• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မနာလိုခြင်းရဲ့ဆိုးကျိုး(၇)မျိုး

ဆရာရဲမင်း

11 月 18, 2024

မနာလိုခြင်းရဲ့ဆိုးကျိုး(၇)မျိုး

နိဒါန်း
မာန်မာနဆိုတာကိုယ်ကသူများထက်သာနေလို့သူများကိုအထင်သေးခြင်းဖြစ်ပြီး၊မနာလိုခြင်းဆိုတာကတော့သူများကကိုယ့်ထက်သာနေလို့စိတ်ထဲကနေမုန်းတီးခြင်းတမျိုးပါ။မာန်မာနကကိုယ့်ကိုမျက်စိကန်းစေသလို၊မနာလိုစိတ်ရှိခြင်းက‌တော့ဆိုးကျိုးနဲ့နိဂုံးချုပ်ရစမြဲပါ။သမ္မာကျမ်းစာအရမနာလိုခြင်းရဲ့ဆိုးကျိုး(၇)မျိုးကိုဖော်ပြပါမယ်။

၁။ကာဣနမှအာဗေလကိုမနာလိုခြင်း
ကမ္ဘာ၄:၁-၁၂မှာအာဒံဧဝရဲ့သားနှစ်ယောက်ဖြစ်တဲ့ကာဣနနဲ့အာဗေလအတူတူယဇ်ပူဇော်ကြတဲ့အခါ၊ကာဣနကညီအာ‌ဗေလကို(စိတ်ထား‌အရ ရောပူဇော်သကာအရကော)သူ့ထက်သာနေလို့ဆိုပြီးမနာလိုစိတ်ရှိလာပါတယ်။ဒါကိုဘုရားသခင်ကသတိပေးခဲ့ပေမဲ့ကာဣနကတော့ဆက်ပြီးမနာလိုဖြစ်ရင်းညီအရင်းကိုသတ်တဲ့အထိမှားခဲ့ပါတယ်။ဒါကြောင့်လဲတသက်လုံးကျိန်ခြင်းနဲ့ဘဲအသက်ရှင်ခဲ့ရပါတယ်။
မနာလိုခြင်းကကိုယ်တိုင်တသက်လုံးကျိန်ခြင်းခံရနိုင်တာမို့၊မနာလိုခြင်းမှလူတိုင်းကင်းဝေးပါစေ။

၂။ဖိလိတ္တိလူများဣဇက်ကိုမနာလိုခြင်း
ကမ္ဘာ၂၆:၁၂-၃၃မှာဣဇက်ကိုဘုရားကောင်းကြီးပေးလို့ကြီးပွားလာတဲ့အခါနယ်မြေခံလူဖြစ်တဲ့ဖိလိတ္တိလူတွေကသူ့ကိုမနာလိုဖြစ်လာကြပါတယ်။‌တူးတဲ့တွင်းတိုင်းရေမထွက်လို့ဣဇက်တူးတဲ့‌ရေတွင်းတိုင်းကိုအနိုင်ကျင့်လုယူကြပါတယ်။ဣဇက်တူးတဲ့ရေတွင်းတိုင်းရေထွက်လို့ပါ။ဣဇက်ကမနာလိုအနိုင်ကျင့်ခံရပေမဲ့တန်ပြန်မတုန့်ပြန်ဘဲသီးခံနောက်ဆု‌တ်ပေး‌တာမို့ပိုပြီးကြီးပွားလာခဲ့ပါတယ်။နောက်ဆုံးရန်သူတွေတောင်သူ့ကိုလာပြီးသစ္စာပြုရတဲ့အထိပါဘဲ။
မနာလိုခြင်းကအမင်္ဂလာတာဖြစ်တတ်တာမို့ဘာလုပ်လုပ်အောင်မြင်မှာမဟုတ်ပါ၊မနာလိုခြင်းမှလူတိုင်းကင်းဝေးပါစေ။

၃။အကိုတွေကယောသပ်ကိုမနာလိုခြင်း
ကမ္ဘာ၃၇:၁၁မှာအကိုတွေကယောသပ်ကိုငြူစူ(မူရင်းမှာမနာလို)ဖြစ်ကြတယ်လို့ဖော်ပြပါတယ်။ဘာလို့လဲဆိုတော့ ယောသပ်ရဲ့ထူးခြားတဲ့အိမ်မက်နဲ့ဖခင်ပေးတဲ့ရောင်စုံအင်္ကျီကြောင့်ပါ။အကိုတွေရဲ့မနာလိုခြင်းကညီအရင်းကိုတောင်အီဂျစ်ကိုရောင်းစားတဲ့ထိဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့မနာလိုသူကဘဲဆင်းဆင်းရဲရဲနေရပြီးအီဂျစ်ဂျစ်မှာရောင်းစားခံရခဲ့ရတဲ့ယောသပ်ကိုတော့ဘုရားကချီးမြောက်ခဲ့ပါတယ်။
မနာလိုခြင်းကကိုယ့်ကိုပြန်ဆင်းရဲစေနိုင်တာမို့၊လူတိုင်းမနာလိုခြင်းမှကင်းဝေးပါစေ။

၄။ရှောလုကဒါဝိဒ်ကိုမနာလိုခြင်း
၁ရာ၁၈:၆-၁၄ကိုသေချာဖတ်ကြည့်တဲ့အခါ၊ရန်သူဂေါလျက်ကိုအနိုင်ရခဲ့တဲ့ဒါဝိဒ်ငယ်လေးကိုလူတကာချီးမွမ်းကြလို့၊ရှင်ဘုရင်လုပ်နေတဲ့ရှောလုကမနာလိုစိတ်စတင်ရှိလာခဲ့တာပါ။သူမနာလိုလေလေဘုရားကဒါဝိဒ်ကိုချီးမြောက်လေလေဖြစ်နေတော့နောက်ဆုံးဒါဝိဒ်ကိုလိုက်သတ်တဲ့အထိဖြစ်လာခဲ့ပါတယ်။
ရှောလုရဲ့မနာလိုစိတ်ကြောင့်
(၁)ဘုရားဝိညာဉ်သူ့ဆီကထွက်သွားပြီးနတ်ဆိုးဝင်လာတယ်။
(၂)လူထုထောက်ခံမှုမရှိတော့ဘူး။
(၃)စစ်တိုက်အားနည်းသွားတယ်။
(၄)နောက်ဆုံးစစ်တိုက်ရှုံးလို့မိမိကိုယ်အဆုံးစီရင်သွားခဲ့ရတယ်။
မနာလိုခြင်းဟာအရာရာဆုံးရှုံးစေနိုင်တာမို့၊မနာလိုခြင်းမှလူတိုင်းကင်းဝေးပါစေ။

၅။ဒံယေလကိုဝန်ကြီးတွေမနာလိုခြင်း
ဒံယေလအနာဂတ္တိကျမ်း၆:၁-၂၄ထိသေချာဖတ်ကြည့်ရင်၊ဒံယေလဟာတပါးနိုင်ငံမှာဝန်ကြီးအဖြစ်ခန့်အပ်ခံရသူဖြစ်ပြီး၊အခြားဝန်ကြီးတွေထက်တော်တတ်နေလို့ဘုရင်ရဲ့ချီးမြောက်ခြင်းခံရသူပါ။ဒါကိုတခြားဝန်ကြီးတွေကမနာလိုဖြစ်ပြီးသူ့ကိုသတ်ဖို့ရှာကြံလာကြပါတော့တယ်။နောက်ဆုံးဘာသာရေးဆိုင်ရာအပြစ်တခုရှာပြီးခြ‌‌င်္သေ့တွင်းထဲပစ်ချခိုင်းခဲ့ကြပါတယ်။ဒါပေမဲ့ဘုရားသခင်ကဒံယေလကိုကယ်တင်ခဲ့လို့ဘာမှမဖြစ်ခဲ့ပါ။ဒါနဲ့ဘုရားကိုယုံကြည်သွားတဲ့ဘုရင်ကဒံယေလကိုသေကြောင်းကြံသူ တွေအားလုံးကိုပြန်ခြ‌‌င်္သေ့တွင်းထဲပစ်ချလိုက်တဲ့အခါအကုန်သေကြေပျက်စီးခဲ့ပါတယ်။
မနာလိုခြင်းကမိမိခေါင်းကိုကြိုးကွင်းစွပ်နေတာနဲ့အတူတူပါဘဲမို့၊မနာလိုခြင်းမှလူတိုင်းကင်းဝေးပါစေ။

၆။ယုဒလူမျိုးများယေရှုခရစ်ကိုမနာလိုခြင်း
ရှင်မဿဲ၂၇:၁၅-၁၈ထိဖတ်ကြည့်ရင်၊တချိန်တုန်းကအစ္စရေးလူမျိုးတွေထဲကဘာသာရေးခေါင်းဆောင်(ယုဒလူမျိုးများ)ဟာယေရှုခရစ်ပြုတဲ့အံ့ဩဖွယ်တန်ခိုးကိုမနာလိုဖြစ်ခဲ့ကြတာတွေ့ရမှာပါ။ဒါကြောင့်ယေရှုကိုလွတ်ပေးဖို့အစိုးရကအခွင့်ပေးပြီးမဲကောက်ခဲ့ပေမဲ့သူတို့ကတော့မလွတ်ပေးဘဲကားစင်တင်သတ်ဖို့ထိတောင်းဆိုခဲ့ပါတယ်။
မနာလိုခြင်းကြောင့်ကယ်တင်ရှင်ကိုတောင်သတ်မိခဲ့ကြပါတယ်။ဒါပေမဲ့ဘုရားအလိုတော်ကတော့ကားတိုင်လမ်းအားဖြင့်ကယ်တင်ခြင်းအမှုပြီးစေခဲ့ပါပြီ။တချိန်ကျရင်ခရစ်‌ တော်ကိုကားစင်တင်သတ်သူအားလုံး နောင်တမရခဲ့ရင်စီရင်ခံရပါလိမ့်မည်။
မနာလိုခြင်းကအပြစ်ဖြစ်စေနိုင်ပြီးစီရင်ခြင်းခံရနိုင်တာမို့၊လူတိုင်းမနာလိုခြင်းမှကင်းဝေးကြပါစေ။

၇။ယုဒလူမျိုးများရှင်ပေါလုကိုမနာလိုခြင်း
တမန်တော်ဝတ္ထု၁၃:၄၂-၅၂ကိုသေချာဖတ်ကြည့်ရင်၊ရှင်ပေါလုနဲ့ဗာနဗကိုဘုရားအသုံးပြုတာမို့သူတို့တရားနားထောင်ချင်သူအင်မတန်များလာတာတွေ့ရမှာပါ။ဒါကိုတချို့သောယုဒလူမျိုးတွေကမနာလိုတာမို့ပေါလုတို့ကိုဆဲ‌ဆိုတိုက်ခိုက်ပြီးမြို့ကနေနင်ထုတ်ခဲ့ကြပါတယ်။ဒါပေမဲ့ဧဝံဂေလိတရားကတော့ယုဒလူမျိုးတွေလက်မခံတာမို့တပါးအမျိုးသားဆီသက်ရောက်လာပါတော့တယ်။
မနာလိုခြင်းဟာခံစားရမဲ့ကောင်းကြီးကိုတောင်လွဲချော်သွားစေပြီး၊နဂိုကိုယ်ရမဲ့ကောင်းကြီးဟာအခြားသူဆီမှာသက်ရောက်သွားနိုင်တာမို့လူတိုင်းမနာလိုခြင်းမှကင်းဝေးကြပါစေ။

နိဂုံး
မနာလိုခြင်းရဲ့နိဂုံးဟာအင်မတန်ကြောက်စရာကောင်းပါတယ်။ဒါကြောင့်ကိုယ်ကသူများထက်သာနေရင်မာနမထားဖို့လိုသလို၊သူများကကိုယ့်ထက်သာနေရင်လဲမနာလိုစိတ်မရှိဖို့အင်မတန်အရေးကြီးပါပေတယ်။