ယေရှုသုံးကြိမ်မျက်ရည်ကျခြင်း
နိဒါန်း
သမ္မာသစ်ကျမ်းမှာယေရှုခရစ်မျက်ရည်သုံးကြိမ်ကျခဲ့ကြောင်းဖော်ပြတာတွေ့ရှိပါတယ်။ဘယ်နေရာမှာဘာအတွက်ကြောင့်မျက်ရည်ကျခဲ့ရတာလဲ?ဘာသင်ခန်းစာယူစရာရှိလဲဆိုတာအကျဉ်းချုပ်တင်ပြပါမယ်။
၁။လာဇရုသေခြင်းမှာမျက်ရည်ကျခြင်း
(ရှင်ယောဟန်ခရစ်ဝင်၁၁:၃၅ ယေရှုသည်မျက်ရည်ကျတော်မူ၏။)
သမ္မာကျမ်းစာတအုပ်လုံးရဲ့အတိုဆုံးကျမ်းချက်ဖြစ်ပါတယ်။မာရိမာသရဲ့မောင်လာဇရုသေသွားတာကိုပြန်လည်ရှင်ပြန်ထမြောက်ပေးဖို့သင်္ချိုင်းမှာသွားချိန်မျက်ရည်ကျခဲ့တာပါ။လာဇရုပြန်ရှင်လာမယ်ဆိုတာသိရက်သားနဲ့ယေရှုခရစ်မျက်ရည်ကျခဲ့ရခြင်းဟာ
(၁)သေခြင်းဟာအပြစ်သားတွေကိုချုပ်နှောင်ထားတာမြင်ရလို့၊လူတိုင်းကိုသနားလို့မျက်ရည်ကျခဲ့တာပါ။လာဇရုပြန်ရှင်လာရင်လဲတနေ့ပြန်သေရမှာကြိုသိနေလို့၊အပြစ်ကနေလူတိုင်းသေနေတာမို့လူတိုင်းကိုသနားခြင်းပါ။
(၂)မာရိအပါအဝင်၊လူအုပ်ကြီးက ယေရှုကိုမယုံကြည်ကြလို့ပါ။ပိုဆိုးတာကဒီကိစ္စကြောင့်ဘာသာရေးခေါင်းဆောင်တွေဟာယေရှုကိုသတ်ဖို့စတင်ကြံစည်ကြတော့မှာမို့ပါ(ယော၁၁:၅၃)။
(၃)ယေရှုခရစ်ဟာဘုရားမှလူလာလုပ်တာမို့၊သူသည်ဝမ်းနည်းတတ် ကြောင်း၊၁၀၀%လူဖြစ်ကြောင်းဖော်ပြတာပါ။ယနေ့ယုံကြည်သူတွေသေရင်ကောင်းကင်ရောက်မယ်၊တချိန်ရှင်ပြန်ထမြောက်မယ်ဆိုတာသိကြပေမယ့်လူဖြစ်တဲ့အတွက်မိသားစုသေရင်ဝမ်းနည်းမျက်ရည်ကျတတ်သလိုပါ။
ချစ်သောမိတ်ဆွေ၊သင့်အပြစ်ကြောင့်သင်ထာဝရသေသွားမှာကိုယေရှုခရစ်ဝမ်းနည်းနေပါတယ်၊သင်ထာဝရအသက်ရဖို့သူ့ကိုယုံကြည်လက်ခံဖို့သူစောင့်နေပါတယ်။ယုံကြည်ပြီးသူတွေအတွက်ယေရှုခရစ်ကိုသင်အကြွင်းမဲ့ဆက်ယုံကြည်ဖို့လိုပါတယ်၊သင်မယုံသင်္ကာဖြစ်တိုင်းသူဝမ်းနည်းနေမှာပါ၊အကြွင်းမဲ့ယုံကြည်အပ်နှံလိုက်ပါ။
၂။ယေရုစလင်မြို့အတွက်မျက်ရည်ကျခြင်း
(ရှင်လုကာခရစ်ဝင်၁၉:၄၁ယေရုရှလင်မြို့အနီးသို့ ရောက်၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ၍…။)
သခင်ယေရှုဟာလူသားတွေအတွက်အသေခံဖို့မြည်းကလေးစီးပြီးယေရုစလင်မြို့ကိုဝင်တဲ့အချိန်ပါ။လူတွေကသူတို့ကိုရောမစစ်အာဏာရှင်စနစ်ကနေကယ်တင်ပေးမဲ့သူလာပြီလို့ခံယူပြီး“ဟောရှဏ္ဏဖြစ်စေသတည်း”ဆိုပြီးအမြန်လာကယ်တင်ဖို့ကြိုဆိုခဲ့ကြပါတယ်။ဒါပေမဲ့ယေရှုခရစ်ကတော့ငိုကြွေးခဲ့ပါတယ်၊ဘာကြောင့်လဲဆိုတော့
(၁)ယေရှုခရစ်လာရခြင်းဦးတည်ချက်ကိုမြို့သူမြို့သားတွေမသိဘဲ၊ယေရှုကိုခေတ္တလွတ်လပ်ရေးရဖို့ရောမစစ်အာဏာရှင်ကိုတိုက်ထုတ်မည့်သူလို့သာခံယူပြီး၊ထာဝရလွတ်လပ်ခြင်းကိုရဖို့လာကယ်တင်သူဖြစ်ကြောင်းကိုမသိကြလို့ပါ။
(၂)ဒီမြို့ကလူတွေဟာဘုရားကိုမသိကြဘဲစိတ်မာပြီးကယ်တင်ရှင်ကိုဖမ်းစီး၊ကားစင်တင်သတ်မဲ့သူဖြစ်နေကြလို့ပါ။
(၃)ဘုရားကျေးဇူးကိုမသိကြလို့၊ရောမစစ်အာဏာကိုပုန်ကန်ပြီးတမြို့လုံးပြာကျရမှာယေရှုကြိုသိနေတာမို့ပါ(လုကာ၁၉:၄၂-၄၄)။
ယနေ့ယုံကြည်သူခရစ်ယာန်တွေလည်းထာဝရကယ်တင်ခြင်းကိုဦးထိပ်မထားဘဲခေတ္တအရာကိုသာဦးထိပ်ထားပြီးကယ်တင်ရှင်ကိုပုန်ကန် နေရင်၊ယေရှုခရစ်ဝမ်းနည်းမျက်ရည်ကျနေရမှာသေချာပါတယ်။နောင်တရပြောင်းလဲဖို့လိုပါတယ်။
၃။ဂေသရှေမန်တွင်မျက်ရည်ကျခြင်း
(ဟေဗြဲ၅:၇ထိုခရစ်တော်သည် လူဇာတိအဖြစ်၌နေစဉ်ကာလ၊သေခြင်းမှ ကယ်လွှတ်နိုင်တော်မူသောသူကို၊ ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပတ္ထနာပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု၌ ချမ်းသာရသည်ဖြစ်၍…။)
ဒီကျမ်းချက်ဟာခရစ်တော်အသေမခံခင်(မဿဲ၂၆:၃၈၊လုကာ၂၂:၄၂)အရ၊ဂေသရှေမန်ဥယျာဉ်မှာဆုတောင်းရင်းမျက်ရည်ကျတာဖြစ်ကြောင်းအနက်ပြန်ကျမ်းတွေမှာတညီတညွတ်ထဲဖော်ပြကြပါတယ်။
ဒီနေရာမှာယေရှုခရစ်ဆုတောင်းရင်းမျက်ရည်ကျရခြင်းဟာ
(၁)လူတွေရဲ့အပြစ်ကိုသယ်ပိုးရ တော့မှာမို့၊ခမည်းတော်ဘုရားရဲ့စွန့်လွတ်ခြင်းနဲ့စီရင်ခြင်းကိုခံရတော့မှာမို့ပါ။
(၂)လူဇာတိအနေနဲ့လူးသားတယောက်ခံရမဲ့အနာကျင်ဆုံးအချိန်ရောက်လာတော့မှာမို့ပါ။
(၃)လူတွေဟာဒီလောက်ကြီးမားတဲ့စီရင်ခြင်းကိုမသိကြဘဲအပြစ်ဆက်လုပ်နေကြတာ ကိုယ်တိုင်ခံစားရလို့ပါ။
ယနေ့ကျနော်တို့အသက်တာထဲမှာ၊အပြစ်ဆိုတဲ့အရာကိုပေါ့ပေါ့သေးသေးတွက်ပြီးနေရာပေးနေသေးရင်၊ခရစ်တော်သင့်အတွက်ဝမ်းနည်းနေမှာအမှန်ပါဘဲ။ယုံကြည်ပြီးကယ်တင်ခြင်းရခဲ့တာဟာသင်ဘာမှလုပ်စရာမလိုခဲ့ဘူးဆိုပြီးတန်ဖိုးမမဲ့စေချင်ပါ၊ခရစ်တော်ဟာသင့်အပြစ်အတွက်ဘယ်လောက်နာကျင်ခံရပြီးပေးဆပ်သွားကြောင်းနားလည်ဖို့လိုပါတယ်။
နိဂုံး
ယေရှုခရစ်လူ့ဇာတိခံနေတုန်းမှာသုံးကြိမ်မျက်ရည်ကျခဲ့တာတွေကတော့
၁။လာဇရုသေခြင်းမှာမျက်ရည်ကျခြင်း
၂။ယေရုစလင်မြို့အတွက်မျက်ရည်ကျခြင်း
၃။ဂေသရှေမန်တွင်မျက်ရည်ကျခြင်း
ဖြစ်ပါတယ်။