အမှုတော်ဆောင်နှင့်လစာ
မြန်မာပြည်ကလစာအင်မတန်နည်းပါးပြီးခက်ခဲစွာအမှုတော်ဆောင်နေရတဲ့သူတချို့အတွက်ရေးတာပါ။စာတချို့ကိုတခြားသူဆီက ကော်ပီကိုးကားယူပြီးပြုပြင်ထားပါတယ်။ဖတ်ကြည့်ပါ။
တရုတ်ဆိုင်ကယ်၁စီး၅သိန်းတုန်းက
အမှုတော်ဆောင်လစာက ၆သောင်း။
အခုတရုတ်ဆိုင်ကယ်၁စီး၁၀သိန်းကျော်ပြီ၊အမှုတော်ဆောင်လစာကခုထိ၆သောင်းဘဲ။
ရွှေတကျပ်သား၈သိန်းပေးရချိန်၊အမှုတော်ဆောင်လစာက၆သောင်း။
အခုရွေတကျပ်သားသိန်း၆၀နီးပါးရှိနေလည်းအမှုတော်ဆောင်လစာက၆သောင်းဘဲ။
ဝက်သား၁ပိဿာ၅ထောင်ပေးရချိန်အမှုတော်ဆောင်လစာက၆သောင်း။
အခုဝက်သား၁ပိဿာ၂သောင်းခွဲ၊အမှုတော်ဆောင်လစာက၆သောင်းဘဲ။
ပဲဆီ၅၀သား၂ ထောင်ဝယ်လို့ရတဲ့ချိန်အမှုတော်ဆောင်လစာက၆သောင်း။
အခုပဲဆီ၁ပိဿာ၂သောင်းကျော်နေပေမယ့်အမှုတော်ဆောင်လစာက၆သောင်းဘဲ။
ဓာတ်ဆီ၁လီတာကို ၅ရာနဲ့ဝယ်လို့ရချိန်၊အမှုတော်ဆောင်လစာ၆သောင်း။
အခုဓာတ်ဆီ၁လီတာကို၅ထောင်နဲ့ဝယ်ရတဲ့ချိန်မှာအမှုတော်ဆောင်လစာက၆သောင်းဘဲ။
ဖုန်းဘေတထောင်ထည့်၃GBဒေတာဝယ်လို့ရချိန်၊အမှုတော်ဆောင်လစာ၆သောင်း။
အခုဖုန်းဘေတထောင်ကို480mbသာဝယ်လို့ရချိန်အမှုတော်ဆောင်လစာက၆သောင်းဘဲ။
ကြာလာရင်အမှုတော်ဆောင်တွေမလွဲသာဘဲစီပွားရေးသမားဖြစ်သွားရကြလိမ့်မယ်။ဒါကြောင့်
အမှုတော်ဆောင်ကိုစီးပွားရေးမလုပ်စေချင်ရင်အသင်းတော်အနေနဲ့လုံလောက်စွာထောက်ပံ့ပေးကြပါ။၆ သောင်းဘဲပေးပြီးတခြားစီးပွားရေးမလုပ်နဲ့ဆိုတော့ဘာစားရမှာလဲ?မြန်မာပြည်မှာအမှိုက်သိမ်းတဲ့ဝန်ထမ်းတောင်၁သိန်းခွဲဝန်းကျင်ရှိပါတယ်။ပုံမှန်အလုပ်သမားလစာက၂-၅သိန်းထိရှိပါတယ်။ဒါကပုံမှန်ပါ။
လစာမကြည့်နဲ့ယုံကြည်ခြင်းနဲ့သွားဆိုတာဆယ်လီအမှုတော်ဆောင်အတွက်ပြောရလွယ်သလောက်၊အချိန်ပြည့်အမှုတော်ဆောင်တချို့အတွက်ခက်ခဲလွန်းလှပါတယ်။စစ်မှန်တဲ့အမှုတော်ဆောင်တွေဟာလစာကြည့်ပြီးဆက်ကပ်နေကြတာတော့မဟုတ်ပေမယ့်၊အသင်းသားအနေနဲ့လစာတိုးပေးစရာမလိုတော့ဘူးလို့မသက်ရောက်ပါ။စာအိတ်ပေးတာလဲရှိတယ်လေလို့မပြောပါနဲ့၊စာအိတ်ဆိုတာပုံမှန်မရှိတာမို့ပါ။ဘုရားကျွေးမွေးလိမ့်မယ်ဆိုတဲ့စကားကလည်းဘုရားကမိုးပေါ်ကနေအစားအသောက်ကျလာစေတာမဟုတ်ပါဘူး၊အသင်းသားတွေရဲ့ထောက်ပံ့မှုအားဖြင့်ဘုရားကကျွေးမွေးတာပါ။ဒီလိုပြောလိုက်လို့အခုဒီစာကိုဖတ် နေတဲ့သူတချို့ထဲမှာဆရာရဲမင်းကမရောင့်ရဲနိုင်ဘူးငွေမက်တယ်ဘာညာပြောသူကရှိမှာပါ(အဲဒါ ကြောင့်လည်းအခုထိလင်မယား၂ယောက်လုံးလစာတပြားမှမယူဘဲဆက်ကပ်နေပါတယ်)။ဆရာတွေငွေအကြောင်းဟောလာရင်ဘလိန်းတဲ့သူသက်သက်ကိုးရှိနေကြတာ၊အဲဒါကြောင့်လဲတချို့ဆရာတွေကဒီအကြောင်းသိပ်မဟောရဲကြဘူး၊ဒီလိုနဲ့ဘဲအမှုတော်ဆောင်ကိုထောက်ပံ့ရမှန်းဘယ်သူမှမသိဖြစ်လာတာပါဘဲ။
အမှန်ကအသင်းတော်မှာကောက်ခံရတဲ့အသင်းသားတွေရဲဆယ်ဖို့တစ်ဖို့ဟာအသင်းတော်မှာအချိန်ပြည့်အမှုတော်ဆောင်တွေအတွက်ဝလင်စွာထောက်ပံ့ဖို့ဖြစ်ပါတယ်။အသင်း တော်ဝင်ငွေနည်းချိန်လစာအနည်းငယ်သာပေးနိုင်တာလက်ခံပါတယ်။ဒါပေမယ့်အသင်းတော်ဆယ်ဖို့ဝင်ငွေများလာတဲ့အခါအမှုတော်ဆောင်လစာတိုးပေးပြီးဝလင်စွာထောက်ပံ့ရပါမယ်။သုံးသင့်တဲနေရာမသုံးဘဲငွေကိုစုစည်းပြီးဘဏ်ထဲသိမ်းထားဖို့မဟုတ်သလိုလူတယောက်လက်ထဲအသေထားဖို့မဟုတ်ပါ။
ကျမ်းစာထဲမှာကြိုးစားပြီးအလုပ်လုပ်တဲ့အမှုတော်ဆောင်(လူပျင်းမပါ)တွေကိုထောက်ပံ့ဖို့သေချာမိန့်မှာထားပါတယ်။သတိထားရမှာကကူညီငွေမဟုတ်ဘဲစားဝတ်နေရေးကိုတာဝန်ယူဖို့ဖြစ်ပါတယ်။ဖတ်ကြည့်ပါ…
ဂလာတိ၆:၆
နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာ ရှိသမျှတို့ကို ဝေမျှစေ။
၁ကော၉:၁၃-၁၄
ဓမ္မကိစ္စအမှုကို ဆောင်ရွက်သောသူတို့သည် ဗိမာန်တော်ကို အမှီပြု၍ စားရသည်ကိုလည်းကောင်း၊ ယဇ်ပူဇော်ခြင်းအမှုကို ဆောင်ရွက်သော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံ၍ စားရသည်ကိုလည်းကောင်း၊ သင်တို့ မသိကြသလော။ထိုနည်းတူ၊ ဧဝံဂေလိတရားကို ဟောသောသူတို့သည် ဧဝံဂေလိတရားကို အမှီပြု၍ အသက်မွေးရမည်အကြောင်း၊ သခင်ဘုရား၏ ပညတ်တော်မူချက်ရှိ၏။
၁တိ၅:၁၇-၁၈
ကောင်းမွန်စွာအုပ်သော သင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည် ဟူ၍လည်းကောင်း၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည်၊ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည် ဟူ၍လည်းကောင်း မှတ်ရမည်။အကြောင်းမူကား၊ စပါးနင်းနယ်သောနွား၏နှုတ်ကို မချုပ်တည်းရဟု ကျမ်းစာလာ၏။ တစ်ချက်ကား၊ လုပ်ဆောင်သောသူသည် အခကို ခံထိုက်ပေးသည်ဟု လာပြန်၏။
ဘုရင်တကာဘုရင်၊အရှင်တကာအရှင်၊ဘုရားတကာဘုရားသခင်ရဲ့အမှုတော်ကိုဆောင်တဲ့သူကိုအသင်းတော်ကငွေရှိရက်သားနဲ့၆သောင်းဘဲပေးတာဟာအဲလိုဆုံးဖြတ်တဲ့သူကိုယ်တိုင်တလ၆သောင်းနဲ့လောက်အောင်သုံးကြည့်ပါလို့အကြံပြုချင်ပါတယ်။(အကယ်၍အသင်းတော်ကခုမှစတယ်ဝင်ငွေအလှူမရှိသေးရင်တော့တမျိုးပေါ့)။
ငွေမက်လို့အမှုတော်ဆောင်တာမမှန်ပေမယ့်၊အချိန်ပြည့်အမှုတော်ဆောင်အဖြစ်ဆက်ကပ်ထားတဲ့ဆရာ/ဆရာမတွေကိုအသင်းတော်ကနေတော့ အခြေခံစားဝတ်နေရေးတာဝန်ယူပေးဖို့ခွန်အားပေးချင်တာပါ။ဒါမှအမှုတော်ဆောင်တွေစီးပွားဖက်မပါသွားဘဲအမှုတော်မြတ်မှာအေးဆေးခန္ဓာစိတ်ဝိညာဉ်နှစ်မြုပ်ပြီးဆက်ကပ်နိုင်ပါမယ်။အကယ်၍စီးပွားလုပ်ခိုင်းရင်တော့အမှုတော်မြတ်မှာအနည်းနဲ့အများအချိန်မပေးနိုင်တာရှိကိုရှိနိုင်ပါတယ်။ဒါကြောင့်ထောက်ပံ့သူမရှိချိန်စီးပွားလုပ်ရင်းအမှုတော်ဆောင်လို့ရပေမယ့်၊ထောက်ပံ့သူရှိလာရင်စီးပွားမလုပ်တာမှပိုသင့်တော်ပါမယ်။ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။
မှတ်ချက်။ ။၆သောင်းရတာကစာရေးသူမဟုတ်ပါ၊စာ ရေးသူအနေနဲ့လက်ရှိအသင်းတော်မှာသင်းအုပ်လုပ်တာလစာ၂သိန်းပေးပေမဲ့၊တပြားမှမယူဘဲဆက်ကပ်နေပါတယ်။အခုဒီစာကတချို့လစာနည်းနေသူအတွက်ရေးရခြင်းဖြစ်ပါသည်။ကိုယ်တိုင်တစ်လဘယ်လောက်သုံးနေရလဲဆိုတာချင့်ချိန်ပြီးအမှုတော်ဆောင်တွေကိုစာနာတတ်ကြပါစေ။(အလုပ်မလုပ်တဲ့အမှုတော်ဆောင်အတွက်ရေးခြင်းမဟုတ်ပါ)။