အမှားကိုကြောက်ပြီးကိုယ်တိုင်လွဲလာတဲ့အရာများ
၁။ဟာလေလုယာ၊အာမင် ကိုအလွဲသုံးစားပြီး၊အထပ်ထပ်အခါခါပြောနေတဲ့သူတွေကြောင့်၊ဟာလေလုယာအာမင်ပြောနေသူတိုင်းကိုမှားတယ်လို့ခံယူလာရင်သင်ကိုယ်တိုင်နှုတ်ကပတ်တော်နဲ့လွဲချော်နေပြီဆိုတာသတိပြုပါ။
(အမှန်က👉ကျမ်းစာမှာဟာလေလုယာ၅ကြိမ်၊အာမင်၅၅ကြိမ်ရှိပါတယ်၊ဒါကိုသူ့နေရာနဲ့သူသုံးလို့ရပါတယ်)ဝတ်ပြုရာ၂၇:၁၅-၂၆။ဗျာ၁၉:၁-၆။
၂။ယေရှုနာမအားဖြင့်လွဲမှားစွာဝန်ခံယုံကြည်ကြွေးကြော်မှုကိုမြင်ရကြားရပေါင်းများလာတဲ့အခါ၊ယုံကြည်ဝန်ခံကြွေးကြော်ခြင်းတိုင်းကမှားတယ်လို့ခံယူလာရင်သင်ကိုယ်တိုင်နှုတ်ကပတ်တော်နဲ့လွဲချော်နေပြီဆိုတာသတိပြုပါ။
(အမှန်က👉နှုတ်ကပတ်တော်ကိုအခြေခံတဲ့ယုံကြည်၊ဝန်ခံ၊ကြွေးကြော်မှုတိုင်းကမမှားပါ)
၃။အခြားသောဘာသာစကားကိုလွဲမှားစွာပြောဆိုနေကြတာကိုမြင်ရကြားရပေါင်းများလာအခါ၊အဲလိုအစွန်းရောက်လူတွေကြောင့်အခြားသောဘာသာစကားဟာကျမ်းစာမှာမရှိဘူး၊ဆုကျေးဇူးမဟုတ်ဘူးလို့သင်ခံယူလာရင်သင်ကိုယ်တိုင်နှုတ်ကပတ်တော်နဲ့လွဲချော်နေပြီဆိုတာသတိပြုပါ။
(အမှန်က👉အခြားသောဘာသာစကားဟာကျမ်းစာမှာရှိသလို၊ဆုကျေးဇူးတခုဖြစ်ပါတယ်၊ကျမ်းစာအရသုံးတတ်ဖို့ဘဲလိုတာပါ)၁ကော၁၂:၁၀၊၃၀။၁ကော၁၄:၂၆။
၄။အသင်းတော်မှာအမြင်မတော်၊နိုက်ကလပ်ပမာ၊ကခုန်အော်ဟစ်ပြီးချီးမွမ်းနေတာကိုမြင်ရပေါင်းများတော့၊ကခုန်ချီးမွမ်းခြင်းတိုင်းကမှားတယ်လို့သင်ခံယူလာရင်သင်ကိုယ်တိုင်နှုတ်ကပတ်တော်နဲ့လွဲချော်နေပြီဆိုတာသတိပြုပါ။
(အမှန်က👉သူ့နေရာနဲ့သူသေချာကခုန်ချီးမွမ်းလို့ရပါတယ်)
၅။အကျင့်ကြောင့်ကယ်တင်ခြင်းရတာမဟုတ်ဘူးယုံကြည်လို့ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရတယ်ဆိုပြီး၊ခရစ်ယာန်အသက်တာမှာအကျင့်ကိုအလေးထားစရာမလိုဘူးလို့သင်ခံယူလာတဲ့အခါသင်ကိုယ်တိုင်နှုတ်ကပတ်တော်နဲ့လွဲချော်နေပြီဆိုတာသတိပြုပါ။
(အမှန်က👉အကျင့်ကြောင့်ကယ်တင်ခြင်းရတာမဟုတ်ပေမဲ့၊ကယ်တင်ခြင်းရသူတိုင်းကျင့်ဆောင်ရပါတယ်)
၆။ရွှေငွေဥစ္စာကိုမက်မောပြီး၊ကျန်းမာချမ်းသာဒေသနာလိုက်ဟောနေသူဆရာတချို့ကြောင့်၊ငွေကြေးဆိုင်ရာတရားဟောလာသူတိုင်းကိုအယူလွဲလို့သင်ခံယူလာတဲ့အခါ၊သင်ကိုယ်တိုင်နှုတ်ကပတ်တော်နဲ့လွဲချော်နေပြီဆိုတာသတိပြုပါ။
(အမှန်က👉ကျမ်းစာထဲမှာရွှေငွေဥစ္စာသွန်သင်ချက်၆၀၀ ကျော်ရှိပါတယ်၊ငွေမက်ဖို့မဟုတ်ပါ)
၇။ဝိညာဉ်တော်-ဝိညာဉ်တော်ဆိုပြီး၊လဲကျ၊လူးလိမ့်၊ရယ်မော၊ငိုကြွေး၊မြင်းလိုခွစီးလုပ်နေသူကိုမြင်ရပေါင်းများပြီး၊ဝိညာဉ်တော်ကြားတိုင်းမှားတယ်လို့သင်ခံယူလာတဲ့အခါသင်ကိုယ်တိုင်နှုတ်ကပတ်တော်နဲ့လွဲချော်နေပြီဆိုတာသတိပြုပါ။
(အမှန်က👉ဝိညာဉ်တော်ဟာဘုရားသခင်ဖြစ်ပါတယ်)
၈။အနန္ဒတန်ခိုးရှင်အသင်းတော်ဆိုတဲ့-ယေရှုဟာတရုတ်မပါဆိုတဲ့အဖွဲ့ကိုမြင်ရကြားရပါများပြီး၊အနန္ဒတန်ခိုးရှင်ဆိုတဲ့အသုံးအနူန်းကြားတိုင်းမှားတယ်လို့သင်ခံယူလာတဲ့အခါ-သင်ကိုယ်တိုင်နှုတ်ကပတ်တော်နဲ့လွဲချော်နေပြီဆိုတာသတိပြုပါ။
(အမှန်က👉အနန္ဒတန်ခိုးရှင်ဆိုတာဘုရားသခင်ရဲ့နာမတခုဖြစ်ပါတယ်၊အယူလွဲကယူသုံးနေတာပါ)
၉။ယေဟောဝါသက်သေခံဂိုဏ်းတွေဟာအယူလွဲဆိုတာကိုသင်သိပြီး၊ယေဟောဝါလို့ကြားတိုင်းပြောတိုင်းအယူလွဲလို့သင်ခံယူလာရင်-သင်ကိုယ်တိုင်နှုတ်ကပတ်တော်နဲ့လွဲချော်နေပြီဆိုတာသတိပြုပါ။
(အမှန်က👉ယေဟောဝါဆိုတာဘုရားသခင်ရဲ့နာမတခုဖြစ်ပါတယ်၊အယူလွဲကယူသုံးနေတာပါ)
၁၀။ယုံကြည်သူမှန်ရင်မုချချမ်းသာကျန်းမာနေရမယ်ဆိုတဲ့ကျန်းမာချမ်းသာတရားဟာလွဲမှားကြောင်းသင်သိလာပြီးတကာလ၊ယုံကြည်သူမှန်ရင်မုချဆင်းရဲနေရမယ်၊မကျန်းမမာဖြစ်နေမှယုံကြည်သူမှန်မယ်လို့သင်ခံယူလာတဲ့အခါသင်ကိုယ်တိုင်နှုတ်ကပတ်တော်နဲ့လွဲချော်နေပြီဆိုတာသတိပြုပါ။
(အမှန်က👉ဆင်းရဲချမ်းသာကျန်းမာခြင်းကဘုရားပေးနိုင်သလိုဘုရားအလိုတော်ထဲရှိပါတယ်)
၁၁။ကျမ်းစာမဖတ်ဘဲဆရာ/ဆရာမ တွေရဲ့အာဘော်မှာသာကျင်လည်လာတာကြာလာတဲ့အခါ၊ကိုယ်နားထောင်နေကျဆရာ/မ တို့ရဲ့သွန်သင်ချက်နဲ့မညီတာတွေ့တိုင်းကြားတိုင်း(ကျမ်းစာထဲပါလျက်နဲ့)လက်မခံဘဲ၊အယူလွဲလို့သင်ခံယူလာရင်သင်ကိုယ်တိုင်နှုတ်ကပတ်တော်နဲ့လွဲချော်နေပြီဆိုတာသတိပြုပါ။
(အမှန်က👉ဆရာ/မ ရဲ့အာဘော်ထက်သမ္မာကျမ်းစာကိုသာစံချိန်အဖြစ်ခံယူကျင့်သုံးရပါမယ်)
၁၂။ဟိုဂိုဏ်းဂဏမှားတယ်ဒီဂိုဏ်းဂဏမှားတယ်ဆိုပြီးပြောဆိုတဲ့အခါမှာ၊ကိုယ့်ဂိုဏ်းဂဏကသာအမှန်ဆုံးဆိုပြီး၊ကိုယ့်ဂိုဏ်းကိုယ့်အဖွဲ့ကိုဝင်လာမှကယ်တင်ခြင်းရမယ်လို့သင်ခံယူလာရင်သင်ကိုယ်တိုင်နှုတ်ကပတ်တော်နဲ့လွဲချော်နေပြီဆိုတာသတိပြုပါ။
(အမှန်က👉ဂိုဏ်းဂဏကကယ်တင်ခြင်းပေးတာမဟုတ်ပါဘူး၊ယေရှုကိုယုံကြည်မှသာရပါမည်)။
ရွှေကျမ်းချက်
သုတ္တံ၁၄:၁၂ လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏။