နူတ်ရဲ့အရေးကြီးခြင်းနဲ့ကျင့်ဆောင်ခြင်း
နိဒါန်း
သုတ္တံ၁၈:၂၁လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကိုအစိုးရ၏။ လျှာကိုနှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။ လို့ဖော်ပြပါတယ်။လူတွေရဲ့နူတ်အပြောအဆိုဟာသူ့ရှေ့ရေးနဲ့အင်မတန်သက်ဆိုင်နေတာဖြစ်ပါတယ်။ကောင်းတာပြောရင်ကောင်းတာချက်ချင်းဖြစ်လာမယ်လို့ရယ်မဟုတ်ပေမဲ့ကောင်းတာပြောရင်တော့ကောင်းသောအစပြုဖြင်းဖြစ်မှာသေချာပါတယ်။နူတ်ကပတ်တော်ထဲကကတိတော်ကိုဝန်ခံခြင်းကလည်း-ကောင်းသောအစပြုခြင်းဖြစ်ကြောင်းဖော်ပြလိုပါတယ်။ဒါပေမဲ့ပါးစပ်ကဘဲဝန်ခံနေပြီးလက်တွေ့လုပ်ဆောင်မှုမရှိရင်တော့အဆင်မပြေပါ။ကွဲပြားအောင်အချက်အနည်းငယ်ချပြပါမယ်။
၁။နူတ်ကဝန်ခံခြင်းနှင့်လိုက်လျှောက်ခြင်း
နူတ်ကပတ်တော်ကိုနူတ်နဲ့ကြွေးကြော်ဝန်ခံတယ်ဆိုတာနာခံလိုက်လျှောက်ဖို့ယုံကြည်ခြင်းရှိစေဖို့တွန်းအားပေးတာဖြစ်ပါတယ်။အကယ်၍ပါးစပ်ကသာအကြိမ်ကြိမ်ဝန်ခံပြီးလက်တွေ့မလိုက်လျှောက်ရင်အကြိမ်တစ်သောင်းလောက်ဝန်ခံနေလဲဘာမှမထူးပါ။ဒါပေမဲ့နာခံဖို့ဝန်ခံမယ်ဆိုရင်တစ်ခွန်းဘဲဝန်ခံရင်လဲအကျိုးဖြစ်လာပါလိမ့်မယ်။ဒါ ကြောင့်နူတ်နဲ့ဘုရားစကားကိုဝန်ခံတာမမှားဘူး၊အရေးကြီးတာကဒီဝန်ခံခြင်းဟာမှန်ကန်ပြီး၊လက်တွေ့နာခံဖို့ဘဲလိုတာပါ။
(ဟေဗြဲ၁၁:၁ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်း ဖြစ်၏။)
၂။နူတ်ကဝေငှခြင်းနှင့်ကိုယ်တိုင်ကျင့်သုံးခြင်း
နူတ်ကပတ်တော်ကိုဝေငှတယ်ဆိုတာသူများကိုခွန်အားပေးပြီးကိုယ်တိုင်လဲခွန်အားယူကျင့်သုံးဖို့ဖြစ်ပါတယ်။အကယ်၍တရားသာဝေငှတတ်ပြီးလက်တွေ့မလိုက်လျှောက်ရင်တရားဒေသနာအပုဒ်ရေတစ်သိန်းလောက်ဝေငှခဲ့ရင်လဲဘာမှမထူးပါ။ဒါပေမဲ့ကိုယ်တိုင်နာခံလိုက်လျှောက်ဖို့ဝေငှနေတယ်ဆိုရင်တော့တစ်ခွန်းဘဲဆိုရင်လဲအကျိုးဖြစ်မှာပါ။ဒါကြောင့်နူတ်ကပတ်တော်ဝေငှတာမမှားပါ၊ အဓိကဟောသူကိုယ်တိုင်ကျင့်သုံးဖို့ဘဲလိုတာပါ။
(၁ကော၉း၂၇ သူတစ်ပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူ မဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍ နှိပ်စက်လေ့ရှိ၏။)
၃။နူတ်ကချီးမွမ်းခြင်းနှင့်စိတ်ကကိုင်းရှိုင်းခြင်း
ဘုရားသခင်ကိုချီးမွမ်းကိုးကွယ်ခြင်းဆိုတာဟာနှလုံးသားထဲကနေနာမ်ဝိညာဥ်နဲ့သစ္စာနှင့်ဝတ်ပြုကိုးကွယ်တတ်ဖို့ပါ။အကယ်၍ပါးစပ်ကသာချီးမွမ်းတတ်ပြီးနှလုံးသားပါမလာရင်ဘယ်လောက်ချီးမွမ်းချီးမွမ်းဘာမှမထူးပါဘူး။ဒါပေမဲ့နှလုံးပါပါချီးမွမ်းခဲ့မယ်ဆိုရင်တစ်ခွန်းဘဲချီးမွမ်းလည်းဘုရားသခင်နှစ်သက်တော်မူလိမ့်မယ်။ဒါကြောင့်ချီးမွမ်းတာမမှားဘူး၊အဓိကနှလုံးသားပါပါချီးမွမ်းတတ်ဖို့ဘဲလိုတာပါ။
(ရှင်ယောဟန်၄:၂၃ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။)
၄။နူတ်ကယုံကြည်ခြင်းနှင့်အသက်တာပြောင်းလဲခြင်း
ယေရှုခရစ်တော်ကိုယုံကြည်ပါတယ်လို့နူတ်ကနေဝန်ခံတာလည်းကယ်တင်ခြင်းရစေဖို့ဖြစ်ပါတယ်။အကယ်၍ပါးစပ်ကသာယုံကြည်တယ်ယုံကြည်တယ်လို့ဝန်ခံပြီးအပြစ်ဆက်ပြုနေရင်ဘယ်လောက်ယုံကြည်တယ်ပြောပြောဘာမှမထူးပါဘူး။ဒါပေမဲ့ယုံကြည်တယ်လို့ဆုံးဖြတ်ပြီးလက်တွေ့လုပ်ဆောင်ခြင်းနဲ့သက်သေပြမယ်ဆိုရင်ဒါဟာစစ်မှန်သောယုံကြည်ခြင်းပါဘဲ။ဒါကြောင့်ပါးစပ်ကယုံကြည်တယ်လို့ဝန်ခံပြောဆိုတာမမှားပါ၊အဓိကလက်တွေ့ ပြောင်းလဲဖို့ဘဲလိုတာပါ။
(ရောမ၁၀:၉အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။)
၅။နားနဲ့ခံယူခြင်းနဲ့လက်တွေ့ကျင့်သုံးခြင်း
နူတ်ကပတ်တော်ကိုနားထောင်ခံယူတယ်ဆိုတာနားလည်ပြီးကျင့်ဆောင်ဖို့ဖြစ်ပါတယ်။အကယ်၍နားထဲမှာသာအကြိမ်ကြိမ်နားထောင်ပြီးလက်တွေ့မလိုက်လျှောက်ရင်တရားဟောချက်အပုဒ်ရေတစ်သောင်းလောက်နားထောင်ခဲ့ရင်လဲဘာမှမထူးပါ။ဒါပေမဲ့ကျင့်ဆောင်ဖို့နားထောင်ခဲ့မယ်ဆိုရင်တော့တစ်ခွန်းဘဲကြားမိရင်လဲအကျိုးဖြစ်လာပါလိမ့်မယ်။ဒါကြောင့်နားနဲ့ဘုရားစကားနားထောင်တာမမှားဘူး၊အဓိကဒီနားထောင်ခြင်းကဒီနားဝင်ဟိုဖက်နားကထွက်မဟုတ်ဘဲ၊လက်တွေ့ကျင့်သုံးဖို့ဘဲလိုတာပါ။
(ရှင်ယာကုပ်၁:၂၂ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူ မဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။)
ဒါကြောင့်
နူတ်နဲ့ဝန်ခံတာမှားလား?မမှားဘူး။
နူတ်နဲ့ချီးမွမ်းတာမှားလား?မမှားဘူး။
နူတ်နဲ့ဝေငှတာမှားလား?မမှားဘူး။
နူတ်နဲ့ယုံကြည်တာမှားလား?မမှားဘူး။
နားနဲ့နားထောင်တာမှားလား?မမှားဘူး။
မှားတာကလွန်ကဲစွာနူတ်နဲ့ဝန်ခံပြီးအပြစ်ဆက်လုပ်နေသူနဲ့၊နူတ်နဲ့ယုံကြည်စွာဝန်ခံတာကိုလိုက်ဆန့်ကျင်နေသူတွေပါ။
ဒါကြောင့်နူတ်/နားမှာဘဲဘုရားဘုရားဖြစ်ပြီးလက်တွေ့ကျင့်သုံးမှုမရှိတဲ့သူမဖြစ်ဖို့လိုသလို၊လက်တွေ့ကျင့်သုံးနေပါတယ်ဆိုပြီးမဝန်ခံရဲဘဲပါးစပ်ပိတ်ထားသူများလည်းမဖြစ်ဖို့အရေးကြီးပါတယ်။တဖက်လွန်ရင်အစွန်းဘဲရောက်မှာမို့ပါ။ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။