကြောင်းစီရင်မှာပါ။နောင်တရပြီးကူညီခဲ့သူကသိုး(ကယ်တင်ခြင်းရသူများ)ဖြစ်ပြီး၊နောင်တမရမကူညီခဲ့သူကဆိတ်(ကယ်တင်ခြင်းမရသူများ)ဖြစ်ပါတယ်။ဒီနေရာမှာသတိထားရမှာကယုံကြည်ရုံနဲ့သာမရတော့ဘဲမိမိရဲ့အကျင့်အားဖြင့်ကယ်တင်ခြင်းရမရစီရင်တာပါ။(သိုးနဲ့ဆိတ်ဟာပုံဆောင်မှုသာဖြစ်ပါတယ်။)
မဿဲ၂၅:၃၁-၄၆လူသားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်၍၊- ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့် ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့၊ လူအပေါင်းတို့ကို အသီးအခြားခွဲ၍၊- သိုးတို့ကို လက်ယာတော်ဘက်၊ ဆိတ်တို့ကို လက်ဝဲတော်ဘက်၌ ထားတော်မူလတ္တံ့။
၄။ကောင်းကင်တမန်ကိုစီရင်ခြင်း
အပေါ်ကစီရင်ခြင်းတွေပြီးရင်လူမဟုတ်တဲ့ဖောက်ပြန်တဲ့ကောင်းကင်တမန်တွေကိုစီရင်မှာဖြစ်ပါတယ်။၂ပေ၂:၄အရအမှောင်ငရဲမှာချီနှောင်ထားတဲ့ကောင်းကင်တမန်တွေကိုစီရင်ပြီးစာတန်နဲ့အတူမီးအိုင်ထဲပစ်ထည့်မှာပါ(ဗျာ၂၀:၁၀)။ထူးခြားတာကဒီစီရင်ခြင်းမှာယုံကြည်သူကခရစ် တော်နဲ့အတူတရားသူကြီးနေရာပါဝင်ကြရမှာပါ(၁ကော၆:၃)။
ရှင်ယုဒ၁:၆ထိုမှတစ်ပါး၊ မိမိတို့အခွင့်အရာကို မစောင့်၊ မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့ကို၊ ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှာ၊ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ၏။
၅။ပလ္လင်ဖြူရှေ့စီရင်ခြင်း
ဒုတိယအကြိမ်ရှင်ပြန်ထမြောက်တဲ့မယုံကြည်သူများ၊ကမ္ဘာဦးစမှသေပြီးခဲ့တဲ့မယုံကြည်သူမှန်သမျှ(အသက်ရှင်နေတဲ့မယုံကြည်များမပါ၊သေပြီးတဲ့ယုံကြည်သူများလည်းမပါ၊ဗျာ၂၀:၆)၊သေပြီးတဲ့မယုံကြည်သူသီးသန့်ကိုစီရင်တဲ့နောက်ဆုံးသောစီရင်ခြင်းတခုပါ။အသက်စာစောင်နဲ့စံချိန်ထားပြီးအဲ့ထဲမှာနာမည်မပါတဲ့သူတိုင်း၊မိမိရဲ့လုပ်ရပ်(အခြားသောစာစောင်)အရငရဲမီးအိုင်ထဲပစ်ချခံကြရမှာပါ(ဗျာ၂၀:၁၅)။
ဗျာ၂၀:၁၁-၁၅တစ်ဖန်တုံ၊ ဖြူသောပလ္လင်ကြီးကိုလည်းကောင်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူကိုလည်းကောင်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။- သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတစ်ပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။
စာကြွင်း
တချို့ကနောက်ထပ်နှစ်မျိုးပါဝင်ပြီးစီရင်ခြင်း၇မျိုးလို့ပြောဆိုကြတာလဲရှိပါတယ်။
၁။ကားတိုင်ပေါ်ကစီရင်ခံခြင်း
ယုံကြည်သူတိုင်းအတွက်၊မိမိလုပ်ခဲ့တဲ့အပြစ်အားလုံးကိုယေရှုခရစ်တော်မှကားတိုင်ပေါ်မှာကိုယ်စားစီရင်ခံပေးခဲ့ခြင်းပါ။
၂။မိမိကိုယ်ကိုစီရင်ခြင်း
ယုံကြည်သူတွေဟာသန့်ရှင်းသောဝိညာဉ်တော်ရဲ့ဖော်ပြမှုအားဖြင့်လက်ရှိအသက်တာမှာမိမိအားနည်းပြီးပြုမိတဲ့အပြစ်အတွက်မိမိကိုယ်ကိုစီရင်ခြင်းပါ။