• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

တနင်္ဂနွေ‌နေ့မှာစည်းဝေးရခြင်းကျမ်းစာအခြေခံ(၅)ချက်

ဆရာရဲမင်း

11 月 20, 2024

တနင်္ဂနွေ‌နေ့မှာစည်းဝေးရခြင်းကျမ်းစာအခြေခံ(၅)ချက်

သမ္မာကျမ်းစာအရဥပုသ်နေ့ဟာစနေ(တစ်ပတ်ရဲ့ခုနှစ်ရက်မြောက်နေ့)သတ္တမနေ့ပါ။ဒါပေမဲ့ဓမ္မသစ်ယုံကြည်သူတွေဟာယေရှုခရစ်အားဖြင့်စနေဥပုသ်ကိုအထူးလိုက်စောင့်နေဖို့မလိုတော့ပါဘူး။တနင်္ဂနွေ(တစ်ပတ်ရဲ့ပထမနေ့)မှာစုဝေးကြပါတယ်။ဒါဆိုဘာလို့တနင်္ဂနွေနေ့မှာစုဝေးဝတ်ပြုရတာလဲဆိုတာကျမ်းစာအရအနည်းငယ်ရှင်းပြပါမယ်။

၁။ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခဲ့သောနေ့မို့ပါ။
ရှင်မာကု၁၆:၉အရတနင်္ဂနွေနေ့မှာစည်းဝေးဝတ်ပြုကြတာဟာယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုအမှတ်ရဖို့ပါဘဲ။ရှင်ပြန်ထမြောက်ခြင်းဟာဧဝံဂေလိရဲ့ဗဟိုမို့ပါ၊ထမြောက်ခြင်းမရှိရင်ယနေ့ကျွန်တော်တို့ယုံကြည်နေတာဟာအချည်းနှီးသာဖြစ်တယ်(၁ကော၁၅:၄)။ဒါကြောင့်ခရစ္စမတ်တောင်တနှစ်တစ်ကြိမ်သာပြုလုပ်ပေမဲ့ထမြောက်ရာနေ့ကိုတော့အပတ်စဉ်တနင်္ဂနွေနေ့မှာစည်းဝေးနေရကြတာပါ။

၂။ယေရှုခရစ်တော်ကိုယ်ထင်ပြတဲ့နေ့မို့ပါ။
ခရစ်တော်ထမြောက်ပြီးကိုယ်ထင်ပြခဲ့တာ၁၁ကြိမ်ပါ။ဒီထဲ၆ကြိမ်ကတနင်္ဂ‌နွေနေ့တွေမှာဘဲယေရှုဘုရားကိုယ်ထင်ပြခဲ့တာဖြစ်ပါတယ်။
(၁)မာကု၁၆:၉မှာမာဂဒလမာရိကိုကိုယ်ထင်ပြခဲ့။
(၂)မဿဲ၂၈:၇ မှာ အခြားအမျိုးသမီးများကိုပြခဲ့။
(၃)လုကာ၂၄:၁၃-၃၅မှာဧမောက်ကိုသွားတဲ့တပည့်၂ဦးကိုကိုယ်ထင်ပြ။
(၄)လုကာ၂၄:၃၄မှာပေတရုကိုလည်းကိုယ်ထင်ပြခဲ့။
(၅)ယော၁၀:၁၉မှာတပည့်တော်၁၀ဦးကိုကိုယ်ထင်ပြခဲ့။
(၆)ယောဟန်၂၀:၂၆မှာ ၈ရက်ခြားတတင်္ဂနွေနေ့မှာမယုံသေးတဲ့သောမကိုကိုယ်ထင်ပြခဲ့။
တင်ပြသွားတဲ့နေ့တွေဟာတနင်္ဂနွေနေ့တွေမှာဘဲဖြစ်ပျက်ခဲ့တာပါ။

၃။ဝိညာဉ်တော်ဆင်းသက်ပြီးပြောင်းလဲစေတဲ့နေ့မို့ပါ။
ဝတ်ပြုရာ၂၃:၁၁-၁၆အရပင်တ္တေကုတ္တေနေ့ဟာဥပုသ်‌နေ့လွန်ပြီးတဲ့‌‌တပတ်ခုနှစ်ရက်ရဲ့ပထမ‌နေ့(တနင်္ဂနွေနေ့)မှာဖြစ်ပါတယ်။ဓမ္မသစ်တမန်၂:၁-၄အရအဲဒီနေ့မှာဘဲသန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာပြီးတမန်တော်တွေအမျိုးမျိုးသောဘာသာစကားဆု‌ကျေးဇူးရခဲ့ပါတယ်။ပြီးနောက်တမန်တော်တွေတရားဟောလို့လူပေါင်းထောင်ချီနဲ့ပြောင်းလဲခဲ့ပါတယ်။အဲတာတွေတတင်္ဂနွေနေ့မှာဘဲဖြစ်ပျက်ခဲ့တာပါ။

၄။ခရစ်ယာန်အသင်းတော်ရဲ့မွေးနေ့မို့ပါ။
တမန်တော်၂:၄၂ကိုဖတ်ရင်ပင်တ္တေကုတ္တေနေ့မှာလူတွေပြောင်းလဲလာတဲ့အခါ၊အသင်းတော်ဆိုတဲ့အရာပေါ်ပေါက်လာခဲ့တာတွေ့ရမှာတယ်။အသင်းတော်ဆိုတာယုံကြည်သူတွေစုဝေးနေခြင်းကိုဆိုလိုပါတယ်။အဲဒီအသင်းတော်ပေါ်ပေါက်လာတဲ့နေ့ဟာတနင်္ဂနွေနေ့(တပတ်ခုနှစ်ရက်ရဲ့ပထမ‌နေ့)ပါဘဲ။

၅။ကနဦးကတမန်တော်တွေစည်းဝေးခဲ့တဲ့နေ့မို့ပါ။
(၁)တမန်၂၀:၇အရ-တနင်္ဂနွေနေ့မှာပေါလုနဲ့ယုံကြည်သူတွေစည်းဝေးပြီးမုန့်ဖဲ့ပွဲတော်ဝင်ကြတယ်။
(၂)ယောဟန်၂၀:၁၉အရ-တပည့်တော်တွေတနင်္ဂနွေနေ့မှာစည်းဝေးနေကြတယ်။
(၃)ယောဟန်၂၀:၂၆အရ-တပည့်တော်တွေတနင်္ဂနွေနေ့မှာဘဲဆက်ပြီးစည်းဝေးနေကြပြန်တယ်။
(၄)၁ကော၁၆:၂အရ-ရှင်ပေါလုကတနင်္ဂနွေနေ့မှာစည်းဝေးပြီးပေးလှူဖို့ယုံကြည်သူတွေကိုကြိုတင်မှာကြားခဲ့တယ်။ဒီကျမ်းချက်ကမူရင်းကျမ်းနဲ့တခြားဘာသာပြန်ကျမ်းမှာပိုရှင်းလင်းတယ်“တနင်္ဂ‌နွေတိုင်း”လို့ ရေးထားတယ်။ဆိုလိုချင်တာကကြုံကြိုက်လို့စုဝေးစေတာမဟုတ်ဘဲအပတ်စဉ်တနင်္ဂ နွေနေ့တိုင်းစုဝေးနေကြတာဖြစ်တယ်။
ဒီကျမ်းချက်တွေကိုသေချာလေ့လာရင်တမန်တော်တွေဟာဥပုသ်နေ့(စနေ)မှာစည်းဝေးကြတာမဟုတ်ဘဲတနင်္ဂနွေနေ့(တပတ်ခုနှစ်ရက်ရဲ့ပထမ‌နေ့)မှာစည်းဝေးခဲ့ကြကြောင်းရှင်းလင်းလှပါပေတယ်။

သတိထားရမှာက
ရှင်ပြန်ထမြောက်ရာနေ့(တနင်္ဂနွေ)ဟာဥပုသ်နေ့မဟုတ်ဘူးဆိုတာပါဘဲ။သမ္မာကျမ်းစာဘယ်နေရာမှာမှတနင်္ဂနွေဟာဥပုသ်နေ့ဖြစ်တယ်လို့မဖော်ပြပါ။ဒါကြောင့်တနင်္ဂနွေနေ့မှာဓမ္မ‌ဟောင်းရဲ့စ‌နေဥပုသ်ပညတ်ချက်တွေနဲ့မရောနောမသွန်သင်သင့်ပါ။ယုံကြည်သူ‌‌တွေဟာဓမ္မဟောင်းဥပုသ်နေ့စောင့်သလိုတနင်္ဂနေ့ကိုလာစောင့်နေရတာမဟုတ်ပါဘူး။ဥပုသ်နေ့သည်လည်းတနင်္ဂနွေသို့ပြောင်းလဲခြင်းမရှိခဲ့ပါ။ဥပုသ်ရဲ့ငြိမ်ဝပ်ချမ်းသာခြင်းသာတနင်္ဂ‌နွေမှာ(ထမြောက်ခြင်းကြောင့်)ပြည့်စုံရတာဖြစ်တယ်။ အဲဒီနေ့ဟာယေရှုခရစ်တော်၌သာပြည့်စုံသွားခဲ့ရတာမို့အ‌သေပြန်စောင့်စရာမလို‌တော့တာပါ။တနင်္ဂနွေနေ့မှာနားတာလဲပညတ်ချက်ကြောင့်မဟုတ်ရပါ၊ဘုရားသခင်ရဲ့ကယ်တင်ခြင်းကိုအောက်မေ့ဖို့တန်ဖိုးထားလို့နားတာဖြစ်တယ်။
တနင်္ဂနွေနေ့သည်ရှင်ပြန်ထမြောက်ရာနေ့ဖြစ်တယ်၊
သခင်ဘုရားနေ့(‌ဗျာ၁:၁၀)လို့လည်းသုံးနူန်းလို့ရပါတယ်။တနင်္ဂနွေနေ့မှာဝတ်ပြုနေရခြင်းသည်
၁။ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခဲ့သောနေ့မို့အမှတ်ရပြီးစည်းဝေးဝတ်ပြုနေရတာပါ။
၂။ယေရှုခရစ်တော်ကိုယ်ထင်ပြတဲ့နေ့မို့အလေးထားရတာပါ။
၃။ဝိညာဉ်တော်ဆင်းသက်ပြီးလူကိုပြောင်းလဲစေတဲ့နေ့မို့ အောက်မေ့နေရတာပါ။
၄။ခရစ်ယာန်အသင်းတော်ရဲ့မွေးနေ့မို့အသိအမှတ်ပြုရတာပါ။
၅။ကနဦးကတမန်တော်တွေစည်းဝေးခဲ့တဲ့နေ့မို့ယနေ့ထိတိုင်ယုံကြည်သူခရစ်ယာန်တွေလဲစည်းဝေးဝတ်ပြုနေကြရတာပါ။
ဝိညာဉ်တော်အလင်းပေးပါစေ။
အာမင်။