• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သမ္မာကျမ်းစာမှသင်းထောက်အရည်အချင်း(၁၂)ချက်

ဆရာရဲမင်း

11 月 20, 2024

သမ္မာကျမ်းစာမှသင်းထောက်အရည်အချင်း(၁၂)ချက်

သင်းထောက်ဆိုတဲ့ဂရိမူရင်းစကားလုံးအဓိပ္ပာယ်က”အစေခံသူ-ကူညီသူ”လို့သက်ရောက်ပါတယ်။အသင်းတော်တစ်ခုမှာအစေခံသင်းအုပ်ကလွဲလို့၊သင်းထောက်တွေကိုရွေးချယ်တင်မြောက်တဲ့အခါကျမ်းစာအရဒီအချက်(၁၂)ချက်နဲ့စစ်ဆေးရမယ်လို့ဖော်ပြထားပါတယ်။

၁။တည်ကြည်သောသူဖြစ်ရမည်(‭၁တိ ၃:၈)။
တည်ကြည်တယ်ဆိုတာရိုးရိုးသားသား၊မှန်မှန်ကန်ကန်နဲ့သစ္စာရှိရှိလုပ်တတ်တာကိုပြောတာပါ။မူရင်းအဓိပ္ပာယ်ကတော့အများလေးစားခံရသူလို့သက်ရောက်ပါတယ်။

၂။လျှာနှစ်ခွမဖြစ်ရပါ(‭၁တိ ၃:၈)။
ဟိုမှာတမျိူးပြောဒီမှာတမျိုးပြော၊လူရှေ့မှာတမျိုးကွယ်ရာမှာတမျိုး‌ ပြောတတ်တာမျိုးပါ။အဲလိုလူကိုသင်းထောက်မခန့်သင့်ပါ။

၃။အရက်သေစာသောက်ကျူးသူမဖြစ်ရပါ(‭၁တိ ၃:၈)။
အရက်သေစာနှစ်သက်သူ၊တခြားမူးယစ်ဆေးတခုခုအရင့်စွဲနေတဲ့လူမျိုးသင်းထောက်မခန့်သင့်ပါ။

‌၄။မစင်ကြယ်သောစီးပွားလုပ်သူမဖြစ်ရပါ(‭၁တိ ၃:၈)။
လိမ်စားညာစားအလုပ်၊မူးယစ်ရောင်းဝယ်ဖောက်ကားအလုပ်၊ဘုရားမကြိုက်တဲ့စီးပွားရှာနေတဲ့သူမျိုးကိုသင်းထောက်မခန့်သင့်ပါ။

‌၅။အသိစိတ်ကြည်လင်နေရမည်(‭၁တိ ၃:၈-၉)။
မိမိကိုယ်ကိုယ်သိသောစိတ်ကြည်လင်တယ်ဆိုတာအတွင်းစိတ်မှာဘယ်သူ့ကိုမှမပြစ်မှားဘူး၊လိပ်ပြာလုံတယ်၊ဩသပ္ပစိတ်ကြည်လင်တာကိုပြောတာပါ။

၆။ဧဝံ‌ဂေလိကိုအား‌ပေးလုပ်ကိုင်သူဖြစ်ရမည်(‭၁တိ ၃:၈-၉)။
ယုံကြည်ခြင်း၏နက်နဲသောအရာကိုစွဲလမ်းသောသူဆိုတဲ့အထဲက-နက်နဲ့သောအရာရဲ့ဆိုလိုရင်းကတပါးအမျိုးသားတွေကယ်တင်ခြင်းရခြင်းကို‌ဆိုလိုပါတယ်(ဧဖက်၃:၆)။တနည်းအားဖြင့်သင်းထောက်တစ်ယောက်ဟာဧဝံဂေလိပိုင်းစိတ်အားထက်သန်နေရပါမယ်။

၇။အပြစ်တင်ခွင့်ကင်းလွတ်သူဖြစ်ရပါမည်(‭၁တိ၃:၁၀)။
ကိုယ်ကျင့်တရားကောင်းမွန်ပြီး၊ပတ်ဝန်းကျင်မှာနာမည်ကောင်းရှိထားသူကိုဆိုလိုပါတယ်။လူ့ဝန်းကျင်မှာနာမည်ပျက်တစ်ယောက်ကိုသင်းထောက်မခန့်သင့်ပေ။တမန်တော်ဝတ္ထု၆:၃မှာသင်းထောက်၇ဦးကိုရွေးကောက်တဲ့အခါမှာလဲဒီတစ်ချက်ပြောခဲ့ပါတယ်။

၈။မယားတစ်ယောက်တည်းရှိသူဖြစ်ရမည်(‭၁တိ၃:၁၂)။
အမျိုးသားဖြစ်ပြီးအိမ်ထောင်ရှင်ဖြစ်ပါကမိန်းမတစ်ယောက်ထဲရှိသူကိုဆိုလိုပါတယ်။အိမ်ထောင်ရေးအရှုပ်ရှိသူ၊ကျားမကိစ္စရှုပ်တတ်သူကိုသင်းထောက်မခန့်သင့်ပေ။

၉။သင်းထောက်မယားလည်းသစ္စာရှိရမည်(‭၁တိ၃:၁၁)။
မယားရှိပါက-သင်းထောက်လုပ်မည့်သူ၏မယားသည်ကုန်းချောသူမဟုတ်ဘဲ၊သမ္မာတရား၌သစ္စာရှိသူဖြစ်ရမည်

၁၀။မိသားစုကိုကောင်းမွန်စွာအုပ်ချုပ်နိုင်သူဖြစ်ရမည်(‭၁တိ၃:၁၂)။
အိမ်ထောင်ဖက်နဲ့သားသမီးတွေကိုသမ္မာတရားနဲ့မသွန်သင်နိုင်ဘဲအသင်းတော်မှာသင်း‌ထောက်မလုပ်သင့်ပါ၊မိသားစုကိုမနိုင်မနင်းသေးဘဲသင်းထောက်မခန့်သင့်ပါ။

၁၁။ဝိညာဉ်တော်နှင့်ပြည့်ဝသောသူဖြစ်ရမည်(တမန်၆:၃)
တမန်တော်ဝတ္ထုမှာသင်းထောက်၇ဦးကိုရွှေးချယ်တဲ့အခါပထမဦးဆုံးစစ်ဆေးတဲ့အချက်ကဝိညာဉ်တော်ပြည့်ဝနေခြင်းပါဘဲ။ဝိညာဉ်တော်ပြည့်ဝတယ်ဆိုတာကယ်တင်ခြင်းရရှိထားပြီးနူတ်ကပတ်တော်အတိုင်းအသက်ရှင်သူကိုဆိုလိုပါတယ်။

၁၂။ညာဏ်ပညာပြည့်စုံသောသူ(တမန်၆:၃)
တမန်တော်ဝတ္ထုမှာသင်းထောက်၇ဦးကိုရွှေးချယ်တဲ့အခါဒုတိယစစ်ဆေးတဲ့အချက်ကညာဏ်ပညာရှိခြင်းဖြစ်ပါတယ်။ပညာရှိမှအသင်းတော်ကိုကူညီအစေခံနိုင်မှာမို့ပါ။

အထက်ပါအရာများကိုသေချာစစ်ဆေးပြီးမှသာသင်းထောက်ခန့်ရပါမည်ဟုကျမ်းစာကသတိ‌ပေးထားပါသည်။(‭၁တိ၃:၁၀ MSBU‬ သူ​တို့​သည် စစ်ဆေး​ခြင်း​ကို​ဦးစွာ​ခံ​ပြီးမှ အပြစ်တင်​စရာ​မ​ရှိ​ပါက သင်းထောက်​အမှု​ကို​ဆောင်ရွက်​ကြ​စေ။)