• 周四. 4 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကနဦးတမန်တော်တွေပုံမှန်စည်းဝေးခဲ့တဲ့တနင်္ဂနွေနေ့

ဆရာရဲမင်း

11 月 20, 2024

ကနဦးတမန်တော်တွေပုံမှန်စည်းဝေးခဲ့တဲ့တနင်္ဂနွေနေ့

နိဒါန်း
ရှေ့ကပို့စ် “တနင်္ဂနွေမှာဝတ်ပြုခြင်းကျမ်းစာအခြေခံ(၅)ချက်”ကိုရေးတင်လိုက်တဲ့အခါတချို့စနေအသင်းသားတွေအတွက်အတော်တုန်လှုပ်သွားကြဟန်တူပါတယ်။အမျိုးမျိုးဝေဖန်ထောက်ပြဆဲဆိုလာကြတာကြုံရပါတယ်။ဆဲဆိုတာတွေငြင်းခုန်တာတွေတော့ထားပါ။သူတို့နဲ့ငြင်းခုန်ဖို့အဓိကမဟုတ်ဘဲ၊ဒွိဟဖြစ်နေတဲ့ယုံကြည်သူတွေရှင်းလင်းအောင်ရေးတာဖြစ်တယ်။အခုလဲတမန်တော်တွေပထမနေ့မှာစည်းဝေးခဲ့တဲ့အကြောင်းကိုထပ်ပြီးအကျယ်ချဲ့ရေးပါမယ်။

၁။ပေါလုနဲ့ယုံကြည်သူတွေစုဝေးပြီးပွဲတော်ယူကြတာစနေနေ့တဲ့လား?
(တမန်တော်၂၀:၇ ခုနစ်ရက်တွင်ပထမနေ့ရက်၌မုန့်ကိုဖဲ့ခြင်းငှာ စည်းဝေးကြသောအခါ၊ပေါလုသည်နက်ဖြန်နေ့၌ ထွက်သွားမည်ဖြစ်၍၊သန်းခေါင်တိုင်အောင်ဟောပြောလျက်နေလေ၏။)
စနေအသင်းဆရာ/မကြီးတချို့ကအထက်ပါ(တမန်၂၀:၇)ကိုစနေနေ့(သတ္တမနေ့)ပါလို့ ပြောပြီးတနင်္ဂနွေဝတ်ပြုတာမှားကြောင်း‌ပြောပါတယ်။
အချက်(၄)ချက်နဲ့ထပ်ရှင်းပြပါမယ်။
(၁)။ကျမ်းစာရေးသူကိုယ်တိုင်ကတပတ်ခုနှစ်ရက်ရဲ့ပထမနေ့(တနင်္ဂနွေနေ့)လို့အတိအကျရေးထားပါတယ်။အကယ်၍နေမဝင်ခင်စနေဥပုသ်နေ့မှာရှင်‌ပေါလုတို့ကစု ဝေးဝတ်ပြုတာပါလို့ခံယူရင်၊ကျမ်းစာရေးသူကပထမနေ့လို့ရေးမှာမဟုတ်ဘဲဥပုသ်နေ့(ခုနှစ်ရက်တွင်သတ္တမနေ့၌)လို့ရေးရမှာပါ။ဒါပေမဲ့ကျမ်းစာကပထမနေ့လို့အတိအကျရေးထားပါတယ်။ကျမ်းစာရေးသူကစနေဥပုသ်ကို ပထမနေ့ရက်လို့ရေးမှားစရာအကြောင်း(လုံးဝ)မရှိပါ။(စနေအသင်းကပြောလိုက်ရင်ကျမ်းစာကိုဘဲပြပါမရှင်းပြနဲ့-ခုကျမ်းစာပြလိုက်‌တော့မထမ‌နေ့မဟုတ်ပါဘူးဆိုပြီး‌ ဖြေရှင်းချက်အရှည်ကြီးထုတ်ကြပြန်)။ကျမ်းစာကပထမနေ့မို့ပထမနေ့လို့ရေးတာဖြစ်ပါတယ်။ဘယ်ဘာသာပြန်ကျမ်းကြည့်ကြည့်ရက်သတ္တပတ်၏ပထမနေ့ရက်လို့သာဖော်ပြထားတယ်။
(၂)။တမန်၂၀:၇ရဲ့အောက်တခွန်းမှာနက်ဖြန်နေ့(မူရင်းအရနောက်တစ်နေ့)လို့ရေးထားပါတယ်။အကယ်၍စနေညမှာစည်းဝေးတယ်လို့အနက်ပြန်မယ်ဆိုရင် နောက်တစ်နေ့ခရီး(ထွက်မယ်လို့သုံးမရတော့ပါ။ဘာလို့လဲဆို‌တော့ကျမ်းစာအရနေဝင်ချိန်ဟာနောက်တနေ့ရဲ့အစပြုမို့ပါ။တနင်္ဂနွေနေ့စည်းဝေးပြီးနောက်တစ်နေ့(တနင်္လာ)ကိုသာဆိုလိုလို့ရတာဖြစ်ပါတယ်။အကယ်၍စနေနေ့လယ်မှာစည်းဝေးပြီးညနေဝင်တာပါပြောရင်ကျမ်းစာရေးသူကသတ္တမနေ့လို့ရေးပါလိမ့်မယ်။ခုကရှင်းနေတာပါဘဲပထမ နေ့၌တဲ့။
(၃)။ကျမ်းစာအရတစ်ရက်ရဲ့အစဟာညနေခင်းနေဝင်ချိန်အစပြုပြီးနောက်တစ်နေ့နေဝင်ချိန်ဆုံးပါတယ်။ဒါပေမဲ့တမန်တော်ဝတ္ထုကိုရေးတဲ့သူဟာအဲဒီခေတ်ကာလရောမလူမျိုးတွေသုံးတဲ့အချိန်တွက်နည်း(မနက်နဲ့ညတစ်ရက်)ကိုအသုံးပြုခဲ့တယ်လို့ကျမ်းပညာရှင်တွေကဖော်ပြပါတယ်။ဘာလို့လဲဆို‌တော့စာရေးသူရှင်လုကာဟာတပါးအမျိုးသားဖြစ်သလို၊သူရေးတဲ့ခေတ်ကာလ နောက်ကြောင်းခံဟာလည်း‌တပါးအမျိုးသားကြားထဲမှာမို့ နေဝင်ချိန်ကိုတစ်ရက်ရဲ့အစပြုလို့မရေးဘဲမိုးလင်းတာကိုမှနောက်တစ်ရက်ရဲ့အစပြုတဲ့ပုံစံ(တမန်၂၀:၁၁)နဲ့ရေးထားလို့ဖြစ်ပါတယ်။ဒါကြောင့်ရိုးရိုးလေးနဲ့ရှင်းရှင်းလေးပါဘဲ-ခုနှစ်ရက်တွင်ပထမနေ့ရက်၌-တနင်္ဂနွေနေ့မှာပါ။
(၄)။နောက်ဆုံးကုန်ကုန်ပြောရရင်
စနေအသင်းကဆရာတွေပြောသလိုစနေည-နေဝင်တာကိုပထမနေ့အစပြုတဲ့ကျမ်းစာနေ့ရက်တွက်ပုံနဲ့အနက်ပြန်မယ်ထားပါအုံး၊နေမဝင်ခင်ရဲ့စနေဥပုသ်မဟုတ်တာတော့(၁၀၀%)သေချာပါတယ်။ဘာလို့လဲဆိုတော့ စနေည-နေဝင်တာနဲ့တနင်္ဂနွေဝင်ပြီမို့ပါ။ ဆိုတော့ကာ စနေအသင်းတို့ထင်နေတဲ့အတိုင်းအနက်ပြန်ရင်တောင်တနင်္ဂနွေဝင်ပြီမို့တနင်္ဂနွေမှာဝတ်ပြုတာ(၁၀၀%)ငြင်းမရပါ။ဒါတောင်သူတို့ရှုထောင့်ကနေမြင်ပေးတာနော်။

၂။တမန်တော်တွေတနင်္ဂနွေနေ့မှာစည်းဝေးတာမဟုတ်ဘူးတဲ့လား?
(ရှင်ယောဟန်၂၀:၁၉ ခုနစ်ရက်တွင်ပထမနေ့ရက်ဖြစ်သောထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍တံခါးများကိုပိတ်ထားလျက်၊တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊သင်တို့၌ငြိမ်သက်ခြင်းရှိစေတည်းဟုမိန့်တော်မူ၏။)
စနေအသင်းဆရာကြီးတချို့ကအထက်ပါ(ယော၂၀:၁၉)ကိုတနင်္ဂနွေနေ့ပါလို့လက်ခံကြပေမဲ့စည်းဝေးနေကြတာမဟုတ်ဘူး၊ကြောက်လို့ပုန်းနေကြတာလို့ငြင်းကြပြန်ပါတယ်။
ကြောက်နေကြတာမှန်ပေမဲ့ပုံမှန်ပထမနေ့မှာစည်းဝေးကြကြောင်းကျမ်းစာထဲမှာ”စည်းဝေးရာအရပ်”လို့တိတိကျကျရေးထားပေးပါတယ်။ပိုပြီးသေချာစေတာကနောက်ထပ်ရှစ်ရက်မြောက်(တနင်္ဂနွေ)မှာလည်းအလားတူတဖန်စည်းဝေးနေကြလို့ပါ။‌
(ယော၂၀:၂၆ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တစ်ဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်းရှိစေသတည်းဟုမိန့်တော်မူ၏။)
ရှစ်ရက်မြောက်ဆိုတာဂျူးလူမျိုးတွေရဲ့ရက်တွက်ချက်ပုံအရရှေ့နောက်၂ရက်ကိုလဲထည့်တွက်တာမို့ရှစ်ရက်မြောက်နေ့ဟာပထမနေ့ကိုဆိုလိုတာပါ(ဥပမာမဿဲ၁၂:၄၀က၃ရက်၃ည)။”တဖန်အထဲမှာရှိကြ၍”-လို့ရေးထားတာကြည့်ပါ။တဖန်ဆိုတာနောက်တပတ်တနင်္ဂနွေမှာဘဲပြန်တဖန်စည်းဝေးနေကြတာလို့ဆိုတာပါ။မဟုတ်ရင်တပတ်ကျော်ပြီးဘာလို့အခြားနေ့ဥပုသ်နေ့မှာမစုဝေးကြတာလဲစဉ်းစားပါ။ဒါဆိုဒီကျမ်းချက်ထဲမှာစည်းဝေးရမဲ့အကြောင်းပါလားမပါလားသိလာရမယ်။

၃။ရှင်ပေါလုမှာကြားတဲ့တနင်္ဂနွေနေ့ကပုံမှန်စည်းဝေးခြင်းမဟုတ်ဘူးတဲ့လား?
(၁ကော၁၆:၂ငါရောက်လာသောအခါလှူဒါန်း၍စုထားစရာ မရှိစေခြင်းငှာ၊ခုနစ်ရက်တွင်ပထမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း၊မိမိတို့ဥစ္စာတစ်ဖို့ကိုထုတ်၍စုထားကြလော့။)
ဒါကိုစနေအသင်းတွေကပုံမှန်စည်းဝေးဝတ်ပြုဖို့မဟုတ်-အရေးကြီး‌ခဏတဖြုတ်သာစည်းဝေးတာဖြစ်တယ်လို့‌ဆိုပြန်တယ်။တကယ်ဘဲဒီအဓိပ္ပာယ်လား?မဟုတ်ရပါ-
ဒီကျမ်းချက်ကမူရင်းကျမ်းနဲ့တခြားဘာသာပြန်ကျမ်းမှာပိုရှင်းလင်းပါတယ်“ပထမနေ့တိုင်း”လို့ ရေးထားပါတယ်။
ဥပမာ-၁ကော၁၆:၂မြန်မာ့စံမီဗားရှင်းကိုကြည့်ပါ
“ငါလာသောအခါမှ အလှူကောက်ခံခြင်းမရှိစေရန် ရက်သတ္တပတ်၏ပထမနေ့တိုင်းတွင်” (သတိထားဖတ်ပါ-ပထမနေ့တိုင်းတွင်)တဲ့။
ဆိုလိုချင်တာကကြုံကြိုက်လို့စုဝေးစေတာမဟုတ်ဘဲအပတ်စဉ်တနင်္ဂနွေနေ့တိုင်းစုဝေးနေကြတာဖြစ်တယ်။
(ထပ်ပြောပါမယ်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းစည်းဝေးကြတာဖြစ်တယ်။)
ဒါဆိုရင်တမန်တော်တွေခေတ်ကာလကတည်းကပထမနေ့ဖြစ်တဲ့တနင်္ဂနွေနေ့မှာဘဲသတ်မှတ်ပြီးဝတ်ပြုစည်းဝေးကြတယ်ဆိုတာရှင်းလင်းလာပါလိမ့်မယ်။

ဒီစာရေးလိုက်လို့လဲဟိုဖက်အဖွဲ့တွေကတော့ပြန်ငြင်းခုန်ဆဲဆိုလာကြမှာ‌အသေချာပါဘဲ။အဓိကသူတို့နဲ့ပြိုင်ငြင်းဖို့ပြိုင်ဆဲဖို့ရေးတာမဟုတ်ရပါဘူး။စနေအသင်းကိုကျနော်မုန်းလည်းမမုန်းပါဘူး(ဆဲဆိုလာရင်ဘလော့ပါတယ်)။ဒါပေမဲ့စနေအသင်းခေါင်းဆောင်တွေအသင်းဝင်တွေကကျနော်တို့တနင်္ဂနွေနေ့မှာဝတ်ပြုနေသူတွေဟာစာတန်သားသမီးဖြစ်တယ်တို့၊သားရဲနောက်လိုက်ပါတို့၊ဥပုသ်မစောင့်ရင်ငရဲကျမယ်တို့၊ဝက်သားစားရင်ကယ်တင်ခြင်းမရဘူးတို့ဆိုပြီးလာလာစွပ်စွဲနေကြလို့သာမန်ယုံကြည်သူတွေဒွိဟမဖြစ်သွားအောင်ကာကွယ်ရှင်းပြခြင်းသာဖြစ်ပါတယ်။တနင်္ဂနွေမှာဝတ်ပြုနေတဲ့အသင်းတော်ကအမှုတော်ဆောင်တွေအတွက်လဲကိုယ်တိုင်နားလည်ပြီးအသင်းသားကိုပြန်ရှင်းပြနိုင်အောင်သေချာချရေးလိုက်တာပါ။
ထပ်ပြောပါမယ်ငြင်းခုန်ဖို့မဟုတ်ပါနားလည်စေဖို့ပါ။
နောက်လဲလိုအပ်သလိုရှင်းပြသွားပါမယ်။
ဝိညာဉ်တော်အလင်းပေးပါစေ၊
အာမင်။