သမ္မာကျမ်းစာထဲမှစည်းစိမ်ကတိတော်(၁၀)ချက်
နိဒါန်း
ယုံကြည်သူမှန်ရင်မုချချမ်းသာကျန်းမာနေရမယ်ဆိုတာမှားနေသလို၊ယုံကြည်သူမှန်ရင်မုချဆင်းရဲနေရမယ်လို့ခံယူနေတာလဲမှားနေပါတယ်။ဘုရားသခင်ကသင့်ကိုထာဝရကယ်တင်ခြင်းတစ်ခုဘဲပေးတာမဟုတ်၊ခေတ္တလိုအပ်နေတဲ့စားဝတ်နေရေး၊ကျန်းမာရေးနဲ့အဆင်ပြေခြင်းများကိုလည်းပေးနိုင်တဲ့ဘုရားဖြစ်ပါတယ်။အာမင်။
ဒါကြောင့်ထာဝရအသက်ကိုအဓိကထားရမှာဖြစ်သလို၊ခေတ္တအရာကိုလည်းဘုရားထံတောင်းခံလို့ရကြောင်း၊ငွေကြေးစည်းစိမ်ကိုလည်းဘုရားပေးနိုင်ကြောင်းကျမ်းချက်အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်။
၁။စည်းစိမ်ရတတ်တဲ့ကောင်းချီးကိုဘုရားပေးတာပါ။
(တရားဟောရာ၈:၁၈စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏။ )
ဒါဟာထာဝရအသက်နဲ့ဝိညာဉ်ရေးရာကိုပြောနေတာမဟုတ်ပါဘူး၊ခေတ္တစားဝတ်နေရေးအတွက်စည်းစိမ်ကိုပြောနေတာပါ။ဒါကြောင့်သင်ဝင်ငွေရနေတာဟာဘုရားပေးတဲ့ကောင်းချီးဖြစ်ပါတယ်။
၂။ဘုရားကောင်းချီးထဲမှာစည်းစိမ်ပါဝင်နေပါတယ်
(သုတ္တံ၁၀:၂၂ ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။)
(ဒေသနာကျမ်း၅:၁၉ ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ်ဥစ္စာကို ရသောလူတိုင်း မိမိအဖို့ကိုခံ၍ ဝင်စားခြင်းငှာလည်းကောင်း၊ ကြိုးစားအားထုတ်ရာ၌ ပျော်မွေ့ခြင်းငှာလည်းကောင်း၊ ဘုရားသခင့် ကျေးဇူးတော်ကြောင့် အခွင့်ရှိ၏။)
ဘုရားသခင်ကလူတွေကိုထာဝရအသက်ပေးပြီးချက်ချင်းကောင်းကင်မခေါ်သွားသေးဘူး၊ကယ်တင်ခြင်းရပြီးလောကမှာအသက်ရှင်နေရသေးလို့စားဝတ်နေရေးလိုအပ်တာဘုရားသိတယ်၊ဒါကြောင့်သူ့သားသမီးတွေကိုလိုအပ်တဲ့စည်းစိမ်ကောင်းချီးပေးတာပါ။
၃။ဘုရားသခင်ကအာဗြံဟံကိုစည်းစိမ်ဥစ္စာပေးခဲ့ပါတယ်။
(ကမ္ဘာဦး၂၄:၃၅ထာဝရဘုရားသည် ကျွန်ုပ်၏သခင်ကို အလွန်ကောင်းချီးပေးတော်မူသဖြင့်၊ သူသည်ကြီးမြတ်ခြင်းသို့ ရောက်လေပြီ။ သိုးစု၊ နွားစု၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်နှင့်မြည်းများတို့ကို ပေးတော်မူပြီ။)
သမ္မာဟောင်းကျမ်းထဲကဘုရားလူတွေဖြစ်တဲ့ဘအာဗြံဟံ၊ ယာကုပ်၊ရှောလမုန်စသဖြင့်(တခြားအများကြီးရှိ)လူတွေကိုလည်းဘုရားသခင်ကစည်းစိမ်ကောင်းချီးပေးခဲ့ပါတယ်။ဒါလည်းဝိညာဉ်ထာဝရအတွက်မဟုတ်ဘူး၊ခေတ္တလိုအပ်တဲ့အရာကိုပေးတာပါ။
၄။ရွှေငွေစည်းစိမ်တွေကဘုရားပိုင်တာမို့ဘုရားဆီတောင်းလို့ရပါတယ်။
(ဟဂ္ဂဲ၂:၈ရွှေနှင့် ငွေကို ငါပိုင်သည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။)
ရွှေငွေပြောလိုက်ရင်လောကီဆန်တယ်လို့ခံယူနေတဲ့ယုံကြည်သူတွေဒါဖတ်ရပါမယ်၊ ရွှေငွေစည်းစိမ်ဟာလိုအပ်လို့ဘုရားပေးတာပါ၊လောဘနဲ့မဟုတ်ရင်ရပါပြီ။သုံးတတ်ရင်ဆေးပါဘဲ၊မသုံးတတ်ရင်ဘေးဖြစ်ပါမယ်။အင်တမန်ခက်ခဲတဲ့တမန်တော်တွေတောင်သူတို့လိုအပ်တဲ့ငွေကြေးကိုဘုရားပေးခဲ့တာလက်ခံရပါမယ်။
၅။ဘုရားစကားနားထောင်ရင်ဘုရားကသူ့လူတွေကိုစည်းစိမ်ကောင်းချီးပေးမယ်လို့ကတိပေးခဲ့ပါတယ်။
(တရားဟောရာ၁၅:၄-၆ သင်၌ဆင်းရဲသားမရှိစေခြင်းငှာ၊ ထိုသို့ပြုရမည်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် အမွေခံဖို့ရာ အပိုင်ပေးတော်မူသောပြည်၌ သင့်ကိုအလွန် ကောင်းချီးပေးတော်မူမည်။ယနေ့ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်မည်အကြောင်း စောင့်ရှောက်ခြင်းငှာ၊ သင်၏ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လော့။သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ ကတိတော်ရှိသည်အတိုင်း ကောင်းချီးပေးတော်မူသဖြင့်၊ သင်သည် လူမျိုးများတို့အား ချေးငှားရသော အခွင့်ရှိလိမ့်မည်။ သူတို့သည် သင့်အား ချေးငှားသောအခွင့်မရှိရ။ သင်သည် လူမျိုးများတို့ကို အစိုးပိုင်ရလိမ့်မည်။ သူတို့သည် သင့်ကို အစိုးမပိုင်ရကြ။ )
ဒီကောင်းချီးလည်းထာဝရအသက်ပိုင်းမဟုတ်ပါဘူးထခေတ္တစည်းစိမ်ကောင်းချီးပါ။
၆။ဆယ်ဖို့တစ်ဖို့ထည့်ရင်စည်းစိမ်ကောင်းချီးရမယ်လို့ဘုရားကတိတော်ပေးထားပါတယ်။
(မာလခိ၃:၁၀-၁၂ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှာ ပြုကြလော့။ ငါသည် မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ကိုက်စားတတ်သော အကောင်ကို သင်တို့အတွက် ငါဆုံးမ၍၊ သင်တို့၏ မြေအသီးအနှံကို မဖျက်ဆီးရ။ သင်တို့၏စပျစ်ဥယျာဉ်သည် အသီးမသီးဘဲ မနေရဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။လူမျိုးအပေါင်းတို့သည် သင်တို့ကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့ ပြည်သည်လည်း နှစ်သက်ဖွယ်သော ပြည်ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။)
ဒါလည်းထာဝရအသက်ဝိညာဉ်နဲ့မဆိုင်ပါဘူး၊ခေတ္တလိုအပ်နေတဲ့ကောင်းစားခြင်းစည်းစိမ်ကိုဘုရားပေးကြောင်းဖော်ပြတာပါ။
၇။ဆင်းရဲသားကိုစွန့်ကြဲတတ်သူ၊ဒုက္ခရောက်နေသူကိုကူညီတတ်သူတွေဥစ္စာကောင်းရမယ်လို့ဘုရားသခင်ကတိတော်ရှိပါတယ်။
(၂ကော၉:၈-၉ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ၊ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှာ ဘုရားသခင် တတ်နိုင်တော်မူ၏။)
(သုတ္တံ ၁၁:၂၅စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်။ )
မရှိဆင်းရဲသား၊မိဘမဲ့၊မုဆိုးမ၊ဒုက္ခသယ်တွေကိုကူညီတတ်ခြင်း၊စွန့်ကြဲတတ်ခြင်းအမှုအရာတွေဟာစည်းစိမ်ဥစ္စာကောင်းချီးရတဲ့ရှေ့ပြေးတွေဖြစ်တယ်လို့ကျမ်းစာက ဖော်ပြထားပါတယ်။ဒါကလည်းထာဝရအသက်နဲ့မဆိုင်ဘူး၊ခေတ္တကောင်းချီးဘဲဖြစ်တယ်။
၈။အဦးသီးပူဇော်ရင်အလုပ်မှာကြွယ်ဝမယ်လို့ဘုရားသခင်ကတိတော်ပေးထားပါတယ်
(သုတ္တံ၃:၉-၁၀သင်သည် ကိုယ်ဥစ္စာနှင့် အဦးသီးသောအသီးအနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။သို့ပြုလျှင်၊ သင်၏စပါးကျီတို့သည် ကြွယ်ဝ၍၊ စပျစ်သီးနယ်ရာတန်ဆာတို့ကို အသစ်သော စပျစ်ရည်လျှံလိမ့်မည်။)။
အဦးသီးဆိုတာနှစ်တစ်နှစ်လုံးရဲ့ပထမဝင်ငွေ၊အလုပ်သစ်ထဲကရတဲ့ပထမလစာ၊စိုက်ပျိုး မွေးမြူရေးကရတဲ့ပထမဆုံးဝင် ငွေတွေကိုဆိုလိုပါတယ်။ဒါကိုဘုရားအတွက်ဆက်ကပ်ရင်ဘုရားကသင့်အလုပ်ကိုကြွယ်ဝ စေမယ်လို့ကတိပေးထားပါတယ်၊ဒါလည်းခေတ္တကောင်းချီးကိုဆိုလိုတာပါဘဲ။
၉။စားဝတ်နေရေးဘုရားပြင်ဆင်ပေးမယ်လို့ကတိတော်ရှိပါတယ်။
(ရှင်မဿဲ၆:၃၀-၃၃ယုံကြည်အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည်ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်းတော်မူမည်မဟုတ်လော။ထိုကြောင့်အဘယ်သို့ စားသောက်ရအံ့နည်း။အဘယ်သို့ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေ့ဦးစွာရှာကြလော့။နောက်မှ ထိုအရာများကိုထပ်၍ပေးတော်မူလတ္တံ့။)
သခင်ယေရှုကိုယ်တိုင်ထာဝရကိုအဓိကထားဖို့သွန်သင်ပြီးထခေတ္တလိုအပ်နေတဲ့စားဝတ်နေရေးကိုလည်းဘုရားပေးနိုင်ကြောင်းသွန်သင်ထားတာဖြစ်ပါတယ်။
၁၀။ခေတ္တခန္ဓာစားဝတ်နေရေးအတွက်ဆုတောင်းလို့ရကြောင်းယေရှုကိုယ်တိုင်သွန်သင်ပေးခဲ့ပါတယ်။
(ရှင်မဿဲ၆:၁၁အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ ပေးသနားတော်မူပါ။)
အသက်ရှင်ဖို့စားနေရတယ်၊စားသောက်ဖို့ငွေလိုတယ်၊ဒါကြောင့်ယေရှုဘုရားကသင့်ဝိညာဉ်ရေးကိုဘဲဂရုစိုက်တာမဟုတ်ပါဘူး၊သင့်ခန္ဓာရေးကိုလည်းအထူဂရုစိုက်တတ်တဲ့ဘုရားပါ။အာမင်။
နိဂုံး
ငွေကြေးစည်းစိမ်ပြောလိုက်တိုင်းလောကီဆန်တယ်မထင်ပါနဲ့၊တရားဟောဆရာတွေငွေကြေးတရားဟောလိုက်ရင်ဝေဖန်လေကန်ဖို့မစောပါနဲ့၊အစွန်းရောက်တဲ့ကျန်းမာချမ်းသာတရားကိုပုန်ကန်ရင်း၊ကျန်းမာချမ်းသာစကားလုံးပါတဲ့ကျမ်းချက်နဲ့တရားဟောချက်တွေ့တိုင်းလွဲတယ်ထင်မနေပါနဲ့။ကျန်းမာချမ်းသာဖို့ဆုတောင်းတိုင်းလွဲတယ်ထင်နေရင်အမြဲဆင်းရဲပြီးရောဂါရှိနေမှမှန်မှာလား?အစွန်းရောက်သူကိုဝေဖန်လေကန်ရင်းကိုယ်တိုင်အစွန်းမရောက်ဖို့အင်မတန်အရေးကြီးပါတယ်။ဘုရားသခင်ကသင့်ကိုအဓိကထာဝရကယ်တင်ခြင်းပေးချင်တာမှန်တယ်၊ဒါ ပေမဲ့ခေတ္တခန္ဓာကောင်းချီးလဲပေးပိုင်တယ်ဆိုတာမမေ့လိုက်ပါနဲ့။