• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အလှူပေးသူနဲ့လက်ခံသူသတိ(၅)ချက်

ဆရာရဲမင်း

11 月 20, 2024

အလှူပေးသူနဲ့လက်ခံသူသတိ(၅)ချက်

၁။အလှူငွေမပေးမရဟုမခံယူပါနှင့်။
ပေးလှူခြင်းဆိုတာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုပြန်လည်ကျေးဇူးတင်တဲ့အနေနဲ့မိမိဖက်ကနေ
ကျေကျေနပ်နပ်၊လွတ်လွတ်လပ်လပ်နဲ့ပေးလှူရတာဖြစ်ပါတယ်။မလှူရင်မရဘူးဆိုတဲ့ခံယူချက်နဲ့အတင်းအဓမ္မပေးလှူတာမျိုးကိုဘုရားမနှစ်သက်ပါ။အလားတူ၊အမှုတော်ဆောင်အသင်းတော်လူကြီးတွေအနေနဲ့လည်းမည်သူတစ်ဦးတယောက်ကိုမှအလှူငွေမပေးရင်မရဆိုပြီးဖိအားပေးတာမျိုးမလုပ်ပါနဲ့။အလှူငွေပေးချင်လာအောင်ဟောလို့ရတယ်ဆိုပေမဲ့အတင်းအဓမ္မအလှူခံတာမျိုးကိုတော့ဘုရားမနှစ်သက်ပါ။
(‭‭၂ ကောရိန္သု‬ ‭9:7‬ ‭လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။)

၂။အလှူရှင်အကြိုက်လုပ်ရမယ်မခံယူပါနှင့်။
ပေးလှူခြင်းဟာအစေခံခြင်းအခွင့်အရေးတခုပါ။ပေးလှူသူကငါလှူထားတာမို့ဒီလိုလုပ်ပေးလို့ရမလားဆိုပြီးတောင်းဆိုလို့ရပေမဲ့၊ဒီလိုလုပ်ကိုလုပ်ပေးရမယ်လို့အတင်းလုပ်ခိုင်းလို့မရပါ။ငါ့အကြိုက်နေပေး၊ငါ့အကြိုက်ဟောပေး၊ငါ့အကြိုက်လုပ်၊ဒါမှငါပေးလှူမယ်ဆိုတာမျိုးကမိမိရဲ့ငွေအားဖြင့်အသင်းတော်နဲ့အမှုတော်ဆောင်ကိုချုပ်ကိုင်နေခြင်းပါဘဲ၊ဒါမျိုးကိုဘုရားမနှစ်သက်ပါ။အလားတူအမှုတော်ဆောင်နဲ့အသင်းတော်တွေလည်းဘဲ၊ငါ့ကိုပုံမှန်ပေးလှူနေတာမို့ဆိုပြီးအလှူရှင်အကြိုက်အသက်မရှင်မိပါစေနဲ့၊အလှူရှင်အပြစ်လုပ်‌နေပေမဲ့မဆုံးမရဲဘဲ‌ချော်လဲရောထိုင်မပြုမိပါစေနဲ့။ဘုရားအလိုတော်အတိုင်းသာအသက်ရှင်ပါ။
(‭‭တမန်တော်‬ ‭4:19‬ ‭ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို​နား​ထောင်​သည်​ထက်လူတို့၏​စ​ကား​ကို သာ၍​နား​ထောင်​သော်၊ ဘု​ရား​သ​ခင့်​ရှေ့​မှာ ကောင်း​မည်​မ​ကောင်း​မည်​ကို ဆင်​ခြင်၍ စီ​ရင်​ကြ​လော့။)

၃။အလှူရှင်နာမည်ပေါ်လွင်မှရမယ်လို့မခံယူပါနှင့်။
ပေးလှူတယ်ဆိုတာနာမည်ကြီးဖို့မဟုတ်ပါဘူး၊ကောင်းချီးရဖို့နဲ့ကောင်းချီးရထားလို့ပါ။လူရှေ့ပေါ်လွင်လွန်းရင်ဘုရား‌ရှေ့ကွယ်သွားနိုင်ပါတယ်။ဒါကြောင့်အလှူရှင်တွေအနေနဲ့ပေးလှူခြင်းကိုမဝါကြွားမိပါစေနဲ့၊အထူးသဖြင့်ဦးဘယ်သူဒေါ်ဘယ်သူပေးလှူပါသည်ဆိုတဲ့ကမ္ဗည်းရေးထိုးတာမျိုးကလူရှေ့ပေါ်လွန်စေတာမို့ယုံကြည်သူတွေရှောင်သင့်ပါတယ်(ရေးထိုးခဲ့ရင်အပြစ်ရှိတယ်လို့မဆိုလိုပါ)။အလားတူအမှုတော်ဆောင်နဲ့အသင်းတော်တွေကလည်းအလှူရှင်တွေကိုဆုတောင်းကောင်းချီးပေးလို့ရ ပေမဲ့၊အလှူရှင်ကိုချီးမြောက်လွန်လွန်းတာမျိုးရှောင်ရပါမယ်။
(‭‭ရှင်မဿဲ‬ ‭6:3‬-4သင်​သည် အ​လှူ​ဒါ​န​ကို​ပေး​သော​အ​ခါ ပေး​ကြောင်း​ကို မ​ထင်​ရှား​စေ​ခြင်း​ငှာ၊ လက်​ယာ​လက် ပြု​သည်​အ​မှု​ကို လက်​ဝဲ​လက်​မျှ မ​သိ​စေ​နှင့်။‭‭မ​ထင်​ရှား​(မဝါကြွား)သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို​ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။)

၄။အလှူရှင်ကိုအမြဲကျေး‌ဇူးတင်နေရမယ်လို့မခံယူပါနှင့်။
ပေးလှူလိုက်တယ်ဆိုတာသနားလို့လိုက်ကူညီနေတာမဟုတ်ပါဘူး(အထူးသတိပြုပါ)။ ဘုရားကသင့်ကိုသနားခဲ့လို့‌ ကောင်းချီးပေးလို့သင်ကကျေးဇူးတင်ပေးလှူနေရတာပါ၊အမှုတော်မြတ်မှာရှယ်ရာပါဝင်နေတာလည်းဟုတ်ပါတယ်။ဒါကြောင့်ငါပေးလှူခဲ့တာမို့ငါ့ကျေးဇူးကိုအမြဲမှတ်မိရမယ်လို့မခံယူပါနဲ့။ပေးလှူရတဲ့အခွင့်ရလို့ကိုကသင်ဘုရားရဲ့ကျေးဇူတော်ချီးမွမ်းပါ။အလားတူ-အသင်းတော်နဲ့အမှုတော်ဆောင်တွေလည်းအလှူရှင်ကို၊တခြားမပေးလှူနိုင်တဲ့သူနဲ့ခွဲခြားဆက်ဆံတာမျိုး၊အလှူရှင်ကိုအထူးအခွင့်ခံVIPလိုသတ်မှတ်တာမျိုးမလုပ်သင့်ပါ။ခရစ်တော်၌တန်းတူပါဘဲ၊မတူတာကပေးလှူခွင့်ရခဲ့သူနဲ့အခွင့်ရပေမဲ့မပေးလှူသူသာကွာတာပါ။အလှူရှင်ကျေးဇူးထက်ဘုရားရဲ့ကျေးဇူးတော်အားဖြင့်ဖြစ်ကြောင်းမှတ်သားပါ။
(ရာဇဝင်ချုပ်ပထမစောင် ၂၉:၁၄ခပ်​သိမ်း​သော​အ​ရာ​တို့​သည်တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။အ​ကျွန်ုပ်​တို့​သည်ကိုယ်​တော်၏​ဥ​စ္စာ​ထဲ​ကသာကိုယ်တော်​အားပူ​ဇော်​ပါ၏။)

၅။ကောင်းချီးမြော်မှန်းပြီးပေးလှူမှပြန်ရမယ်မခံယူပါနှင့်။
ပေးလှူရင်ကောင်းချီးရမယ်ဆိုတာဘုရားကတိတော်ပါ။ဒါပေမဲ့လူ့အနေနဲ့ကောင်းချီးလိုချင်တဲ့စိတ်နဲ့ပေးလှူတာမျိုးကိုဘုရားမနှစ်သက်ပါဘူး။ချဲထီထိုးသလိုလို၊လောင်းကစားပမာ၊ထိုးရင်ပေါက်မယ်ဆိုတဲ့အတွေးမျိုးနဲ့ပေးလှူတာမျိုး၊ဘုရားသခင်ဆီပေးလှူရင်ကောင်းချီးရမယ်ဆိုတဲ့အပေးအယူစိတ်ထားမျိုးဟာဘုရားမနှစ်သက်ပါဘူး။ကျေးဇူးတင်တဲ့စိတ်၊ပေးလှူချင်တဲ့စေတနာစိတ်နဲ့သာပေးလှူပါ။ဒီလိုစိတ်ထားကိုသာဘုရားအသိအမှတ်ပြုပါမယ်။
(‭‭ဆာလံ၅၀:၂၃ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို​ပူ​ဇော်​သော​သူ​သည် ငါ၏​ဘုန်း​ကို ထင်​ရှား​စေ​သော​သူ​ဖြစ်၏။ မိ​မိ​သွား​သော​လမ်း​ကို ဆင်​ခြင်​သော​သူ​အား​လည်း၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​ပြ​မည်​ဟု ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။)