ခရစ်ယာန်စာပေအခန်းကဏ္ဍနဲ့အရေးကြီးပုံ
နိဒါန်း
နှုတ်တစ်ရာစာတစ်လုံး တဲ့။ဆိုလိုတာက စာအဖြစ်ရေးသားခြင်းဟာ နူတ်နဲ့ဟောပြောခြင်းထက်ပိုထိရောက်ခိုင်လုံတယ်လို့ဆိုလိုတာပါ။ဒါကြောင့်လဲစာပေဟာခရစ်ယာန်ယုံကြည်မှုရဲ့အင်မတန်အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ခဲ့သလို၊လက်ရှိမှာပါဝင်နေဆဲဖြစ်ပြီး၊နောက်နောင်မှာလဲပါဝင်နေမြဲဖြစ်နေမှာပါ။ဒီခရစ်ယာန်စာပေအခန်းကဏ္ဍနဲ့အရေးကြီးပုံအကြောင်းကိုအချက်(၅)ချက်နဲ့တင်ပြဝေငှပါမယ်။
၁။စာပေနဲ့အလုပ်လုပ်တဲ့သုံးပါးတဆူဘုရား
ကျနော်တို့ကိုးကွယ်တဲ့သုံးပါးတဆူဘုရားသခင်ဟာစာပေအားဖြင့်အလုပ်လုပ်တဲ့ဘုရားသခင်ဖြစ် ကြောင်းအနည်းငယ်ချပြပါမယ်။
(၁)ခမည်းတော်-မောရှေကိုပညတ်တော်ဆယ်ပါးပေးတဲ့အခါမှာကျောက်ပြားပေါ်မှာစာပေအားဖြင့်မှတ်သားခဲ့ခိုင်းတာဖြစ်ပါတယ်(ထွက်၃၂:၁၅)။
(၂)သားတော်-သခင်ယေရှုခရစ်တော်ကလည်းရှင်ယောဟန်ကိုပက်မှုကျွန်းမှာဗျာဒိတ်ပေးပြီး၊တွေ့မြင်ရတဲ့အရာများကိုစာပေအဖြစ်မှတ်သားစေခဲ့ပါတယ်(ဗျာ၁:၁၉)။
(၃)ဝိညာဉ်တော်-သန့်ရှင်းသောဝိညာဉ်တော်ဘုရားသခင်ကလည်းခေတ်အဆက်ဆက်ကဘုရားလူတွေကိုဖွင့်ပြပေးပြီးတော့ကျမ်းစာကိုရေးသားစေခဲ့ပါတယ်(၂တိ၃:၁၆)။
ဒါကိုကြည့်ခြင်းအားဖြင့်စာပေဟာကျွန်တော်တို့နဲ့ဘုရားကြားဘယ်လောက်အရေးပါကြောင်းနားလည်ရပါမယ်။
၂။ကယ်တင်ခြင်းရဲ့ပြန့်ပွားမှုဆိုင်ရာစာပေအစွမ်း
ခရစ်ယာန်ယုံကြည်မှုရဲ့အဓိကစံချိန်ဟာသမ္မာကျမ်းစာ တော်မြတ်ပါ။ဒီသမ္မာကျမ်းစာအုပ်ဟာစာအုပ်(၆၆)အုပ်ပေါင်းပြီးချုပ်ထားတာဖြစ်ပါတယ်။တနည်းအားဖြင့်ဒါဟာစာပေပါဘဲ။ခရစ်ယာန်ယုံကြည်မှုရဲ့အဓိကအကြောင်းအရာပြန့်ပွားခြင်းဟာစာပေကစပါတယ်လို့ ပြောရင်မှားမယ်မထင်ပါ။ပြီးမှစာဖတ်သူတွေနားလည်ပြီးဟောပြောဝေငှရင်းကယ်တင်ခြင်းရလာကြတာပါ။ကယ်တင်ခြင်းရပြီးအသက်တာမှာဘယ်လိုအသက်ရှင်ရမလဲဆိုတာလဲဒီစာပေတွေနဲ့ဘဲသိလာပြီးလက်ဆင့်ကမ်းလာကြတာဖြစ်ပါတယ်။ယနေ့တိုင်စာ ပေဟာ စာကျမ်းစာအုပ်အားဖြင့်၊ဝေစာအားဖြင့်အခြားစာအုပ်အားဖြင့်သာသနာရဲ့အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတာလက်တွေ့ပါဘဲ။
၃။ပြုပြင်ပြောင်းလဲရေးကာလကစာပေအစွမ်း
တမန်တော်ခေတ်ကအသင်းတော်တွေမှာဂျေရုစလင်ကောင်စီတခုသာရှိခဲ့ပေမဲ့၊ယနေ့မှာတော့အသင်းတော်ဂိုဏ်းဂဏပေါင်းရေတွက်လို့မရနိုင် အောင်ရှိနေပါပြီ။
ဘာလို့ဂိုဏ်းဂဏတွေအများကြီးကွဲနေရတာလဲဆိုတော့
(၁)လူများလာလို့ခွဲဖို့လိုလာလို့ပါ။
(၂)ကျမ်းစာကိုခံယူမှုလွဲလာလို့ပါ။
(၃)အကျင့်ပျက်ချစားမှုကြောင့်ပါ။
ခရစ်ယာန်ဂိုဏ်းဂဏအားလုံးခြုံပြီးပြောရင်ခရစ်ယာန်ဘာသာမှာဂိုဏ်းကြီးသုံးဂိုဏ်းအဖြစ်သာ တွေ့ရမှာပါ။အရှေ့ပိုင်းအော်တိုဒေါ့၊ရိုမန်ကာသိုလစ်နဲ့ပရိုတက်စတင့်ပါ။
ဒီသမိုင်းတွေကိုအများကြီးမပြောတော့ပါဘူး၊အဓိကပြောချင်တာကပရိုတက်စတင့်တွေရဲ့ပေါက်ဖွားလာခြင်းဟာ မာတင်လုသာရဲ့(ခရစ်နှစ်1517က)ဝီတိန်ပါချက်ကျောင်းရှေ့မှာကပ်ခဲ့တဲ့(95ချက်စွဲချက်)ကအစပြုခဲ့တယ်ဆိုတာပါ။တနည်းအားဖြင့်တချိန်ကသာသနာမှာချစားခဲ့တဲ့အရာကိုတော်လှန်ဆန့်ကျင်ခဲ့သူကမာတင်လုသာဆိုပေမဲ့၊အဓိက တော့မာတင်လုသာဟာစာပေအစွမ်းနဲ့ထိရောက်အောင်မြင်ခဲ့တာငြင်းမရပါ။ဒါကဘာကို ဖော်ပြချင်လဲဆိုတော့စာပေကိုအစွမ်းထက်တဲ့လက်နက်ပမာအသုံးပြုခဲ့တာကိုမြင်စေချင်တာပါ။
၄။ခေတ်အဆက်ဆက်မှယနေ့ထိစာပေအစွမ်း
စာပေကြောင့်
(၁)ဘုရားစကားကိုနှစ်ထောင်ချီထိလက်ဆင့်ကမ်းနိုင်။
(၂)ဘုရားကဘယ်ကာလမှာဘယ်လိုအလုပ်လုပ်ကြောင်းစာပေမှတ်သားခြင်းအားဖြင့်ယနေ့သိခွင့်ရ။
(၃)သာသနာနှင့်အသင်းတော်သမိုင်းမှတ်သားထားလို့သိခဲ့ကြရတယ်။
(၄)အင်တာနက်မရောက်တဲ့တောတောင်တွေလိုနေရာအတွက်အမြင်ပွင့်နိုင်ခဲ့တယ်။
(၅)ယနေ့ထိစာပေဟာသာသနာမှာအရေးအပါဆုံးနေရာမှာရပ်တည်နေပါတယ်-လိုင်းပေါ်မှစာရေးခြင်း-စာအုပ်ထုတ်ဝေခြင်း-မဂ္ဂဇင်းနှင့်စာစောင်-ဝေစာများ…စသဖြင့်ပါ။
၅။စာပေကိုမှန်ကန်ထိရောက်စွာအသုံးပြုခြင်း
(၁)။စာပေသမားများကိုအားပေးပါ၊ကူညီပါ၊ချီးမွမ်းပါ၊နေရာပေးပါ။
(၂)။လက်တွေ့ပါဝင်ကြည့်ရန်(လိုင်းပေါ်/စာအုပ်စာစောင်၊ဝေစာ)မတတ်ဘူးလို့မခံယူပါနဲ့ဘုရားရွေးကောက်ရင်မတတ်သူကိုလည်းဘုရားအသုံးပြုပါတယ်(၁ကော၁:၂၇။)
(၃)။စာပေသမားများကျင့်ဝတ်ရှိရန်(ပုံသက်သေ၊ကော်ပီခိုးသုံးခြင်း၊ဆေးလိပ်၊အရက်၊ကွမ်းယာ…စသဖြင့်)။
(၄)။စာပေကိုပြဿနာမီးမွေးဖို့မဟုတ်ဘဲ၊သာသနာအတွက်သာအသုံးပြုရန်။
(၅)။ကိုယ်ကျိုးသာမကြည့်ဘဲ၊သာသနာအမှုတော်မြတ်အတွက်ဆိုတဲ့စိတ်ထားရှိရန်။
နိဂုံး
ကောလောသဲဩဝါဒစာ 1:28 ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။ (စံမီ)
ညာဏ်ပညာအမျိုးမျိုးထဲမှာစာပေဟာအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုပါပဲ။
စာပေထဲမှာခရစ်ယာန်စာပေရဲ့အဓိကဦးတည်ချက်ဟာ၂ချက်ဘဲရှိပါတယ်။ဒါကိုမမေ့ထားသင့်ပါ။
(၁)လူတွေကိုကယ်တင်ခြင်းရစေဖို့
(၂)ကယ်တင်ခြင်းရသူကိုဘုရားအလိုတော်တိုင်းအသက်ရှင်တတ်စေဖို့ပါ။
ခရစ်ယာန်စာပေလူတိုင်းပါဝင်နိုင်ပါစေ၊
ခရစ်ယာန်စာပေဖြင့်ဘုရားဘုန်းထင်ရှားပါစေ။
အာမင်။