ကောရိန္သုအသင်းတော်ရဲ့ပြဿနာ(၁၀)ရပ်
နိဒါန်း
အသင်းတော်ဆိုတာနောင်တရပြီး ယေရှုကိုယုံကြည်လာတဲ့အပြစ်သား တွေစုဝေးခြင်းပါ။ဒါကြောင့်ပြည့်စုံတဲ့အသင်းတော်ဆိုတာလောကမှာမရှိပါဘူး၊မပြည့်စုံတဲ့သူတွေမို့လည်းပြည်စုံဖို့ပြုပြင်နေရမြဲပါ။တချိန်ကဘုရားအသုံးတော်ခံရှင်ပေါလုကိုယ်တိုင်အစပြုခဲ့တဲ့ကောရိန္သုအသင်းတော်မှာလည်းအလားသူမပြည့်စုံမှုတွေရှိခဲ့ပါတယ်။အနည်းဆုံးပြစ်ချက်(၁၀)ချက်ကိုတွေ့ရပါမယ်။ဒါကိုရှင်ပေါလုကဘယ်လိုဖော်ပြဖြေရှင်းခဲ့လဲဆိုတာအကျဉ်းချုပ်လေ့လာတင်ပြပါမယ်။
၁။ဆရာအစွဲကြောင့်မသင့်မြတ်နိုင်ခြင်း
၁ကော၁:၁၀-၃၁ထိဖတ်တဲ့အခါကောရိန္သုအသင်းသားတွေဟာဆရာစွဲပြီးသူ့ဖန်ကိုယ့်ဖန်နဲ့အဖွဲ့၄ဖွဲ့(ပေါလု၊အာပေါလု၊ပေတရု၊ခရစ်တော်)ဆိုပြီးကွဲကုန်တာပါ။ ပေါလုကြောင့်ယုံကြည်လာသူဟာပေါလုအဖွဲ့၊အာပေါလုရဲ့စကားပြောကောင်းတာကိုကြိုက်သူကအာပေါလုအဖွဲ့၊ပေတရုဟာတမန်တော်အကြီးဆိုသူကပေတရုအဖွဲ့၊ခရစ်တော်အဖွဲ့ဆိုပြီးကျန်သူကိုခွဲခြားတာကခရစ်တော်ကွဲပြားဝါဒအဖွဲ့ဖြစ်နေကြတာပါ။ဒါကိုရှင်ပေါလုကဆရာစွဲမရှိဖို့တလုံးတဝရှိဖို့သွန်သင်ခဲ့ပါတယ်။
ယနေ့အသင်းတော်မှာလည်းအလားတူဆရာစွဲအဖွဲ့ကွဲတဲ့ပြဿနာကိုသတိထားရပါမယ်။ဒီဆရာကတော့တော်လို့၊ပညာရှိလို့၊အသင်းတော်တည်ထောင်သူမို့…စသဖြင့်ဆရာခွဲမျက်နာလိုက်ကွဲပြားနေရင်စာတန်ကျော့ကွင်းထဲရောက်သွားပါလိမ့်မယ်။ဆရာတွေအချင်းချင်းကလည်းမနာလိုကွဲပြားနေရင်စာတန်ရီနေပါလိမ့်မယ်။
၂။အပြစ်ရှိသူကိုဖုံးကွယ်ပေးထားခြင်း
၁ကော၅:၁-၁၃မှာလေ့လာကြည့်တဲ့အခါကောရိန္သုအသင်းသားထဲမှာတချို့ကမတရားသောမေထုန်ပြုသူရှိသလို၊အဘမယားကိုသိမ်းယူသူ တောင်ရှိနေပါတယ်။ပိုဆိုးတာကဒီအပြစ်လုပ်သူကိုအသင်းတော်ကသိသိကြီးနဲ့ဘာမှမဆုံးမသွန်သင်ဘဲဖုံးကွယ်ပေးထားတာပါ။ဒါကြောင့်လည်းရှင်ပေါလုကဒီလူတွေကိုသတိပေးဖို့၊နောင်တမရရင်အသင်းတော်ကနေနှင်ထုတ်ဖို့၊သူတို့နဲ့အပေါင်းသင်းမလုပ်ဖို့ထိမှာကြားခဲ့ပါတယ်။
ယနေ့အသင်းတော်တွေမှာလည်းအလားတူအပြစ်ပြုသူရှိနေရင်အပြစ်ကိုလိုက်ကာဗာလုပ်ပေးဖို့မဟုတ်ဘဲ၊မေတ္တာနဲ့သတိပေးပြီးနောင်တရ စေဖို့လိုပါတယ်။နောင်တမရရင်တော့အသင်းသားအရာကနေရပ်နားခိုင်းရပါမယ်။
၃။အချင်းချင်းတရားစွဲခြင်း
၁ကော၆:၆-၉မှာကောရိန္သုအသင်းသားတွေဟာပြဿနာနဲနဲပါးပါးဖြစ်ကြတာနဲ့မိခင်အသင်းတော်ကိုအကြောင်းမကြားမဖြေရှင်းခိုင်းဘဲ၊မယုံကြည်သူတရားသူကြီးဆီတခါထဲသွားတိုင်တာမျိုးလုပ်ကြတာရှိပါတယ်။ဒါကိုရှင်ပေါလုကပြဿနာကိုအရင်ဆုံးအသင်းတော်ကနေအရင်အကူညီစီရင်ပေးဖို့တောင်းဆိုသင့်ပြီး၊မရမှဘဲတရားရုံးသွားသင့်ကြောင်းဖော်ပြပါတယ်(တမန်၂၅:၁၁)။
ယနေ့အသင်းတော်ကအသင်းသားတွေလည်းအသင်းသားအချင်းချင်းဖြစ်တဲ့ပြဿနာကိုမိမိသင်းအုပ်ဆရာရဲ့ကြားဝင်စေ့စပ်ဖြေရှင်းမှုကိုအရင်ဦးဆုံးခံယူတတ်ဖို့လိုအပ်ပါတယ်။
၄။မတရားသောမေထုန်မှီဝဲခြင်း
၁ကော၆:၁၂-၂၀မှာရှင်ပေါလုစကားအရဆိုရင်ကောရိန္သုအသင်းသားတွေဟာယုံကြည်သူဖြစ်သွား ပေမယ့်လိင်မှုကျူးလွန်နေကြတုန်းပါ။ဖြစ်နိုင်ချေကနော့စတီအယူဝါဒအရဝိညာဥ်နဲ့ခန္ဓာကွဲပြားဝာာမို့ခန္ဓာအပြစ်ပြုရင်ဝိညာဥ်ကိုမထိခိုက်ဘူးဆိုပြီး(အားရပါးရအပြစ်လုပ်လို့ရပြီလို့)ခံယူကြတာလို့ထင်ပါတယ်။ဒါကိုရှင်ပေါလုကဘုရားပေးထားတဲ့ကိုယ်ခန္ဓာ၊ဝိညာဉ်တော်ကိမ်းဝပ်တဲ့ကိုယ်ခန္ဓာကိုမညစ်ညူးစေဖို့မှားကြားခဲ့ပါတယ်။
ယနေ့အသင်းတော်တွေအနေနဲ့လည်းခန္ဓာသန့်ရှင်းခြင်းနဲ့လိင်မှုကိစ္စမှာသန့်ရှင်းဖို့အမှုတော်ဆောင်ရောအသင်းသားတွေပါအထူးသတိထားအသက်ရှင်ဖို့လိုပါပေတယ်။
၅။အိမ်ထောင်ရေးအမြင်မှားခြင်း
၁ကော၇:၁-၁၄အရကောရိန္သုအသင်းသားတချို့တွေမှာအယူသည်းမှုတခုရှိတာတွေ့ရပါတယ်။အဲဒါကတော့လိင်မှုဟာညစ်ငြူးတဲ့အတွက်အိမ်ထောင်သည်တွေလည်းလိင်မှုမပြုသင့်ဘူး၊မုဆိုးမတွေလည်းအိမ်ထောင်ဆက်မပြုသင့်ဘူးလို့ခံယူကြတာပါဘဲ။ဒါကိုရှင်ပေါလုကလိင်မှုဟာအိမ်ထောင်သည်တွေအတွက်တော့အပြစ်မရှိကြောင်း၊အိမ်ထောင်မပြုဘဲကျူးလွန်ခြင်းသာလျှင်အပြစ်ဖြစ်ကြောင်း၊ဒါကြောင့်ကာမမချုပ်တည်းနိုင်ရင်အိမ်ထောင်ပြုသင့်ကြောင်း၊ချုပ်တည်းနိုင်ရင်တော့သူ့လိုလူပျိုကြီးလုပ်လည်းမွန်မြတ်ကြောင်းသွန်သင်ပါတယ်။
ယနေ့အသင်းတော်မှာလည်းအိမ်ထောင်ရေးနဲ့ကျား/မကိစ္စမှာသမ္မာကျမ်းစာအရခံယူမှုမှန်ကန်ဖို့လိုအပ်ပါပေတယ်။
၆။လွတ်ခြင်းအခွင့်ကိုအလွဲသုံးစားခြင်း
၁ကောအခန်းကြီး၈-၁၀ထိလေ့လာရင်ကောရိန္သုအသင်းသားတချို့ဟာခရစ်တော်၌လွတ်ခြင်းအခွင့်ရပြီလို့ခံယူပြီးအဲဒီအခွင့်ကိုအလွဲသုံးစားလုပ်နေကြတာတွေ့ရမှာပါ။ဥပမာရုပ်တု ရှေ့ပူဇော်သောအစာစား သောက်ခြင်းအမှုအားဖြင့်မိမိရဲ့လွတ်လပ်မှုကိုအလွဲသုံးစားလုပ်ပြီးညီအကိုတွေကိုထိမိလဲစရာဖြစ်စေတာမို့၊ဒီလိုမဖြစ်စေဖို့ပေါလုကသတိပေးခဲ့ပါတယ်။
ယနေ့အသင်းတော်တွေမှာလည်းသင်ခန်းစာယူစရာပါ။
၇။အမျိုးသမီးခေါင်းမဖုံးခြင်း
ကောရိန္သုမြို့ရဲ့ယဉ်ကျေးမှုဓလေ့အရပြည့်တန်ဆာကလွဲလို့ အမျိုးသမီးတိုင်းအပြင်သွားရင်ခေါင်းဖုံးဖုံးကြရပါတယ်။၁ကော၁၁:၁-၁၆ကိုလေ့လာရင်ယုံကြည်လာကြတဲ့အမျိုးသမီးတချို့ဟာခရစ်တော်၌ကျား/မတန်းတူဘဲဆိုပြီးအသင်းတော်မှာခေါင်းဖုံးမဖုံးကြတော့ပါ။ဒါကြောင့်ရှင်ပေါလုကအမျိုးသမီးတွေရေခံမြေခံခေတ်ကာလယဉ်ကျေးမှုအတိုင်းခေါင်းဖုံးဖို့ဆုံးမခဲ့တာပါ။
ယနေ့ခေတ်မှာတော့ခေါင်းဖုံးခြင်းမဖုံးခြင်းဖြင့်မိန်းမကောင်းမိန်းမမြတ်ဆိုပြီးခွဲခြားတာမရှိတော့တာမို့ခေါင်းဖုံးချင်သူဖုံးလို့ရသလိုမဖုံးလည်းထွေထူးတော့အပြစ်မရှိတော့ပါ။ဒါပေမယ့်ဒေသယဉ်ကျေးမှုအတိုင်းဝတ်စားတတ်ဖို့အရေးကြီးလှပါပေတယ်။
၈။လွဲမှားစွာပွဲတော်ခံယူခြင်း
၁ကော၁၁:၁၇-၃၄အရကောရိန္သုအသင်းတော်မှာပွဲတော်စားကြတဲ့အခါ“မေတ္တာထမင်းဝိုင်း”ဆိုတာရှိတယ်လို့ခန့်မှန်းရပါတယ်။ဒါကြောင့်ငွေချမ်းသာတဲ့သူဟာစားကောင်းသောက်ကောင်းတွေနဲ့မူးယစ်သောက်စားပြီးဆင်းရဲသားတွေကိုခွဲခြားကြတာမို့ဆင်းရဲသားတွေကပွဲတော်ချိန်မှာငတ်မွတ်နေကြရပါတယ်။ဒါကြောင့်ရှင်ပေါလုကပွဲတော်အနှစ်သာရကိုပြန်ရှင်းပြပြီး၊နားမလည်ဘဲဆက်မစားဖို့၊အပြစ်မလုပ်မိကြဖို့၊အတူတူစားကြဖို့သတိပေးခဲ့ပါတယ်(ယာကုပ်၁:၂၇)။
ယနေ့အသင်းတော်တွေမှာတော့ပွဲတော်ဝင်တိုင်းသောက်ကျူးမူးယစ်တာမရှိတော့ပေမယ့်၊နားမလည်ဘဲစားနေသူ၊အတူတူမစောင့်ဘဲစားသူ၊ဆင်းရဲသားကိုမငဲ့ညာသူတွေသင်ခန်းစာယူသင့်ပါပေတယ်။
၉။ဝိညာဉ်ဆုကျေးဇူးဆိုင်ရာခံယူမှုလွဲမှားခြင်း
၁ကော၁၂:၁-၄၀၊အခန်းကြီး၁၄ထိကိုလေ့လာရင်ကောရိန္သုအသင်းတော်မှာဝိညာဉ်ဆုကျေးဇူးရသူအများကြိးရှိနေတာတွေ့ရပါမယ်။ဒါပေမယ့်ဝိညာဉ်ဆုကျေးဇူးကိုဝါကြွားပြီးလွဲမှားစွာအသုံးပြုကြတာမို့အသင်းတော်ကရှုပ်ထွေးကွဲပြားလာတာပါ။ဥပမာအခြားသောဘာသာစကားကိုအလွန်ပြောကြပြီးအနက်ပြန်သူမရှိတာမျိုးပါ။ဒါကြောင့်ရှင်ပေါလုကဝိညာဉ်ဆုကျေးဇူးရှိသမျှဟာအသင်းတော်ဆိုတဲ့ခရစ်တော်ခန္ဓာတည်ဆောက်ဖို့ဖြစ်ကြောင်း၊အခြားသောဘာသာစကားပြောရင်အနက်ပြန်သူရှိရမှာဖြစ်ကြောင်း၊နားမလည်တဲ့ဘာသာစကားထက်နားလည်နိုင်တဲ့တရားစကားသာ၍ပြောဖို့လိုကြောင်း၊အကြီးမားဆုံးဝိညာဉ်ဆုကျေးဇူးဖြစ်တဲ့မေတ္တာကိုသာ၍လိုက်စားသင့်ကြောင်း၊ဘာလုပ်လုပ်အသင်းတော်မှာဖရိုဖလဲမဖြစ်စေဘဲအစီစဥ်တကျလုပ်ဖို့ဆုံးမသွန်သင်ခဲ့ပါတယ်။
ယနေ့အသင်းတော်မှာလည်းဝိညာဉ်ဆုကျေးဇူးပြိုင်ဖို့ထက်မေတ္တာထားပြီးတလုံးတဝဖြစ်ဖို့သာ၍အရေးကြီးလှပါပေတယ်။
၁၀။ရှင်ပြန်ထမြောက်ခြင်းမရှိဟုဆိုခြင်း
၁ကော၁၅:၁၂၊အခန်းကြီး၁၆ထိလေ့လာရင်တော့ကောရိန္သုအသင်းသားတချို့မှာယုံကြည်သူတွေသေပြီးရင်ရှင်ပြန်ထမြောက်ခြင်းမရှိဘူးလို့ခံယူမှုရှိနေတာတွေ့ရမှာပါ။ဒါကြောင့်ရှင်ပေါလုကရှင်ပြန်ထမြောက်ခြင်းမုချရှိမှာဖြစ်ကြောင်း၊ရှင်ပြန်ထမြောက်ခြင်းဟာယုံကြည်မှုရဲ့အဓိကအရာဖြစ်ကြောင်း၊ရှင်ပြန်ထမြောက်မှုမရှိရင်ငါတို့ယုံကြည်နေတာအလဟသဖြစ်သွားနိုင်ကြောင်းဖော်ပြပြီးခိုင်ခံ့စေခဲ့ပါတယ်။
ယနေ့အသင်းတော်အနေနဲ့လည်းယုံကြည်မှုရဲ့အဓိကမျော်လင့်ချက်ဖြစ်တဲ့ရှင်ပြန်ထမြောက်ခြင်းတရားမှာခိုင်မှာတည်ကြည်နေဖို့အမြဲလိုအပ်ပါပေတယ်။
နိဂုံး
ကောရိန္သုအသင်းတော်ရဲ့ပြဿနာ၁၀ရပ်ကတော့
၁။ဆရာအစွဲကြောင့်မသင့်မြတ်နိုင်ခြင်း
၂။အပြစ်ရှိသူကိုဖုံးကွယ်ပေးထားခြင်း
၃။အချင်းချင်းတရားစွဲခြင်း
၄။မတရားသောမေထုန်မှီဝဲခြင်း
၅။အိမ်ထောင်ရေးအမြင်မှားခြင်း
၆။လွတ်ခြင်းအခွင့်ကိုအလွဲသုံးစားခြင်း
၇။အမျိုးသမီးခေါင်းမဖုံးခြင်း
၈။လွဲမှားစွာပွဲတော်ခံယူခြင်း
၉။ဝိညာဉ်ဆုကျေးဇူးဆိုင်ရာခံယူမှုလွဲမှားခြင်း
၁၀။ရှင်ပြန်ထမြောက်ခြင်းမရှိဟုဆိုခြင်း။