ယုံကြည်ခြင်းနဲ့အကျင့်
ကျွန်တော်တို့ကယ်တင်ခြင်းရတာဟာယုံကြည်ခြင်းတစ်ခုနဲ့ဘဲလား?သို့မဟုတ်ယုံကြည်ခြင်းနဲ့အကျင့်ကောင်းမှု(လုပ်ဆောင်မှု)ပါဝင်မှကယ်တင်ခြင်းရတာလား?ဆိုတာလူတွေခုထိဒွိဟဖြစ်နေကြပါတယ်။
ဒီမေးခွန်းထွက်လာရခြင်းကရှင်ပေါလုနဲ့ရှင်ယာကုပ်တို့ရဲ့ရေးသားချက်တချို့ကိုလူတွေနားမလည်လို့ဖြစ် ပေါ်လာရတာပါ။ဥပမာရှင် ပေါလုက(ရောမ၊ ၃း၂၈၊ ၅း၁ နှင့် ဂလာ၊ ၃း၂၄၊ ဧဖက်၂:၈-၉)အရကယ်တင်ခြင်းဟာယုံကြည်ခြင်းတခုကြောင့်သာရတယ်ဆိုပြီး၊ရှင်ယာကုပ်က(ယာကုပ်၊ ၂း၂၄)ထဲမှာယုံကြည်ခြင်းနဲ့အကျင့်ပေါင်းမှရသလိုဖြစ်နေလို့ပါ။
တကယ်တန်းတော့ပေါလုနဲ့ယာကုပ်တို့ဟာအချင်းချင်းကွဲပြားမှုမရှိပါဘူး၊ကျမ်းစာဟာဘုရားနူတ်တော်ထွက်မို့ဟာရှေ့နောက်မညီတာမျိုးလုံးဝ(လုံးဝ)မရှိပါဘူး။ကျနော်တို့သာနားမလည်သေးတာမို့ဆန့်ကျင်နေတယ်လို့ခံယူနေတာပါ။
ရှင်းရှင်းလေးပါ။
ကယ်တင်ခြင်းဟာယုံကြည်တာနဲ့ရပါပြီ။ဒါကျမ်းစာတခုလုံးရဲ့ဖော်ပြချက်မိန်းဘဲ။အကျင့်ကျင့်နိုင်မှရမယ်ဆိုရင်ယေရှုလာလုပ်ပေးစရာမလိုတော့ပါဘူး။ဒါဆိုရင်ယာကုပ်ကဘာကိုဆိုလိုပါသလဲ?ရှင်းပါတယ်၊ရှင်ယာကုပ်ကစစ်မှန်တဲ့ယုံကြည်ခြင်းတိုင်းမှာအကျင့်ပါလာတာကိုဆိုလိုပါတယ်။တနည်းအားဖြင့်ငါယုံကြည်ပါတယ်ဆိုပြီးဘာမှမပြောင်းလဲ၊ဘာမှပုံသက်သေမရှိဘဲနေရင်ဒီလူဟာပါးစပ်ဖျားကယုံကြည်တဲ့အတုသမားပါဆိုတဲ့သဘောပါ။ယုံကြည်ပါပြီဆိုတဲ့အကောင်းဆုံးသက်သေဟာအသက်တာမှာလက်တွေ့လုပ်ဆောင်မှုဖြစ်ပေါ်လာရခြင်းပါလို့(ယာကုပ်၂:၁၆-၁၇)အရနားလည်ရပါတယ်။အကျင့်ကျင့်နိုင်မှကယ်တင်ခြင်းရမယ်လို့ပြောနေတာမဟုတ်ပါဘူး။
ရှင်ပေါလုတင်ပြတာဟာကယ်တင်ခြင်းပိုင်းဖြစ်ပြီး၊ရှင်ယာကုပ်တင်ပြတာဟာယုံကြည်ခြင်းစစ်မစစ်ကြည့်တဲ့အသက်တာပိုင်းဖြစ်ပါတယ်။ခရစ်ယာန်အသက်တာအားဖြင့်ကယ်တင်ခြင်းရမရသက်သေထူနေတာမျိုးကိုဆိုလိုပါတယ်။တနည်းအားဖြင့်စစ်မှန်တဲ့ယုံကြည်ခြင်းဟာအကျင့်ပေါက်ဖွားလာတာကိုဆိုလိုပါတယ်။ပြောင်းပြန်လှည့်ပြောရရင်ယုံကြည်ပြီးနောက်၊အသက်တာမှာအကျင့်မပေါက်ဖွားလာရင်သေနေတဲ့ယုံကြည်ခြင်း(အတု)သာဖြစ်ကြောင်းဆိုလိုတာပါ။ဒါကြောင့်ရှင်ယာကုပ်ဟာအကျင့်ကျင့်နိုင်မှကယ်တင်ခြင်းရမယ်လို့ဆိုလိုနေတာမဟုတ်ဘဲ၊ယုံကြည်ခြင်းကြောင့်ဖြောင့်မတ်ရာရောက်သောသူဟာအကျင့်ရှိကိုးရှိရမယ်လို့ဆိုလိုတာပါ။
ရှင်ပေါလုကလည်းရှင်ယာကုပ်ရေးတဲ့အတိုင်းကယ်တင်ခြင်းရပြီးတဲ့ယုံကြည်သူအသက်တာမှာယုံကြည်ခြင်းရဲ့အသီးအပွင့်(ဝိညာဉ်အသီးများ)ရှိလာရမယ်ဆိုတာဂလာတိ၅:၂၂-၂၃မှာရေးထားပြီးသားပါ။နောက်ပြီးဧဖက်၂:၈-၁၀မှာလည်း၊ကောင်းမှုပြုဖို့ကယ်တင်ခြင်းခံရတာလို့သူဖော်ပြထားပါသေးတယ်။ပိုပြီးရှင်းလင်းတာက၂ကော၅:၁၇မှာလူဟာယုံကြည်တာနဲ့အသစ်ပြုပြင်သောသူ(ပြောင်းလဲမှုသက်သေ)ဖြစ်ကြောင်းဖော်ပြထားခြင်းပါဘဲ။
နိဂုံးချုပ်ရရင်
ရှင်ပေါလုနဲ့ရှင်ယာကုပ်တို့ဟာသ ဘောထားကွဲလွဲနေကြတာမဟုတ်သလိုမဆန့်ကျင်နေပါ။တူညီတဲ့ယုံကြည်ခြင်းအကြောင်းကိုမတူညီတဲ့ရှုထောင့်ကနေတင်ပြထားတာလေးပါ။ရှင်ပေါလုကယုံကြည်ခြင်းအားဖြင့်သာလျှင်ဖြောင့်မတ်ခြင်းရရှိတာလို့သွန်သင်ထားတာဖြစ်ပြီး၊ရှင်ယာကုပ်ကဒီယုံကြည်ခြင်းစစ်မစစ်ဆိုတာအကျင့်ကောင်းပါလာမပါလာကနေစစ်ဆေးခြင်းသာဖြစ်ပါတယ်။