ဣသရေလ(၁၂)မျိုးထဲကလေဝိလူမျိုး
ယုံကြည်သူတချို့ကလေဝိလူမျိုးဟာဣသရေလ(၁၂)မျိုးဝင်မဟုတ်ဘူးဆိုပြီးဆရာတစ်ဦးရေးထားတာလာပြလို့၊လေဝိလူမျိုးဟာဣသ ရေလ(၁၂)မျိုးအဝင်ဖြစ်ကြောင်းသက်သေနဲနဲချပြပါမယ်။ဘယ်သူ့ကိုမှတိုက်ခိုက်လိုခြင်းမဟုတ်ပါ၊စာဖတ်သူတွေအမြင်ကျယ်လာပြီးလွတ်လပ်စွာခံယူလို့ရအောင်ပါ။လေဝိဟာဣသရေလအမျိုး၁၂မျိုးထဲပါရခြင်းက…
၁။ဣသရေလဆိုတာယာကုပ်ရဲ့အမည်သစ်မို့ပါ၊ဣသရေလ၁၂မျိုးဆိုတာလည်းယာကုပ်သား၁၂ယောက်ကိုဆိုလိုပါတယ်။ဒါကြောင့်ဣသ ရေလအမျိုးလို့ပြောရင်လေဝိမပါဘူးပြောမရပါ။
(ရာဇဝင်ချုပ်ပထမစောင်၂:၁-၂ဣသရေလ၏သားများဟူမူကား၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊ ဒန်၊ ယောသပ်၊ ဗင်္ယာမိန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။)
(ထွက်မြောက်ရာ၁:၁-၅လည်းဖတ်ကြည့်ပါ)။
၂။ရာဇဝင်ချုပ်ပထမစောင်အခန်းကြီး၂၃မှာလေဝိအနွယ်ဝင်ကိုသေချာဖော်ပြပြီး၊မောရှေသားတွေကိုတောင်လေဝိအမျိုးစာရင်းထဲသွင်းကြောင်းတိကျစွာဖော်ပြပါတယ်။
(ရာဇဝင်ချုပ်ပထမစောင်၂၃:၁၄ဘုရားသခင့်လူ မောရှေ၏သားကိုကား၊ လေဝိအမျိုးသားတို့၏စာရင်း၌သွင်းရ၏။)
၃။ဒါဝိဒ်တပ်တော်မှာကိုးကွယ်မှုဆိုင်ရာလမ်းပြဖို့လေဝိအမျိုးပါဝင်တာသတိပြုပါ။
(ရာဇဝင်ချုပ်ပထမစောင်၁၂:၂၆မှာ“လေဝိအမျိုးသား လေးထောင်ခြောက်ရာ၊”ဆိုပြီးတိကျစွာ ရေးထားပါတယ်။)
၄။ပိုသေချာစေတာကဗျာဒိတ်ကျမ်း၇:၇မှာလေဝိအမျိုးတံဆိပ်ခတ်ခြင်းကိုအတိအကျဖော်ပြထားပါတယ်။
(ဗျာ၇:၇ရှိမောင်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ လေဝိ အမျိုးထဲက တစ်သောင်းနှစ်ထောင် ၊ ဣသခါအမျိုးထဲက တစ်သောင်းနှစ်ထောင်၊)
၅။ပရောဖက်ယေဇကျေလကလည်းဣသရေလအမျိုးထဲလေဝိပါဝင်ကြောင်းဖော်ပြခဲ့ပါတယ်။
(ယေဇကျေလ၄၈:၃၁ မြို့တံခါးတို့သည် ဣသရေလအမျိုးအနွယ်တို့ အမည်ကို ဆောင်လျက်၊ မြောက်ဘက်၌ ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးတည်းဟူသော တံခါးသုံးပေါက် ရှိရမည်။)ဒါကိုဗျာ၂၁:၁၂မှာလည်းအတည်ပြုထားပါတယ်။
၆။ကျမ်းစာတအုပ်လုံးလေ့လာရင်“လေဝိအမျိုး”ဆိုပြီးအများကြီးအသုံးပြုထားတာတွေ့ရမှာပါ။သတိထားရမှာကစစ်တိုက်တာတို့တခြားလောကီရေးရာတို့မှာလေဝိအမျိုးကိုမဖော်ပြပါဘူး၊သူတို့ကဒါတွေလုပ်စရာမလိုလို့ပါ။ဒါပေမယ့်အမျိုးအနွယ်ဆိုင်ရာသီးသန့်ရေတွက်ရင်တော့လေဝိပါနေတာ အပေါ်ကကျမ်းချက်တချို့ကြည့်ပြီးသတိပြုပါ။
၇။တချို့ဆရာတွေက(တော၁:၄၇-၄၉)အရလေဝိလူမျိုးကဣသရေလ၁၂မျိုးထဲမပါဘူးဆိုကြပါတယ်။ဒီနေရာမှာလေဝိကိုမရေတွက်ခြင်းဟာစစ်တိုက်ဖို့မို့လို့ဆိုတာတာသတိပြုပါ။လေဝိတွေကဘုရားအမှုဆောင်တာမို့စစ်တိုက်ဖို့ရေတွက်တဲ့အခါမလိုအပ်(မပါ)ခိုင်းတာပါ(တော၃:၅-၁၃)။ဒါကိုဣသ ရေလ၁၂မျိုးထဲလေဝိလူမျိုးမပါဘူးပြောရင်မှားပါမယ်။ဘုရားသခင်ကိုယ်တိုင်“လေဝိလူမျိုး”ဆိုပြီးအသိမှတ်ပြုထားပါတယ်(စံမီ)။လေဝိအမျိုးကိုရေတွက်ခိုင်းတာဖတ်ချင်ရင်တောလည်ရာအခန်းကြီး၃ကိုဖတ်ပါ။
၈။နောက်ပြီး(တော၁၈:၂၃-၂၄နဲ့တရား၁၀:၈-၉)အရဣသ ရေလ၁၂မျိုးထဲလေဝိမပါဘူးပြောခြင်းဟာမှားပါတယ်။အဲဒီကျမ်းချက်ကလေဝိတွေဟာဘုရားအမှုဆောင်မို့အမွေသီးသန့်ခွဲပေးစရာမလိုတော့ဘဲ၊ကျန်အမျိုးရဲ့၁၀/၁ဟာသူတို့အမွေဖြစ်ကြောင်းဖော်ပြနေတာဖြစ်ပါတယ်။ဒါကြောင့် ယောရှုမှတ်စာ၂၁မှာအမွေခွဲတဲ့အခါလေဝိတွေကဣသရေလူ၁၂မျိုး(ယောသပ်သားနှစ်ယောက်ပါ)ရတဲ့ထဲကနေပြန်ခွဲယူပြီးဖြန့်ကျက်နေထိုင်ရပါတယ်။ကိုးကွယ်မှုလမ်းပြဖို့ပါ။
၉။လေဝိအမျိုးဟာဣသ ရေလအနွယ်(အစ္စရေးအနွယ်)ဝင်မဟုတ်ဘူးပြောရင်ဖြေရှင်းရမှာက-လေဝိလူဖြစ်တဲ့မောရှေ၊အာရုန်၊မိရိအံအပါအဝင်၊ဓမ္မသစ်ထဲကဗတ္တိဇံဆရာယောဟန်၊ဗာနဗ(တမန်၄:၃၆)စသဖြင့်…ဒီလူတွေဟာအစ္စရေးလူမျိုးမဟုတ်ဘူးဆိုလိုရာရောက်ပါမယ်။ဒါဆိုရင်ဒီလူတွေကတပါးအမျိုးသားတွေလားဖြေရှင်းကြည့်ပါ။အစ္စရေးလူမျိုးတော့ဟုတ်ပြီးအနွယ်ဝင်မဟုတ်ဘူးဆိုတဲ့ရှေ့နောက်မညီစကားပြောတာမျိုးတော့အခြေမြစ်မရှိဘူးလို့ပြောချင်ပါတယ်။ဒါကဘာနဲ့တူလဲဆိုတာကျနော်ကတရုတ်လူမျိုးဖြစ်ပြီးတရုတ်အနွယ်ဝင်တော့မဟုတ်ဘူးဆိုတာနဲ့တူပါတယ်။ရှေ့နောက်ကိုက်ညီမှုမရှိတာပါ။
၁၀။နောက်တခုက
ယောသပ်ရဲ့သား၂ယောက်ဟာဣသရေလ(၂)မျိုးလို့မမှတ်ဘဲတစ်မျိုးသာသတ်မှတ်ပါတယ်။အမွေခွဲချိန်နှစ်မျိုးစာရတာဖြစ်ပါတယ်။
(ယောရှု၁၄:၄ ယောသပ်အမျိုးသားတို့သည် မနာရှေအမျိုး၊ ဧဖရိမ်အမျိုး နှစ်မျိုးဖြစ်၍၊ လေဝိသားတို့နေစရာမြို့၊သူတို့တိရစ္ဆာန်နှင့် ဥစ္စာကိုထားစရာမြို့နယ်မှတစ်ပါး အခြားသောမြေကို မပေး။)
ယောသပ်သားနှစ်ယောက်(ဧဖရိမ်၊မနာရှေ)ကိုယာကုပ်ကသားအဖြစ်မွေးစားတဲ့သဘောဖြစ်ပြီး၊ယောသပ်ရဲ့ကျေးဇူးကြောင့်တဆွေတမျိုးလုံးအီဂျစ်မှာအသက်ချမ်းသာရတာမို့ယာကုပ်က ယောသပ်ကိုသားကြီးအရာအမွေ၂ဆ(ဧဖရိမ်နဲ့မနာရှေ)ကိုပေးခဲ့တာပါ။
(၁ရာချုပ်၅:၁-၃ရုဗင်သည် ဣသရေလ၏သားဦးဖြစ်သော်လည်း၊ အဘအိပ်ရာကို ညစ်ညူးစေသောကြောင့်၊ သားဦးအရာကိုနုတ်ပြီးလျှင်၊ ဣသရေလ၏သားဖြစ်သော ယောသပ်၏သားတို့အားပေးသည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကိုမှတ်သောအခါ၊ သားဦးအရာကိုလိုက်၍ မမှတ်ရ။ ယုဒသည်လည်း ညီအစ်ကိုတို့တွင်လွန်ကဲ၍ သူ၏အမျိုးထဲက မင်းဖြစ်တတ်သော်လည်း၊ သားဦးအရာကိုမရ၊ ယောသပ်ရ၏။)(ဆက်ပြီးဒီကျမ်းလေ့လာကြည့်ပါ။ယောရှု၁၃:၁၄၊ကမ္ဘာ၄၇:၁၁-၁၂)။
ဒါကြောင့်ယောသပ်သားနှစ်ယောက်ဟာအမွေခွဲတဲ့အခါတယောက်တနေရာစီရခဲ့ကြတာပါ၊လေဝိအမျိုးကဘုရားအမှုဆောင်မို့အမွေသီးသန့်မရဘဲ၊လေဝိအစားယောသပ်သား၂ယောက်ကိုထည့်သွင်းဖော်ပြပြီး(၁၂)နေရာအဖြစ်ဖော်ပြထားတာပါ။(ယောသပ်နဲ့ လေဝိ မပါတာပါ)။ဒါကိုကြည့်ပြီးလေဝိကဣသရေလအမျိုးထဲမပါဘူးပြောခြင်းဟာမမှန်ကန်ကြောင်းနားလည်ရပါမယ်။
နိဂုံးချုပ်ဆိုရသော်
စစ်တိုက်ခြင်း၊အမွေခွဲခြင်း၊လောကီအမှုရေးရာမှာလေဝိကိုထည့်သွင်းမ ဖော်ပြထားဘဲသူ့အစားယောသပ်သားနှစ်ယောက်ကိုဖော်ပြပြီး(၁၂)မျိုးမှတ်ပါတယ်(ယောသပ်ကိုလည်းမဖော်ပြပါ)။ဒါပေမယ့်ဒါကိုကြည့်ပြီးလေဝိကဣသရေလ၁၂မျိုးထဲမှာမပါဘူးပြောရင်မှားပါတယ်။အမှန်ကယောသပ်သားနှစ်ယောက်ဟာသူ့အဖေသားဦးအရာ(အမွေနှစ်ဆ)ရလို့အမျိုးအနွယ်တစ်မျိုးစီဖော်ပြခံရတာလေးဖြစ်ပါတယ်။လေဝိအမျိုးသည်ဗျာဒိတ်ကျမ်းအထိဖော်ပြခံရတဲ့ဣသရေလအမျိုးအနွယ်ဝင်စင်စစ်ဖြစ်ပါတယ်။