ဘုရားအလိုတော်(၄)မျိုး
နိဒါန်း
ဧဖက်ဩဝါဒစာ ၅:၁၇ မှာ”ထိုကြောင့်သတိမရှိသောသူမဖြစ်၊သခင်ဘုရား၏အလိုတော်ရှိရာကိုပိုင်းခြင်း၍သိသောသူဖြစ်ကြလော့။”လို့ဆိုပါတယ်။ဘုရားသခင်ရဲ့အလိုတော်ဆိုတာဘုရားဖြစ်စေချင်တဲ့အရာ၊ဘုရားသခင်ရဲ့စိတ်ဆန္ဒသဘောဖြစ်တယ်။သမ္မာကျမ်းစာထဲမှာဘုရားသခင်ရဲ့အလိုတော်တွေအများကြီးဖော်ပြထားပါတယ်။ဒီထဲကနေအရေးကြီးတဲ့အလိုတော်(၄)မျိုးကိုတင်ပြပါမယ်။
၁။ယေရှုခရစ်တော်ကိုလက်ခံယုံကြည်ခြင်း
(ယော၆း၂၉ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား၊အလိုတော်နှင့်ညီသောအကျင့်တည်းဟုမိန့်တော်မူ၏။)
(၂ပေ ၃:၉ ငါတို့တွင်အဘယ်သူမျှမပျက်စီးဘဲ၊ရှိသမျှတို့သည်နောင်တရစေခြင်းငှာအလိုတော်ရှိ၍၊ငါတို့ကိုသည်းခံတော်မူ၏။)
လူသားတွေအပေါ်ထားတဲ့ဘုရားသခင်ရဲ့အကြီးမားဆုံးသောအလိုတော်ကတော့၊စေလွတ်လာတဲ့သားတော်ကိုလူတိုင်းယုံကြည်လက်ခံပြီးကယ်တင်ခြင်းရစေဖို့ဘဲဖြစ်ပါတယ်။
၂။အပြစ်ကိုရှောင်ပြီးသန့်ရှင်းစွာအသက်ရှင်ခြင်း
(၁သက်၄း၃ဘုရားသခင်၏အလိုတော်ဟူမူကား၊သင်တို့သည်မတရားသောမေထုန်ကိုကြဉ်ရှောင်၍သန့်ရှင်းစေခြင်းငှာ…ဖြစ်၏။)
ကယ်တင်ခြင်းရပြီးရင်ဖရိုဖလဲအသက်ရှင်ဖို့ဘုရားအလိုတော်မရှိပါဘူး။အပြစ်ကိုငြင်းပယ်ပြီးသန့်ရှင်းစွာအသက်ရှင်ဖို့သာဘုရားသခင်အလိုတော်ရှိတာဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်သူတိုင်းသန့်ရှင်းသောအသက်တာရှိဖို့နာခံအသက်ရှင်ရပါမယ်။
၃။ကောင်းမှုပြုခြင်း(ကောင်းသောအကျင့်ကျင့်ခြင်း)
(၁ပေ၂း၁၅ ကောင်းသောအကျင့်ကိုကျင့်သောအားဖြင့် လူမိုက်တို့၏မိုက်မဲသောစကားကိုချေစေခြင်းငှာ၊ ဘုရားသခင်သည်ထိုသို့သောအလိုတော်ရှိ၏။)
(ဧဖက် ၂:၁၀အဘယ်ကြောင့်နည်းဟူမူကား၊ငါတို့သည် ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်း၊ယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ထိုကောင်းသောအကျင့်တို့၌ငါတို့သည်ကျင်လည်ရမည်အကြောင်း၊ ဘုရားသခင်သည်ငါတို့ကိုပြင်ဆင်တော်မူနှင့်ပြီ။)
အကျင့်ကောင်းလို့ကယ်တင်ခြင်းရခဲ့တာမဟုတ်သလို၊ကောင်းမှုကုသိုလ်တွေလုပ်နိုင်လို့ကယ်တင်ခြင်းရတာမဟုတ်ရပါဘူး။ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရတာဖြစ်ပါတယ်။ဒါပေမဲ့ယုံကြည်ပြီးကယ်တင်ခြင်းရပြီးတဲ့အသက်တာမှာတော့အကျင့်ကောင်းရှိဖို့၊ကောင်းမှုကုသိုလ်တွေလုပ်ဖို့ဘုရားသခင်အလိုတော်ရှိတာဖြစ်ပါတယ်။
၄။ဝမ်းမြောက်/ဆုတောင်း/ကျေးဇူးတော်ချီးမွမ်းခြင်း
(၁သက်၅း၁၆-၁၈အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။မခြားမလပ်ဆုတောင်းပတ္ထနာပြုကြလော့။အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။အကြောင်းမူကား၊ သင်တို့သည်ထိုသို့ကျင့်စေခြင်းငှာ၊ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။)
ဘုရားသခင်ဟာသင့်ကိုအမြဲဝမ်းနည်းနေစေချင်တဲ့ဘုရားမဟုတ်ပါဘူး၊အမြဲဝမ်းမြောက်နေစေချင်တဲ့ဘုရားပါ၊ဝမ်းမြောက်အောင်လဲသူသင့်ကိုပြုပြင်ပေးနိုင်ပါတယ်။အမြဲဆုတောင်းပြီးအမြဲကျေးဇူးတော်ချီးမွမ်းကြည့်ပါ၊ဝမ်းမြောက်ခြင်းတွေရောက်ရှိလာပါလိမ့်မယ်။အာမင်။
နိဂုံး
ဘုရားသခင်ရဲ့အလိုတော်(၄)မျိုး
၁။ယေရှုခရစ်တော်ကိုလက်ခံယုံကြည်ခြင်း
၂။အပြစ်ကိုရှောင်ပြီးသန့်ရှင်းစွာအသက်ရှင်ခြင်း
၃။ကောင်းမှုပြုခြင်း(ကောင်းသောအကျင့်ကျင့်ခြင်း)
၄။ဝမ်းမြောက်/ဆုတောင်း/ကျေးဇူးတော်ချီးမွမ်းခြင်း
ဖြစ်ပါတယ်။ဖတ်ရှုသူအားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ၊အာမင်။