သမ္မာကျမ်းစာမှသင်းအုပ်အရည်အချင်း(၂၀)
နိဒါန်း
သင်းအုပ်တစ်ယောက်ဟာသမ္မာကျမ်းစာအရအောက်ပါအချက်တွေရှိနေရပါမယ်။မိမိမှာဒီအချက်တွေမရှိနေသေးဘူးဆိုရင်တောင်စိတ်ပျက်ဝမ်းနည်းဖို့မဟုတ်ဘဲ၊လိုက်နာဖို့ဆုံးဖြတ်ပြီးစတင်ခံယူကျင့်သုံးဖို့လိုပါတယ်။
၁။အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူဖြစ်ရမည်။
(၁တိမောသေ 3:2 ထိုကြောင့်၊ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ…ဖြစ်ရမည်။)
အပြစ်တင်ခွင့်နှင့်ကင်းလွတ်တယ်ဆိုတာအရင်ကအပြစ်လုံးဝမပြုထားသူကိုမဆိုလိုပါ၊လက်ရှိပြုနေတဲ့အပြစ်တင်စရာအချက်အလက်တွေကိုဆိုလိုပါတယ်။ဥပမာဒီဆရာကမိန်းမနှစ်ယောက်ယူထားတယ်ဆိုတာမျိုး၊ဒီဆရာကဆေးလိပ်ကွမ်းယာအရက်သောက်စားတယ်နော်ဆိုတာမျိုးကိုဆိုလိုပါတယ်။အကယ်၍အရင်ကအပြစ်တင်စရာရှိခဲ့ ပေမဲ့အခုနောင်တရပြောင်းလဲထားသူဆိုရင်ပြောစရာမရှိပါ။
၂။မိန်းမတစ်ယောက်ထဲရှိသောသူဖြစ်ရမည်။
(၁တိမောသေ 3:2 သင်းအုပ်သည်…မယားတစ်ယောက်တည်းရှိသောသူ ဖြစ်ရမည်။)
အိမ်ထောင်ပြုခဲ့ရင်တောင်တစ်လင်တစ်မယားစနစ်နဲ့နေထိုင်သူကိုဆိုလိုပါတယ်။သတိထားရမှာကမိန်းမတစ်ယောက်ထဲရှိသောသူဆိုတာသင်းအုပ်ကအမျိုးသားဘဲဖြစ်ရမယ်ဆိုတဲ့ဖိုဝါဒကိုညွန်းနေတာမဟုတ်သလိုအိမ် ထောင်ရှိသူမှသင်းအုပ်လုပ်ရမယ်လို့မဟုတ်ရပါ။ပုံသက်သေကောင်းကိုဖော်ပြနေခြင်းသာဖြစ်ပါတယ်။မဟုတ်ရင်ကျမ်းစာထဲက”ညီအကိုတို့”ဆိုတိုင်းညီအမတွေမပါဘူးလို့သက်ရောက်နေပါလိမ့်မယ်။ပြီးတော့လူပျိုကြီးရှင်ပေါလုကိုလဲသတိရပါ။
၃။သမ္မာသတိရှိသောသူဖြစ်ရမည်။
(၁တိမောသေ 3:2 သင်းအုပ်သည်…သမ္မာသတိရှိသောသူဖြစ်ရမည်။)
သမ္မာဆိုတာမှန်ကန်သောနူတ်ကပတ်တော်ကိုဆိုလိုပြီး၊သတိဆိုတာနိုးနိုးကြားကြားရှိနေခြင်းကိုဆိုလိုပါတယ်။သမ္မာသတိဆိုတာဘုရားစကားနဲ့အမြဲနိုးနိုးကြားကြားနေထိုင်တတ်သူကိုဆိုလိုပါတယ်။
၄။ဣန္ဒြေစောင့်သောသူဖြစ်ရမည်။
(၁တိမောသေ 3:2 သင်းအုပ်သည်…ဣန္ဒြေစောင့်သောသူ…ဖြစ်ရမည်။)
ဣန္ဒြေဆိုတာတာ ကိုယ်၊နူတ်၊နှလုံး ကိုစောင့်စည်းတာဖြစ်ပါတယ်။သင်းအုပ်တစ်ယောက်ရဲ့ကိုယ်အမူအရာ၊အပြောအဆို၊စဉ်းစားတွေးခေါ်ခြင်းမှာအပြစ်မပါအောင်၊ပြောစရာမဖြစ်အောင်ချုပ်တည်းခြင်းဖြစ်ပါတယ်။
၅။လျောက်ပတ်စွာကျင့်သောသူဖြစ်ရမည်။
(၁တိမောသေ 3:2 သင်းအုပ်သည်…လျောက်ပတ်စွာကျင့်သောသူ…ဖြစ်ရမည်။)
လျောက်ပတ်တယ်ဆိုတာသင့် လျော်ညီညွတ်ခြင်းကို ပြောတာဖြစ်တယ်။သင်းအုပ်တစ်ယောက်ဟာ၊နူတ်ကပတ်တော်နဲ့အညီ၊လူမူ့အသိုင်းဝိုင်းနဲ့အညီကျင့်ကြံနေထိုင်တတ်တာကိုပြောတာပါ။
၆။ဧည့်သည်ဝတ်ပြုတတ်သောသူဖြစ်ရမည်။
(၁တိမောသေ 3:2 သင်းအုပ်သည်…ဧည့်သည်ဝတ်ကို ပြုတတ်သောသူ…ဖြစ်ရမည်။)
လူစိမ်းတိုင်းကိုအကုန်ယုံကြည်ဧည့်ခံရမယ်လို့မဆိုလိုပါဘူး၊ဘုရားပေးတဲ့ညာဏ်ပညာနဲ့လူတွေကိုကူညီဧည့်ခံတတ်ရမယ်လို့ဖော်ပြတာဖြစ်ပါတယ်။
၇။ဆုံးမသြဝါဒပေးတတ်သောသူဖြစ်ရပါမယ်။
(၁တိမောသေ 3:2 သင်းအုပ်သည်…ဆုံးမဩဝါဒပေးတတ်သောသူဖြစ်ရမည်။)
ဆုံးမတယ်ဆိုတာအပြစ်ပေးတာကိုပြောတာမဟုတ်ပါဘူး၊သမ္မာကျမ်းစာကိုသွန်သင်ပေးခြင်းကိုအဓိကဆိုလိုပါတယ်။သမ္မာကျမ်းစာရဲ့သြဝါဒနဲ့အသင်းသားတွေကိုဆုံးမသွန်သင်လမ်းပြပေးတတ်ခြင်းဖြစ်ပါတယ်။တရားဟောခြင်းကိုပြောတာပါ၊သင်းအုပ်ဆရာကတရားဟောတတ်ဖို့အင်မတန်အရေးကြီးပါတယ်။
၈။သေရည်သေရက်ရှောင်သောသူဖြစ်ရမည်။
(၁တိမောသေ 3:3 သင်းအုပ်သည်…စပျစ်ရည်နှင့်ပျော်မွေ့ခြင်း…မရှိသူ။)
အရက်သောက်တာအပြစ်လို့တိတိကျကျကျမ်းစာထဲမပါပေမဲ့၊မူးလာရင်အပြစ်ဖြစ်ပါတယ်။ဒါကြောင့်သင်းအုပ်တွေဟာသေရည်သေရက်မှာပျော်မွေ့တာမျိုးကိုလုံးဝရှောင်ရှားပြီး၊အသင်းသားတွေကိုပါသေရည်သေရက်မမူးမိဖို့ဆုံးမတတ်ရပါမယ်။
၉။ငြင်းခုန်ရန်ဖြစ်ခြင်းကိုရှောင်သောသူဖြစ်ရမည်။
(၁တိမောသေ 3:3သင်းအုပ်သည်…သူတစ်ပါးကိုရိုက်ပုတ်ခြင်း မရှိသူ။…စိတ်ဖြည်းညင်းသောသူ၊ရန်မတွေ့တတ်သောသူ….ဖြစ်ရမည်။)
(၂ တိမောသေ 2:24-25သခင်ဘုရား၏ ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသော သူတို့အား ဖြည်းညင်းစွာ ပြုသောသူ၊ ဆုံးမ ဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူ ဖြစ်ရမည်။ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။)
ဟိုအသင်းသားကိုပြဿနာရှာ၊ဒီအသင်းသားကိုရန်တွေ့၊ဘာသာခြားကိုပြဿနာလိုက်ရှာစသဖြင့်လုပ်တာမျိုးကိုရှောင်တတ်သူဖြစ်ရပါမယ်။သူများနဲနဲလေးပြောမိတာကိုသီးမခံနိုင်ဘဲစိတ်တိုပြီးပလ္လင်ပေါ်ကနေကျမ်းချက်နဲ့ပြန်ဆဲဆိုအနိုင်ယူတာမျိုးကိုလည်းအထူးရှောင်ရှားရပါမယ်။
၁၀။ငွေကိုတပ်မက်ခြင်းမရှိသူဖြစ်ရမည်။
(၁တိမောသေ 3:3သင်းအုပ်သည်…မစင်ကြယ်သောစီးပွားကို တပ်မက်ခြင်းမရှိသူ။…ငွေကို မတပ်မက်သောသူဖြစ်ရမည်။)
သင်းအုပ်တစ်ယောက်ဟာဖြစ်နိုင်ရင်စီးပွားရေးတောင်မလုပ်သင့်တာပါ။ထောက်ပံ့မှုလုံလောက်နေရင်သာသနာကိုဘဲဦးစားပေးအချိန်ကုန်သင့်ပါတယ်။ငွေကြေးတပ်မက်နေရင်တော့သင်းအုပ်မလုပ်ဘဲငွေထွက်ရှာသင့်ပါတယ်။
၁၁။မိသားစုကိုဦးဆောင်ကွပ်ကဲထားနိုင်သူဖြစ်ရမည်။
(၁တိမောသေ 3:4 -5 မိမိအိမ်ကို ကောင်းမွန်စွာ အုပ်စိုး၍ သမ္မာသမာဓိရှိသည်နှင့်၊ မိမိသားသမီးကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။မိမိအိမ်ကို မအုပ်စိုးတတ်လျှင်၊ ဘုရားသခင်၏ အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း။)
မိသားစုကိုမဦးစီးနိုင်ဘဲအသင်းတော်ကိုလာဦးစီးနေရင်အဆင်မပြေပါ၊မိန်းမကိုမသွန်သင်နိုင်တာမျိုး၊သားသမီးကိုမဆုံးမနိုင်တာမျိုး၊အလိုလိုက်ထားတာမျိုးဆိုရင်သင်းအုပ်လုပ်ဖို့မသင့်တော်ပါ။
၁၂။သမ္မာတရား၌ရင့်ကျတ်သောသူဖြစ်ရမည်။
(၁တိမောသေ 3:6 မာနနှင့်ယစ်မူးလျက်၊ မာရ်နတ်၏ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၍၊ ဘာသာဝင်လူသစ်မဖြစ်ရ။)
ဘာသာဝင်လူသစ်ဆိုတာအခုမှယုံကြည်လာသူကိုသင်းအုပ်ခန့်အပ်လို့မရကြောင်းဖော်ပြနေတာပါ။အနည်းဆုံးကျမ်းစာကျောင်း3-4နှစ်တတ်ပြီးရင့်ကျတ်လာသူကိုသာလုပ်ဖို့ဖော်ပြခြင်းဖြစ်ပါတယ်။တချိန်တုန်းကတပည့်တော်တွေတောင်ယေရှုခရစ်ရဲ့သင်တန်းပေးမှုကို၃နှစ်ကျော်တက်ခဲ့ရတာသတိရပါ။ဒါကြောင့်ကျမ်းစာကျောင်းပြီးမှသင်းအုပ်လုပ်ရမယ်လို့ကျမ်းစာကပုံသေမ ဖော်ပြပေမဲ့၊ကျမ်းစာကျောင်းမတက်ထားရင်သင်းအုပ်လုပ်ဖို့လုံးဝကိုအဆင်မပြေတာပါ။
၁၃။ပုံသက်သေရှိသောသူဖြစ်ရပါမည်။
(၁တိမောသေ 3:7ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ်ဖမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ပြင်ပလူတို့တွင် အသရေရှိ သောသူ ဖြစ်ရမည်။)
မယုံကြည်သူတွေကြားထဲမှာတောင်ချီးမွမ်းခံရတဲ့သူမျိုးကိုဆိုလိုပါတယ်။မိမိရဲ့အပြောအဆိုအပြုအမူအားဖြင့်သူတပါးကိုအလင်းဖြစ်စေသူ၊တည်ဆောက်စရာဖြစ်စေသူကိုဆိုလိုပါတယ်။
၁၄။ငွေကြောင့်မဟုတ်ဘဲစေတနာစိတ်နဲ့လုပ်သူဖြစ်ရမည်။
(၁ပေ၅:၂ သင်တို့နှင့်အတူရှိသော ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။)
ငွေကိုကြည့်ရင်ဆက်လုပ်ချင်စိတ်ရှိမှာမဟုတ်ပါဘူး၊ဒါကြောင့်ငွေကိုကြည့်ပြီးလုပ်ဖို့စိတ်ကူးထားရင်သင်းအုပ်မလုပ်သင့်တာပါ၊ငွေမက်တာမဟုတ်ဘဲစေတနာစိတ်နဲ့လုပ်ဆောင်နိုင်မှသာအဆင်ပြေပါမယ်။
၁၅။အာဏာလိုချင်တဲ့သူမဖြစ်ရပါ။
(၁ပေ၅:၃ အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသောသူ ဖြစ်ကြလော့။)
အသင်းတော်ရဲ့သင်းအုပ်ဆိုတာအာဏာရာထူးမဟုတ်ပါဘူး၊အစေခံဖြစ်ပါတယ်။သိုးတွေကိုထိန်ကျောင်းတယ်ဆိုတာသိုးတွေကိုအစိုးတရပြုခြင်းမဟုတ်ဘဲကာကွယ်ထိန်းသိန်းစောင့်ရှောက်ပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်အာဏာလိုချင်ရင်သင်းအုပ်မလုပ်သင့်ပါ။
၁၆။ခရစ်တော်ကိုချစ်သောသူဖြစ်ရမည်။
(ရှင်ယောဟန် 21:16 တစ်ဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးတို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။)
သင်းအုပ်တစ်ယောက်ဟာခရစ်တော်ကိုချစ်မှခရစ်တော်ရဲ့အသင်းတော်ကိုချစ်နိုင်မှာပါ၊ခရစ်တော်ကိုချစ်မှသူ့ခန္ဓာကိုယ်ကိုစောင့်ရှောက်နိုင်မှာပါ။ခရစ်တော်ကိုချစ်မှသူ့သိုးတွေကိုစိတ်ရှည်သီးခံပေးနိုင်မှာပါ။
၁၇။ကိုယ်ကျိုးစွန့်ဝန်ထမ်းဖြစ်ရမည်။
(၁ကောရိန္သု 10:32-33 လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှာ၊ ငါသည် ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကို ရှာ၍၊ခပ်သိမ်းသောလူတို့၏ အလိုသို့ အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့သည်လည်း ယုဒလူ၊ ဟေလသလူ၊ ဘုရားသခင်၏ အသင်းတော်ဝင်သူတို့၌ ထိမိ၍လဲစရာအကြောင်းကို မပြုဘဲ…ခရစ်တော်နည်းတူကျင့်ပါ။)
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အမှုတော်ဆောင်ဆောင်းပုဒ်က”ကိုယ်ကျိုးစွန့်ဝန်ထမ်း”ပါ။နှစ်ခြင်းတွေဘဲမဟုတ်၊အမှုတော်ဆောင်တိုင်းကိုယ့်အကျိုးအတွက်မဟုတ်ဘဲသူ့အကျိုးအတွက်အသက်ရှင်နေတယ်ဆိုတာမိမိကိုယ်ကိုယ်အမြဲသတိပေးရပါမယ်။ဒါမှခက်ခဲကြမ်းတမ်းမှုတွေကိုခံနိုင်ပါလိမ့်မယ်။
၁၈။အဆင့်အတန်းခွဲခြားဆက်ဆံသူမဖြစ်ရပါ။
(ရှင်ယာကုပ် 2:1-4 ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်။ရွှေလက်စွပ်နှင့် တင့်တယ်သော အဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကိုဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားဇရပ်ထဲသို့ ဝင်သောအခါ၊တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်၍၊ ကောင်းမွန်သော ဤအရပ်မှာထိုင်ပါ ဟူ၍လည်းကောင်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေလော့၊ သို့မဟုတ် ဤအရပ်မှာ ငါ့ခြေတင်ခုံအောက်၌ ထိုင်လော့ဟူ၍လည်းကောင်း၊ သင်တို့သည် ပြောဆိုလျှင်၊တစ်ဖက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ်လော။)
ဆင်းရဲသားကိုတမျိုး၊ချမ်းသာသူဆိုတမျိုးဆက်ဆံနေတတ်တဲ့သင်းအုပ်တွေအများကြီးရှိနေပါတယ်။ဒါကြောင့်ဒီကျမ်းချက်ကိုအမြဲသတိရဆင်ခြင်သင့်ပါပေတယ်။
၁၉။ဧဝံဂေလိလုပ်သောသူဖြစ်ရပါမည်။
(ရှင်မဿဲ 28:19-20 သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။)
ဧဝံဂေလိမလုပ်တဲ့သင်းအုပ်ဆရာဟာအသင်းတော်ကိုမတိုးတက်စေချင်တဲ့သူလို့ပြောရပါမယ်၊နဂိုလူ၅၀ရှိရင်နောက်နှစ်ပေါင်းတစ်ရာလဲအဲဒီလူဟောင်းတွေဘဲဖြစ်နေမှာပါ။သေသူနဲ့မလာသူအိမ်ပြောင်းသူပေါင်းရင်ဒီအသင်းတော်ပါကွယ်ပျောက်သွားပါလိမ့်မယ်။ဒါကြောင့်ဧဝံဂေလိလုပ်ဖို့အင်မတန်အရေးကြီးပါတယ်။နောက်တခုကဧဝံဂေလိဆရာတွေလဲ-ဧဝံဂေလိလုပ်ပြီးလူတွေယုံကြည်လာပြီဆိုရင်ဒီလိုပစ်ထားလို့မရပါဘူး၊ဒီလိုပြစ်ထားရင်ကလေးမွေးပြီးလမ်းဘေးပစ်ထားတာနဲ့တူပါတယ်၊သေသွားပါလိမ့်မယ်၊ပြုစုပျိုးထောင်ဖို့မမေ့ပါနဲ့။
၂၀။သာဓုသစ္စာရှိသောသူဖြစ်ရမည်။
(ရှင်မဿဲ 25:21 အရှင်ကလည်၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကို ဝင်စားလော့ဟု မိန့်တော်မူ၏။)
သာဓုဆိုတာကောင်းလေစွလို့အဓိပ္ပာယ်သက်ရောက်ပါတယ်။သစ္စာရှိတယ်ဆိုတာဘုရားပေးအပ်ထားတဲ့သင်းအုပ်တာဝန်ကိုကျေကျေပြွန်ပြွန်ထမ်းဆောင်ခြင်းပါဘဲ။ဘုရားအပေါ်၊အသင်းတော်အပေါ်သစ္စာမရှိဘဲကိုယ်ကျိုးကြောင့်သစ္စာဖောက်လွယ်သူတွေသင်းအုပ်မလုပ်သင့်ပါ။
နိဂုံး
ဒီအချက်တွေကိုဖတ်ပြီး၊တချို့ကဒီလို(ခြောက်ပြစ်ကင်း သဲလဲစင်)ပြည့်စုံတဲ့သင်းအုပ်ဆရာရှိရင်ပြပါလားလို့မေးကောင်းမေးနိုင်ပါတယ်။ဟုတ်ပါတယ်ဒီလို၁၀၀%ပြည့်စုံတဲ့သူမရှိပါဘူး။မရှိသေးလို့လိုက်နာနေရတာပါ။ပြည့်စုံနေရင်လိုက်နာစရာကိုးမလိုတော့ပါဘူး။ကျွန်တော်တို့တွေမပြည့်စုံတာမို့ဘုရားစကားနူတ်ကပတ်တော်အားဖြင့်အမြဲတည်ဆောက်ခံယူနေကြရတာပါ။ဒီအချက်တွေဖတ်ပြီးသင်းအုပ်တွေအတွက်လိုက်နာခံယူစရာစံချိန်တခုဖြစ်ပါစေ၊ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။